စိတ်ကူးအချစ်
ဘေးနံရံနဲ့ မျက်နှာကြက်တွေအားလုံး အဖြူရောင်ဆေးသုတ်ထားတဲ့ အခန်းကျဉ်းထဲက ကုတင်တစ်ခုပေါ်မှာ ကျွန်တော်နေလာရတာ လနဲ့ချီနေပြီ။
အပြာရောင်ခန်းဆီးတွေက မှန်ရဲ့အပြင်ဘက် ပတ်ဝန်းကျင်ကို ထိန်းချုပ်ထားလေတော့ အချိန်တိုင်းဟာ အဖြူရောင်နဲ့ အပြာရောင်တွေသာ လွှမ်းမိုးလို့နေတယ်။
ခေါင်းစဉ်တပ်မရတဲ့ ကျွန်တော့်ရောဂါကို မိသားစုနဲ့ပတ်ဝန်းကျင်က သတ်မှတ်ပေးခဲ့တာက စိတ်ရောဂါတဲ့လေ။
ဘာကြောင့် အခုလို သူတို့သတ်မှတ်ခဲ့တာလဲ။ ကျွန်တော် တွေးမရခဲ့ဘူး။
သို့ပေမယ့်..
ကျွန်တော့်ရဲ့ အသိတွေက “မောင့်”ကို ချစ်နေဆဲပဲဆိုတာတော့ ကျွန်တော်ဝန်ခံတယ်။
ခွန်အားမဲ့နေတဲ့ နေ့ရက်တွေကို ဒီအခန်းထဲမှာ အားစိုက်ဖြတ်သန်းနိုင်ခဲ့ တာက မောင့်ကိုချစ်ခဲ့တဲ့ အချစ်တွေရဲ့ မျှော်လင့်ချက်ကြောင့်ပေါ့။
တစ်နေ့မှ မောင့်ကို မေ့မရခဲ့ဘူး။ အခုဆို မောင့်ကိုမတွေ့ရတာ အတော်ပင်ကြာနေပါပြီကော။
အတွေးတွေက အမြင်အာရုံထဲ ရုပ်ရှင်ပြကွက်တွေအလား လူးလားခေါက် ပြန် ထင်ဟပ်လို့နေပါပြီ။
♦♦♦♦♦
မောင့်ကို စတွေ့တော့ မောင့်ဘေးက ကောင်မလေးနဲ့ ကြည်နူးပျော်ရွှင်နေတဲ့ မောင့်အပြုံးကိုပါ။ မောင်က သိပ်ကိုကြင်နာတတ်တာပဲလို့ အဲ့ကတည်းက ကျွန်တော်သတ်မှတ်ခဲ့တာပါ။ သူ့ကောင်မလေးရဲ့ ဆံစတွေကို ညင်သာစွာ ပွတ်သပ်ဆော့ကစားနေတတ်တာကလည်း မောင့်ရဲ့ကလေးဆန်မှုတစ်ခုပဲလို့ သတ်မှတ်ခဲ့သေးတယ်။
အလုပ်သွားအလုပ်ပြန် အမြဲမြင်နေကျ လူတွေများစွာထဲကမှ မောင်နဲ့သူ့ကောင်မလေးကို ကျွန်တော်သတိထားခဲ့မိတာက နှစ်လိုဖွယ်ကောင်းတဲ့ မောင့်ရဲ့ အပြုံးကြောင့်လို့ဆိုရင် မမှားပါဘူး။
တစ်နေ့ပြီးတစ်နေ့ မောင်တို့အတွဲကို မြင်ဖန်တွေ့ဖန်များလာတော့ မျက်မှန်းတမ်းမိတဲ့ အခြေနေတစ်ခု မောင်တို့အတွဲနဲ့ ကျွန်တော့်ကြားမှာ ဆက်နွယ်လာခဲ့တယ်။
မောင်က သူ့ကောင်မလေးအပေါ်တော်တော်ချစ်ပုံရတယ်။ သိပ်ကိုအလေးအနက်ထားတဲ့ အပြုအမူတွေကို မောင့်ဆီမှာ တွေ့ရတယ်လေ။
