ဇင်ဘာဘွေ အတိုက်အခံ ခေါင်းဆောင်က ရွေးကောက်ပွဲမှာ သူအနိုင်ရရင် LGBT အခွင့်အရေး ကာကွယ်ပေးမယ်လို့ ပြောဆို

ဇင်ဘာဘွေနိုင်ငံရဲ့ အတိုက်အခံပါတီ ခေါင်းဆောင်ဖြစ်သူ Morgan Tsvangirai က လာမယ့် ရွေးကောက်ပွဲမှာ သူ့ရဲ့ ပါတီအနိုင်ရခဲ့ရင် LGBTI တွေကို ညှင်းပန်းနှိပ်စက် အပြစ်ပေးတာတွေ လုံးဝလုပ်ဆောင်မှာ မဟုတ်ဘူးဆိုပြီး မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီမိုကရက်တစ် ပြောင်းလဲရေး လှုပ်ရှားမှု ခေါင်းဆောင်လည်းဖြစ်တဲ့ Morgan Tsvangirai က သူ့အနေနဲ့ လိင်တူချင်း ချစ်ခင်စုံမက်တာကို လက်မခံနိုင်ပေမယ့် LGBTI တွေရဲ့ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး စွက်ဖက် နှောင့်ယှက်တာတွေ လုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Morgan Tsvangirai က “ ကျနော်တို့ လူမှုအသိုင်းအဝိုင်းမှာ LGBTI တွေဟာ လူတွေရဲ့ ဖယ်ကြဉ်ခြင်း ခံနေရတယ်ဆိုတာ ကျနော်သိပါတယ်။ ကျနော်ကိုယ်နှိုက်ကလည်း ဂေးတစ်ယောက် မဟုတ်တာကြောင့် LGBTI တွေကို ထောက်ခံ အားပေးတာမျိုး မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ ဇင်ဘာဘွေနိုင်ငံရဲ့ ဖွဲ့စည်းပုံမှာ LGB တွေဟာ မိမိရဲ့ဖြစ်တည်မှုနဲ့ ပတ်သက်ပြီး လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိတယ်လို့ ဖော်ပြထားတာကြောင့် ကျနော့်အနေနဲ့ LGBT တွေကို ညှင်းပန်းနှိုက်စက်တာမျိုးတွေ လုံးဝမလုပ်ဘူးလို့ဘဲ ကျနော်ပြောချင်ပါတယ်။ ကျနော်တို့ ပါတီကိုသာ ယုံယုံကြည်ကြည်နဲ့ ထောက်ခံမဲ ပေးကြပါ။ အခွင့်အရေးတွေ မဆုံးရှုံးစေဖို့ လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်ပြသွားမယ်လို့ ကတိပြုပါတယ်” ဆိုပြီး ဇင်ဘာဘွေနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

၁၉၈၇ ခုနှစ်ကစပြီး လက်ရှိအချိန်အထိ အုပ်ချုပ်နေသူဖြစ်တဲ့ ဇင်ဘာဘွေနိုင်ငံရဲ့ သမ္မတဖြစ်သူ ရော့ဘတ် မူဂါဘီ (Robert Mugabe) ကတော့ LGBT တွေအပေါ် ဖိနှိပ်မှုတွေကို လုပ်ဆောင်နေပြီး LGBT အခွင့်အရေးနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ညှိနှိုင်းဖို့ ခေါင်းမာလွန်းသူတစ်ဦးလည်း ဖြစ်ပါတယ်။

LGBT တွေရဲ့ အခွင့်အရေးတွေကို လက်ခံလာအောင် မြူဆွယ်တဲ့အနေနဲ့ ဇင်ဘာဘွေနိုင်ငံကို ပေးအပ်လာမယ့် ဘယ်အကူအညီမျိုးကိုမဆို လက်ခံသွားမှာ မဟုတ်ဘူးလို့လည်း သူဟာ တရားဝင် ထုတ်ဖော် ပြောဆိုခဲ့သူ ဖြစ်ပါတယ်။ LGBT တွေကို လက်ခံဖို့ ဖြားယောင်းတဲ့အနေနဲ့ ပေးအပ်မယ့် ကူညီမှုမျိုးဟာ ပုပ်သိုးဆွေးမြေ့ပြီး ညစ်ပတ်တဲ့ ကူညီမှုမျိုးဖြစ်ကြောင်းနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ အရေးတယူလုပ် အချိန်ကုန်ခံနေမှာ မဟုတ်ဘူးလို့ ရော့ဘတ်မူဂါဘီက ပြောဆိုပါတယ်။

ဒါကြောင့် ဇင်ဘာဘွေနိုင်ငံဟာ ယနေ့အချိန်အထိ အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံခန့်မျှ တန်ဖိုးရှိတဲ့ နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေကို ဆုံးရှုံးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

သမ္မတ Robert Mugabe ဟာ “ဒီ လိင်တူချင်း ချစ်ခင်စုံမက်မှုက ကျနော်တို့ ဇင်ဘာဘွေနိုင်ငံကို ပျက်စီးအောင် လုပ်နေတယ်။ ကျနော်တို့ စံတန်ဖိုးထားတဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေနဲ့ ဖီလာဆန့်ကျင်နေတဲ့ အရာလည်း ဖြစ်ပါတယ်။ ဒါက ရွံရှာဖို့ကောင်းတဲ့ ရောဂါတစ်ခုပါပဲ။ အဲဒီလိုမျိုး ရောဂါပိုင်ရှင်တွေဖြစ်တဲ့ LGBTI တွေကို သုတ်သင်နှိမ်နင်းသင့်တယ်။ ကျနော်တို့နိုင်ငံမှာ အခြောက်တွေ မရှိဘူး” လို့ LGBTI အရေးနဲ့ ပတ်သက်ပြီး အစဉ်တစိုက် ပြင်းပြင်းထန်ထန် ရပ်တည်ပြောဆိုခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဇင်ဘာဘွေနိုင်ငံဟာ ၁၉၈ဝခုနှစ်က ဗြိတိသျှနိုင်ငံကနေ လွတ်လပ်ရေးရခဲ့တာဖြစ်ပြီး ယခုအချိန်အထိ လိင်တူချင်း ချစ်ခင်စုံမက်တာကို တရားဝင် အသိအမှတ်ပြုခြင်း မရှိသေးဘဲ ဖိနှိပ်မှုမြင့်မားတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။

တင်းကြပ်တဲ့ စည်းမျဉ်းဥပဒေတွေနဲ့ ရှေးရိုးစွဲ ဓလေ့ထုံးတမ်းတွေကြားမှာ အတိုက်အခံပါတီ ခေါင်းဆောင် ဖြစ်သူ Morgan Tsvangirai ဟာ ရွေးကောက်ပွဲ အနိုင်ရနိုင်မလား၊ မရနိုင်ဘူးလား၊ သူ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင်တောင်မှ LGBTI အရေးနဲ့ပတ်သက်ပြီး သူ့ပေးခဲ့တဲ့ ကတိစကားအတိုင်း လက်တွေ့ လုပ်ဆောင်နိုင်မလား၊ မနိုင်ဘူးလားဆိုတာကတော့ စိတ်ဝင်စားဖွယ်ရာ စောင့်ကြည့်ရမယ့် အနေအထားလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.