ကဆုန်လပြည့် ဗုဒ္ဓနေ့ ကဆုန်ညောင်ရေသွန်းပွဲတော်မှာ မြန်မာနိုင်ငံအနှံ့အပြားက LGBT တွေဟာလည်း စုပေါင်းပါဝင်ပြီး ကုသိုလ်ယူခဲ့ကြ
၂၀၁၈ ခုနှစ်၊ ဧပြီလ (၂၉) ရက်မှာ ကျရောက်ခဲ့တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကဆုန်ညောင်ရေသွန်းပွဲတော်မှာ မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ LGBT မိသားစုတွေကလည်း ဘုရားဖူးလာ မိဘပြည်သူတွေကို အအေးဖျော်ရည် လှူဒါန်းတာတွေကို ပြုလုပ်ပြီး ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့ကြပါတယ်။
“ကုသိုလ်တော်မှာ LGBT မိသားစုတွေ စုပေါင်းပြီး ကုသိုလ်လုပ်တာ တစ်ခု၊ ဗောဓိပင်ရေလောင်းပြီး ကုသိုလ် လာယူတဲ့သူတွေကို ဖေကြည်ဆိုင်ကနေ စောင့်ပြီး အအေးကုသိုလ်ပြုတာတစ်ခု လုပ်ခဲ့တယ်လို့ မန္တလေးမြို့ အခြေစိုက် Lesbian အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Bright Pride Myanmar Lesbian အဖွဲ့မှ မစုစုလှိုင်က ပြောပါတယ်။
မန္တလေးမြို့မှာတော့ LGBT အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CAN အဖွဲ့နဲ့ Bright Pride Myanmar Lesbian အဖွဲ့တို့က ဦးစီးပြီး အခြား LGBT မိသားစုတွေနဲ့အတူ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။
ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ဘုရားဖူးလာ မိဘပြည်သူတွေကို အအေးဖျော်ရည် လှူဒါန်းတာတွေကို ပြုလုပ်ကြတဲ့အပြင် တစ်ချို့LGBT တွေဟာ ဘာသာရေးဆိုင်ရာ ပရဝုဏ်ဝန်းကျင်တွေမှာ အမှိုက်ကောက်တာမျိုးတွေနဲ့ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြပါတယ်။
“ကျွန်တော်တို့ ရွှေဘိုအဖွဲ့က ကဆုန်ညောင်ရေသွန်းပွဲတော်ရက်မှာ အဖွဲ့ (၂) ဖွဲ့ခွဲပြီး တစ်ဖွဲ့က အအေးတိုက်တယ်။ ကျန်တစ်ဖွဲ့က အမှိုက်ကောက်တယ်”ဟု ရွှေဘိုမြို့က သပြေညို ရွှေဘိုပန်း Beauty Queen အဖွဲ့ရဲ့ ဥက္ကဌဖြစ်သူ ကိုအီးတီက ပြောပါတယ်။
LGBT တွေရဲ့ အမှိုက်ကောက်တဲ့ လှုပ်ရှားမှုတွေက ဘုရားဖူးလာ မိဘပြည်သူတွေရဲ့ စိတ်ကို ဖမ်းစားစေနိုင်ခဲ့ပြီး တစ်ချို့ ပြည်သူတွေဟာ LGBT တွေနဲ့အတူ အမှိုက်ကောက်တဲ့နေရာမှာ အတူလာရောက် ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
“ကျွန်တော်တို့အဖွဲ့ အအေးတိုက်ပြီးတဲ့အခါ အမှိုက်တွေ လိုက်ကောက်တယ်ပေါ့။ ကျွန်တော်တို့ LGBT တွေ ဘုန်းကြီးကျောင်းဝန်းကျင်မှာ အမှိုက်ကောက်တော့ ဘုရားဖူးလာရောက်တဲ့သူတွေက လာကြည့်ကြပြီး သူတို့ပါ ဝင်ကောက်ကြတယ်။ ဂေါပကလူကြီးကစပြီး အမှိုက်ဝိုင်းကောက်တာ တွေ့ခဲ့ရတယ်။ အောင်မြင်မှုတစ်ခုရတယ်လို့ ဆိုရမယ်” လို့ တောင်ကြီးမြို့အခြေစိုက် ရှမ်းတောင် LGBT အဖွဲ့ ဥက္ကဌဖြစ်သူ ကိုမိုးက ပြောပါတယ်။
ရန်ကုန်မြို့မှာလည်း Colors Rainbow အဖွဲ့နဲ့ Kings N Queens အဖွဲ့တွေဟာလည်း ကိုးထပ်ကြီးဘုရားနဲ့ မယ်လမု ဘုရားတွေမှာ LGBT မိသားစုတွေနဲ့ အတူစုပေါင်းပြီး အအေးဖျော်ရည်တွေ လှူဒါန်းခဲ့ကြပါတယ်။
“ကဆုန်လပြည့်နေ့မှာ ကိုးထပ်ကြီးဘုရားမှ ဇီးဖျော်ရေ အအေးတိုက်တယ်။ LGBT တွေဟာ လူထုနဲ့ ကင်းကွာမနေဘဲ လူထုနဲ့ သက်ဆိုင်တဲ့ ပွဲလမ်းသဘင်တွေမှာ အမြဲပူးပေါင်းပါဝင်နေတယ်ဆိုတာ ပြသချင်လို့ပါ” လို့ Colors Rainbow မှ မရှင်းသန့်က ပြောပါတယ်။
LGBT တွေအနေနဲ့ အများပြည်သူနဲ့ ပတ်သက်တဲ့ နေ့ထူးနေ့မြတ်တွေမှာ အခုလို စုပေါင်းပါဝင် လုပ်ဆောင်တာတွေဟာ LGBT တွေအပေါ် လူထုရဲ့ ထောက်ခံမှုတွေ ပိုမိုရရှိစေနိုင်တယ်လို့လည်း ရှမ်းတောင် LGBT အဖွဲ့ ဥက္ကဌဖြစ်သူ ကိုမိုးက သုံးသပ်ပြောဆိုခဲ့ပါတယ်။