မောင့်ရဲ့တည်ငြိမ်တဲ့ မျက်ဝန်းတစ်စုံနဲ့ ထူထဲတဲ့မျက်ခုံးတွေက သိပ်ကြည့်ကောင်းသလို နှာတံစင်းစင်းနဲ့ တင်းတင်းစေ့ထားတက်တဲ့ မောင့်နှုတ်ခမ်း တွေကလည်း ပနံသင့်လွန်းတယ်။
လေးထောင့်မကျတကျ မေးရိုးပေါ်မှာ ဆွဲဆောင်လွန်းအားကြီးစွာ ပေါက်နေတဲ့ မုတ်ဆိတ်ကျင်စွယ်တွေကပဲ မောင့်ရဲ့ ယောကျာ်းပီသမှုတစ်ခုကို ထင်ဟပ်စေတာလားလို့ ခဏခဏတွေးခဲ့မိတယ်။
မောင့်ကောင်မလေးက မောင့်ပခုံးပေါ်လေးတွဲစွာ ခေါင်းတင်မှေးနေတဲ့ အချိန်မျိုးဆို မောင်ကလေ အစ်ကိုကြီးတစ်ယောက်လို၊ ဒါမှမဟုတ် သူရဲကောင်းတစ်ယောက်အသွင်လို အရာရာကို ကာကွယ်ပေးမယ့်ဟန်တွေ တွေ့နေရတယ်လေ။
ဘာပဲဖြစ်ဖြစ် နေ့တိုင်းမောင့်ကို ကားတစ်စီးတည်းအပေါ်တွေ့နေရတာပဲ ကျေနပ်ပျော်ရွှင်နေမိတာ ကျွန်တော့်ကမ္ဘာငယ်လေးတစ်ခုပါ။
စနေ၊ တနင်္ဂနွေ ပိတ်ရက်ရောက်တိုင်း မောင့်ကို ကျွန်တော်လွမ်းတတ်နေပြီ။ မောင့်ရဲ့ အပြုံးကိုပေါ့။ မောင်က အမြဲပဲရိုးရှင်းတဲ့ ဝတ်စားဆင်ယင်မှုနဲ့ သူ့ရဲ့ယဉ်ကျေးမှုတစ်ခုကို ဖော်ပြထားတာ။
ဒီလိုတွေ့နေကျ မောင့်ကို ကျွန်တော်စိတ်ကူးထဲမှာ ချစ်ခဲ့မိတယ်။
ဒါပေမဲ့ ကျွန်တော် ခပ်လှမ်းလှမ်းကနေ ချစ်ခဲ့တာပါ။
ဘာလို့ဆိုတော့ မောင့်ရဲ့နှလုံးသားမှာ နေရာလပ်မကျန်အောင် သူ့ကောင်မလေးက အပိုင်ယူထားပြီးသားလေ။ အဟက်… ဒါကျွန်တော်စိတ်ကူးယဉ်တာပါ။
မောင့်လို ယောက်ျားပီသတဲ့လူက ကျွန်တော့်လို Gay တစ်ယောက်ကို ပြုံးပြဖို့တောင် ကျွန်တော့်ဘက်က ကြီးမားတဲ့ မျှော်လင့်ချက်တစ်ခုအဖြစ် မြင်ခဲ့ရတာလေ။ တစ်ခါတလေ မျက်လုံးခြင်းဆုံလို့ အမှတ်မထင်ပြုံးပြလိုက်တဲ့အခါမျိုးဆို ကျွန်တော့်ခြေဖျားလက်ဖျားတွေ အေးစက်ပြီး နှစ်လုံးသွေးရပ်မတတ်ရင်တွေတုန်တဲ့အထိ မောင်က ဖမ်းစားထားနိုင်သူတစ်ယောက်ပါ။
ဘာပဲဖြစ်ဖြစ် နေ့တိုင်းမောင့်ကို ကားတစ်စီးတည်းအပေါ်တွေ့နေရတာပဲ ကျေနပ်ပျော်ရွှင်နေမိတာ ကျွန်တော့်ကမ္ဘာငယ်လေးတစ်ခုပါ။
