လှိုင်သာယာမြို့နယ်မှာ လူ့အခွင့်အရေးနှင့် LGBT အခွင့်အရေးဆိုင်ရာ သင်တန်းပြုလုပ်ခဲ့

လှိုင်သာယာမြို့နယ်က LBGT တွေကို လူနေမှုပတ်ဝန်းကျင် အသိုင်းအဝန်းကြားမှာ သဟဇာတဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ လူ့အခွင့်အရေးနှင့် LGBT အခွင့်အရေးဆိုင်ရာ (၃)ရက်ကြာ သင်တန်းပြုလုပ်ခဲ့ပါတယ်။

Colors Rainbow အဖွဲ့အစည်းက ကမကထပြုလုပ်ခဲ့တဲ့ ဒီသင်တန်းကို လှိုင်သာယာမြို့နယ်မှာရှိတဲ့ မြတ်မြင့်မိုရ် မင်္ဂလာခန်းမမှာ သြဂုတ်လ (၈)ရက်ကနေ (၁၀)ရက်အထိ သင်ကြားပို့ချပေးခဲ့တာပါ။

“ဒီသင်တန်းက LGBT နဲ့ SOGIE သဘောတရားအကြောင်းကို ရှင်းလင်းစွာ နားလည်လာစေဖို့၊ SOGIE အပေါ် အခြေခံတဲ့ ခွဲခြားဆက်ဆံမှုတွေ၊ သတ်မှတ်ချက်တွေ လျော့ပါးလာစေဖို့၊ အကြမ်းဖက်မှုတွေ၊ ဥပဒေနဲ့ဆက်နွယ်လာမှုတွေကို သိမြင်လာစေဖို့ အဓိက ရည်ရွယ်ပါတယ်။ ဆက်လက်ပြီး LGBT အခွင့်အရေးအတွက် လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ချိတ်ဆက်ပါဝင်မှု အားကောင်းလာစေဖို့လည်း ရည်ရွယ်ပါတယ် ” လို့ သင်တန်းမှာ ဦးဆောင်ဆွေးနွေးခဲ့သူ Colors Rainbow အဖွဲ့အစည်းမှ မယုမြတ်မွန်က ပြောပါတယ်။

ဒီသင်တန်းကို LGBT တွေသာမက Non-LGBT အပါအဝင် သင်တန်းသား၊ သင်တန်းသူ (၂၇)ဦး တက်ရောက်ခဲ့ကြပါတယ်။

“အခုလို သင်တန်းတက်လိုက်တာ ကျွန်တော်အတွက် အရမ်းအကျိုးရှိသွားတယ်။ အရင်က ရပ်ကွက်ထဲမှာ ကျွန်တော်က အရမ်းဆိုးတာ၊ မိသားစုကလည်း ပယ်ထုတ်ချင်နေတာ။ အခု ကိုယ်နေထိုင်တတ်ရင် လူတွေရဲ့အမြင်မှာ လိုလားမှုတွေ ဖြစ်လာမယ်ဆိုတာ သိလာပြီ။ အခုဆို စနောက်ချင်စိတ် မရှိတော့ဘူး။ ရပ်ကွက်ထဲမှာကော LGBT အချင်းချင်းကော ပြောတတ်၊ နေတတ်နေပြီ ”လို့ သင်တန်းတက်ရောက်ခဲ့တဲ့ Transgender အမျိုးသား ညီညီအောင်က ပြောပါတယ်။

ဒီသင်တန်းကနေ LGBT တွေအနေနဲ့ လူမှုပတ်ဝန်းကျင်မှာ ဘယ်လိုပြုမှုနေထိုင်သင့်ပုံတွေသာမက မိမိရဲ့လိင်စိတ်ခံယူမှုအပေါ် နားလည်မှုတွေ ရရှိလာတယ်လို့လည်း သင်တန်းသားတွေက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.