ထိန်ပင်အမှိုက်ပုံ မီးလောင်မှုမှာ LGBT လည်း စုပေါင်းပြီး လှူဒါန်းမှုတွေ ပြုလုပ်ခဲ့
ရန်ကုန်မြို့ရဲ့ ရက်အကြာဆုံး မီးလောင်မှုတစ်ခုဖြစ်တဲ့ လှိုင်သာယာမြို့နယ်က ထိန်ပင်အမှိုက်ပုံ မီးလောင်မှုမှာ LGBT တွေဟာလည်း စုပေါင်းပါဝင်လှူဒါန်းခဲ့ကြပြီး LGBT တွေအနေနဲ့ အရေးကြုံတိုင်း လူထုနဲ့ တသားတည်း ရှိတယ်ဆိုတာကို ပြသခဲ့တယ်လို့ ဆိုပါတယ်။
“အခုလို လှူနိုင်ဖို့ ကျွန်တော်တို့ LGBT တွေ ရသလောက် ငွေလေးစုတယ်။ ကိုယ်နဲ့ လက်လှမ်းမီရာရော အကြောင်းကြားပြီး စုတယ်။ တချို့ငွေလည်း လှူသလို ပစ္စည်းထားဖို့ကအစ ကူညီကြတယ်ပေါ့။ အခုကျွန်တော်တို့ မီးငွေ့တွေကို ငြိမ်းနေတဲ့သူတွေအထိ 100 plus ဝေတယ်ပေါ့။ ဒါက LGBT တွေဟာ နေရာတိုင်းမှာ ရှိတယ်။ လူထဲက လူမလို့ လူသားချင်း စာနာတယ်။ ကျွန်တော်တို့ဟာ သူတို့နဲ့ တစ်သားတည်း ဖြစ်တယ်ဆိုတာ ပြသတာပါ” ဟု အဆိုပါ အမှိုက်ပုံ မီးလောင်ရာနေရာကို မေလ (၁) ရက်နေ့က သွားရောက်လှူဒါန်းခဲ့တဲ့ LGBT တစ်ဦးဖြစ်သူ မောင်အီဘီက ပြောပါတယ်။
အချို့ LGBT တွေဟာ အမှိုက်ပုံ မီးလောင်ပြင်မှာ အဆိပ်ငွေ့တွေကြား မီးငြိမ်းသတ်နေကြတဲ့ မီးသတ်သမားတွေ၊ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေဆီ အစားအသောက်တွေကို ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့ကြတဲ့အပြင် မီးသတ်သမားတွေရဲ့ ကျန်းမာရေးနဲ့ လိုအပ်ချက်တွေအတွက်လည်း အလှူငွေတွေ လှူဒါန်းကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ဧပြီလ (၂၁) ရက်ကနေ မေလ (၂) ရက်အထိ လောင်ကျွမ်းခဲ့တဲ့ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကို ရန်ကုန်တိုင်းအတွင်း ရက်အကြာဆုံး မီးလောင်မှုအဖြစ် သတ်မှတ်လိုက်ကြပြီး မေလ (၂) ရက်မှာ ကျန်ရှိနေတဲ့ နောက်ဆုံးအပိုင်းကို အပြီးသတ် ငြိမ်းသတ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
LGBT တွေအနေနဲ့ အထင်ကရ နေ့ထူးနေ့မြတ်တွေ၊ ဘာသာရေးပွဲတော်တွေနဲ့ ပရဟိတလုပ်ငန်းတွေမှာလည်း လူထုနဲ့မကင်းကွာဘဲ အမြဲတမ်း ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိနေပါတယ်။