စနေ၊ တနင်္ဂနွေ ပိတ်ရက်ရောက်တိုင်း မောင့်ကို ကျွန်တော်လွမ်းတတ်နေပြီ။ မောင့်ရဲ့ အပြုံးကိုပေါ့။ မောင်က အမြဲပဲရိုးရှင်းတဲ့ ဝတ်စားဆင်ယင်မှုနဲ့ သူ့ရဲ့ယဉ်ကျေးမှုတစ်ခုကို ဖော်ပြထားတာ။
တစ်ခါတလေ လူကြပ်တဲ့နေ့မျိုး မောင်နဲ့ကျွန်တော် ဘေးချင်းကပ်ထိုင်နေရတဲ့အခါမျိုးမှာလေ မောင့်ဆီကရတဲ့ ခပ်သင်းသင်းကိုယ်နံ့က ကျွန်တော့်အတွက် တစ်နေကုန်ပင်ပန်းသမျှကို ပြေပျောက်စေသွားသလားထင်ရတယ်။ သိပ်ကို ထူးခြားတဲ့မောင်ပါ။
မောင့်ဆီက ရေမွှေးတို့ ချိုင်းလိမ်းနံ့တို့ဆိုတာမျိုးမဟုတ်ဘဲ ကိုယ်သင်းနံ့လို ရနံ့တစ်ခုကို ခံစားရတာ။ အဲ့ဒီရနံ့ကပဲ မောင့်ကိုချစ်နေတဲ့ ကျွန်တော့်စိတ်ကို ပို၍အတည်ပြုပေးခဲ့တာပါ။
အသံခပ်အောအောလေးနဲ့ တိကျသေသပ်တဲ့ စကားလုံးတွေက သူ့ချစ်သူ ကောင်မလေးကို ဆွဲညှို့ထားတာလား။
အမြဲတမ်း ခိုးခိုးကြည့်နေရတဲ့ ကျွန်တော့်အတွက် မောင့်ရဲ့အသွင်အပြင်က မရိုးနိုင်လောက်တဲ့ ပြဇာတ်တစ်ခုကို ကြည့်နေရသလိုပါ။
တစ်နေ့တော့အလုပ်ပြန်ချိန် ကျွန်တော်ကားပေါ်ရောက်တဲ့အထိ မောင်တို့ ရောက်မလာသေးပါ။
ကျွန်တော့်စိတ်ထဲ စနိုးစနောင့်ဖြစ်မိပြီး ကားမထွက်သေးပါနဲ့လို့ ဆုတောင်းခဲ့ရတယ်။ ဒါပေမဲ့ ကားကစတင်ထွက်နေပြီ မောင်တို့ကို အစနပင် မတွေ့ခဲ့ဘူး။ စိတ်ရဲ့အလိုမကျမှုကြောင့် ကျွန်တော် မျက်ရည်ပင်ဝဲခဲ့ရတယ်။ ကျွန်တော်မောင့်ကို အဲ့လောက်ချစ်ခဲ့တာပါ။ အဲနေ့ကစပြီး မောင်တို့ကို ကျွန်တော် မတွေ့ခဲ့ရတော့ဘူးလေ။
မောင့်ကို သတိရတဲ့စိတ်လွမ်းတဲ့ စိတ်က တွန်းအားပေးလာတော့ ကျွန်တော်အစားအသောက်ပါ ပျက်ခဲ့ရပြီ။ အတွေးထဲ မောင်က အချိန်ပြည့်နေရာယူထားတယ်။ မောင်ဘာလို့ပျောက်သွားရတာလဲ။မောင်ဘာလို့ ကျွန်တော့်ကို ထားသွားရတာလဲ။
လွမ်းတယ် မောင်ရာ။
♦♦♦♦♦
အချိန်တွေက တဖြည်းဖြည်း မောင့်ကိုသတိရနေတဲ့ စိတ်ကိုတတ်နိုင်သလောက် ဖြေဖျောက်ပေးပါတယ်။ ဒါပေမဲ့ ခေါင်းမာလွန်းတဲ့ ကျွန်တော်က မောင့်ကို မေ့မရခဲ့ဘူး။
အဲ့သလိုနဲ့ တစ်နှစ်ကျော် အချိန်ကာလတစ်ခုအတွင်း ကျွန်တော့်ရဲ့နေ့စဉ်ဖြတ်သန်းမှုတိုင်းဟာ အသက်မဲ့နေတတ်ခဲ့တယ်။ မျှော်လင့်ချက်မဲ့နေခဲ့တယ်။ ပန်းတိုင်ပျောက်နေခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် ဒီအချိန်ပဲအလုပ်သွားတယ်။ ဒီအချိန်ပဲ အလုပ်ဆင်းတယ်။ ဒီကားကိုပဲ အမြဲစီးတယ်။ ပြီးတော့ မောင့်ကိုလည်း အမြဲပဲလွမ်းနေခဲ့တယ်။ အရာအားလုံး ပြောင်းလဲနေတဲ့ အချိန်ယန္တရားထဲ ကျွန်တော်မပါခဲ့တာလား။
ဒါပေမဲ့ ကျွန်တော့်ရဲ့ခေါင်းမာမှုတစ်ခုက မောင့်ရဲ့အပြုံးကို ပြန်လည်ခံစားခွင့်ရအောင် ဆုလာဘ်တစ်ခုအနေနဲ့ ပေးအပ်ခဲ့တာပဲနေမှာ။ ကျွန်တော် မောင့်ကို ပြန်တွေ့ပြီ။ အဲ့ဒါ ကျွန်တော်လစာထုတ်လို့ စောစောပြန်တဲ့နေ့မှာပေါ့။ မောင်နဲ့ သူ့ကောင်မလေးကို ကားပေါ်တက်လာတာ တွေ့ခဲ့ရတယ်။
အိုဗျာ … မောင်အရမ်းပြောင်းလဲသွားတယ်။ တစ်နှစ်ကျော်အချိန်ကာလက မောင့်ကို ပိုပြီးရင့်ကျက်သွားစေတာလား။ ဒါမှမဟုတ် မောင့်ကို ဝန်ပိစေခဲ့တာလား။ မောင့်အပြုံးတွေက မလန်းဆန်းတော့ဘူး။ မောင့်မျက်ဝန်းတွေကလည်း တက်ကြွမှုတွေ အားနည်းနေတယ်။ ဖျော့တော့တော့ မောင့်မျက်ဝန်းတွေထဲမှာ လေးနက်မှုတစ်ခုကိုတော့ ကျွန်တော်တွေ့ရှိခံစားလိုက်ရတယ်။ ဘာလို့လဲ၊ ဟုတ်ပါတယ် မောင့်ဘေးက မောင့်ကောင်မလေးက မိခင်လောင်းတစ်ယောက်ရဲ့ ပီတိတွေနဲ့အရင်လို မောင့်ပုခုံးကို ကလေးတစ်ယောက်လို မှီခိုမနေတော့ဘူးလေ။
မောင့်ရဲ့ဘဝက အိမ်ထောင်သည်တစ်ယောက်အဖြစ် ပြောင်းလဲသွားပြီကိုး။ ဒါပေမဲ့ ကျွန်တော်မောင့်ကို ချစ်နေဆဲပါ။ အရင်လို တက်ကြွမှုမရှိပေမယ့် လေးနက်မှုတွေနဲ့ မောင်က သူ့ဟန်ပန်ကို ပြောင်းလဲထားတယ်။
ဖခင်တစ်ယောက်ဖြစ်တော့မယ့် မောင်ဟာ ဘယ်လောက်တောင်ဘဝကို တိုက်ပွဲဝင်ခဲ့ရသလဲ။ အခုဆိုမောင့်ရဲ့ အသားအရေတွေတောင် နေလောင်လို့ နီစပ်စပ် ဖြစ်နေပြီ။
ဆင်းနေကျ မှတ်တိုင်မရောက်ခင် မောင့်လက်မောင်းကို သူ့ကောင်မလေးက ပီပီပြင်ပြင်ဖက်တွယ်လို့ မော်ကြွားနေတဲ့ မျက်နှာပေးလေးနဲ့ ကျေနပ်နေပုံပါ။
ဒါကို ပီတိဖြစ်နေပုံရတဲ့ မောင်က ရဲဝံ့တဲ့ သူရဲကောင်းအလား ကာကွယ်ပေးမယ့်ဟန်အပြည့်။ အိုဗျာ ကြည်နူးစရာပါ။
မတွေ့ရတဲ့ တစ်နှစ်ကျော်ကာလက ကျွန်တော့်အတွက် အောက်မေ့သတိရခြင်းနဲ့ လွမ်းမောစရာတွေ ပြည့်နှက်ခဲ့ပေမယ့် မောင့်အတွက်ကတော့ တာဝန်နဲ့ဝတ္တရားတွေ ပြည့်နှက်ခဲ့လေသလားမသိ။ ကျွန်တော့်ကို အရင်လိုပြုံးပြဖို့ မေ့လျော့နေခဲ့တယ်။ ဒါမှမဟုတ် မမှတ်မိတော့တာလည်း နေမှာပေါ့လေ။
အဲ့ဒီလိုနဲ့ မောင့်ကို ကျွန်တော်လွမ်းဆွတ်ခဲ့ရသမျှ စိတ်အာဟာရဖြည့်ခဲ့ရပြီး မောင်တို့ ပြန်လည်ပျောက်ကွယ်သွားပြန်ပြီကော။
ဟင်း… လွမ်းတယ်ဗျာ
♦♦♦♦♦
လူလည်း အထီးကျန်နေသလို ဘာကိုအလိုမကျမှန်းမသိတဲ့ စိတ်တွေနဲ့ဘဝကို ဖြတ်သန်းလာခဲ့ရတာကြောင့် တဖြည်းဖြည်းနဲ့ ပတ်ဝန်းကျင်က ကျွန်တော့်ကို နေရာတစ်ခုမှာ သတ်မှတ်ခဲ့ပြီ။
“လူ့ဂွစာ” တဲ့
အဟက်… ဟုတ်မှာပါ။ ကျွန်တော် ဘယ်သူနဲ့မှ ရောထွေးစပ်ယှက် မလုပ်ခဲ့သလို စကားကိုတောင်လိုတာပဲပြောပြီး တစ်ယောက်တည်း နေတတ်လာတယ်။
မောင်ကတော့ ဒါတွေ ဘယ်သိမလဲ။ မောင့်ကိုချစ်ခဲ့တာ မောင့်ဆီက အပြုံးတစ်ခုကိုသာ ကျွန်တော်ရခဲ့ဖူးတာပါ။
ဒါပေမဲ့ ကျွန်တော် ပြန်ပေးဆပ်လိုက်ရတာက မောင့်နောက်ကွယ်မှာ၊ အားလုံးရဲ့အမြင်မှာ ကျွန်တော်က ဆိုက်ကိုတစ်ယောက်လို့ ထင်ကြေးပေးခံရတဲ့ အထိပါ။ ဒါပေမဲ့ ကျွန်တော်မောင့်ကို ချစ်နေဆဲပါ။
အဲ့ဒီချစ်ခြင်းတရားကြောင့်ပဲ ကျွန်တော် အခုလို အဖြူရောင်ဆေးခြယ်ထားတဲ့ အခန်းကျဉ်းလေးနဲ့ အပြာရောင်ခန်း စည်းလိုက်ကာကြားထဲ ရောက်နေခဲ့တာပေါ့။ ဘာလို့ရောက်ခဲ့ရတာလဲ။ ဟုတ်တယ်။ အဲ့နေ့က ထူးထူးခြားခြား မိုးတွေ အရမ်းရွာနေတာ။
ကမ္ဘာလောကတစ်ခုလုံး တိတ်ဆိတ်နေတယ်။ အမြင်အာရုံထဲမှာ မောင်က သူ့ဇနီးနဲ့ကလေးကို လက်ကလေးဆွဲလို့ နောက်ကပြေးလိုက်နေတဲ့ ကျွန် တော်ကမောနေပြီ။ အသက်ရှုကျပ်တဲ့အထိ မောဟိုက်နေတဲ့ ကျွန်တော့်ကို မောင်က လှည့်ကြည့်ကာ ပြုံးပြတယ်။
လမ်းမတွေအပေါ်ထိ ရေလျှံနေခဲ့တယ်။ မီးပွိုင့်ကမိနေ၍ ကားတွေရပ်ထားရတဲ့အချိန် မိုးက ဘယ်သူ့မျက်နှာကိုမှမကြည့် ရွာနေတာပါ။
မိုးရေစက်တွေကို ချစ်တဲ့ကျွန်တော်၊ မိုးရေစက်တွေရဲ့ လွတ်လပ်စွာကျရောက်နေတဲ့ သဘောတရားကို နှစ်သက်ခဲ့လို့ မိုးရွာတိုင်း မိုးစက်တွေကိုငေးရင်း စိတ်ထဲအလိုလိုပျော်နေတတ်ခဲ့တဲ့ ကျွန်တော်ကားမှတ်တိုင်ကို မိုးရေကြားထဲ လှုပ်လှုပ်လှုပ်လှုပ်နဲ့သွားနေစဉ် တစ်ဖက်ကားလမ်းမှာ မောင်နဲ့ သူ့ဇနီးကို ကျွန်တော်လှမ်းမြင်လိုက်တယ်။
မောင်တို့နှစ်ယောက် ကားပေါ်တက်တော့မယ်။ ကားက အလယ်ကျောက လာနေတာ။ ကျွန်တော်ခပ်လှမ်းလှမ်းကနေ အပြေးသွားခဲ့ပေမယ့် မိုးရေကြားထဲ ခြေလှမ်းတွေက ယိုင်နဲ့နေတော့ လိုရာမရောက်ခဲ့ဘူး။
မောင်တို့ ကားပေါ်တက်နေတာကို ကျွန်တော်လှမ်းမြင်လိုက်ရတယ်။ မောင်က သူ့ဇနီးကို အသာအယာ လက်ကိုဆွဲကိုင်လို့ သူ့ဇနီးရဲ့ လက်ပေါ်မှာ သိပ်ချစ်ဖို့ကောင်းမယ့် မောင့်ကိုယ်ပွားလေးကို တယုတယ ချီပိုးလို့။
မောင်က သူသာအစိုခံပြီး မိန်းမနဲ့ကလေးကိုလုံအောင် ထီးကို မရမက လိုက်မိုးပေးနေတော့ မောင့်ကို မိုးရေရွှဲနေပြီလေ။ အဲ့ခဏတာလေးမှာ မောင့်ကိုစိုရွှဲစေတဲ့ မိုးစက်ပေါက်တွေကို ကျွန်တော်ခါးသက်စွာ နာကျည်းမိခဲ့တယ်။
အဲ့အချိန်မှာပဲ မောင့်မိန်းမနဲ့ကလေးက ကားပေါ်ရောက်လို့ မောင်က ထီးလေးကိုပိတ်နေစဉ်မှာ… အိုဗျာ…မျက်လုံးတွေပြာဝေစွာနဲ့ အသိတရားတွေ ကင်းလွတ်သွားခဲ့ရပြီ။
အသံကုန် ခြစ်အော်လိုက်ပေမယ့် ဘယ်အငြိုးကြောင့် နာနာကျည်းကျည်း ရွာနေသလဲမသိတဲ့ မိုးရေစက်တွေကြောင့် ကျွန်တော့်အသံတွေ တိမ်ဝင်သွားခဲ့သလို လမ်းပေါ်မှာလဲ သွေးချင်းချင်းနီလို့ရယ်။
မီးပွိုင့် စိမ်းသွားတာနဲ့တစ်ပြိုင်နက် သူ့ထက်ငါအလုအယက် မောင်းထွက်လာတဲ့ ကားတစ်စီးက ခြေတစ်လှမ်းသာ တက်ရသေးတဲ့မောင့်ရဲ့ ခန္ဓာကိုယ်ကို ရက်စက်စွာ ဆွဲခေါ်သွားခဲ့ပြီ။
ကားဟွန်းသံတွေ ဘရိတ်ဆွဲသံတွေ၊ လူတွေရဲ့ အော်ဟစ်သံတွေ၊ မောင့်မိန်းမရဲ့ စူးရှတဲ့အသံ၊ မိုးစက်တွေရဲ့ပြင်းထန်တဲ့ အသံ၊ အို အရာအားလုံးရဲ့သေံတွေကြားမှာ ငြိမ်သက်နေတဲ့ မောင့်ရဲ့ခန္ဓာ။
ကမ္ဘာလောကတစ်ခုလုံး တိတ်ဆိတ်နေတယ်။ အမြင်အာရုံထဲမှာ မောင်က သူ့ဇနီးနဲ့ကလေးကို လက်ကလေးဆွဲလို့ နောက်ကပြေးလိုက်နေတဲ့ ကျွန် တော်ကမောနေပြီ။ အသက်ရှုကျပ်တဲ့အထိ မောဟိုက်နေတဲ့ ကျွန်တော့်ကို မောင်က လှည့်ကြည့်ကာ ပြုံးပြတယ်။
အိုဗျာ… ဒီအပြုံးတစ်ခုကိုတွေ့ရဖို့ ကျွန်တော်အပြေးလိုက်လာတာ အခုတော့ မောင့်အပြုံးကပင် ကျွန်တော့်အမောကို ပြေစေခဲ့ပြီ။
ကျေးဇူးပါမောင်
ကျွန်တော် အဲ့ဒီအပြုံးလေးနဲ့ ဆက်လက်ရှင်သန်နေမှာပါ။ မောင့်ဘဝလေးထဲ ကျွန်တော်ပိုင်ဆိုင်ချင်ခဲ့တာ ဒီအပြုံးပါ။
♦♦♦♦♦
မျက်ဝန်းတစ်စုံကို အားယူဖွင့်ကြည့်တဲ့အခါမှာ ကျွန်တော်မသိတဲ့ လူတစ်စုက ကျွန်တော့်ကို မေးခွန်းတွေမေးလို့ ငိုတဲ့လူနဲ့ ပြုံးတဲ့လူနဲ့။
သူတို့ကိုကြည့်ရင်း ကျွန်တော်မူးနောက်နောက်ဖြစ်လာကာ မောင့်ကို အပြေးအလွှားရှာလိုက်တယ်။ ဟင့်အင်း မောင်မပြေးပါနဲ့၊ မောင့်ကိုထပ်ပြီး တွေ့ခွင့်လေးတော့ ပေးပါဗျာ။
အသံတွေက လည်ချောင်းဝမှာပင် တစ်ဆို့နေခဲ့ပြီ။
မောင်ကတော့ ကျွန်တော်နဲ့အဝေးဆုံး နေရာတစ်ခုကိုဦးတည်ပြီး အားသွန်ခွန်စိုက် ပြေးနေလေရဲ့။
မောင်ရယ်… မောနေပင်ပန်းနေမှာပေါ့။ ရပ်လိုက်ပါတော့။ မောင့်ကိုငေးရင်း တစ်ကယ်တမ်းမောနေတာ ကျွန်တော်ပါ။
အချိန်ကာလတွေ၊ ဖြစ်ပျက်ခဲ့တာတွေက ကျွန်တော့်ကို အဖြူရောင်အခန်းကျဉ်းလေးထဲမှာနေဖို့ ဖန်တီးခဲ့တာလား။
လွမ်းလိုက်တာ မောင်ရာ။
ကျွန်တော်မောင့်ကိုချစ်နေဆဲပါ။
ကိုထိုက်