မလေးရှားနိုင်ငံရဲ့ တရားဝင်ဘာသာတရားဟာ အစ္စလာမ်ဘာသာဖြစ်တယ်ဆိုတာကို LGBT တွေကို သတိပေးလိုက်တဲ့ မလေးရှား ဒု-ဝန်ကြီးချုပ်

မလေး LGBT တွေအနေနဲ့ မလေးရှားနိုင်ငံရဲ့ တရားဝင်အသိအမှတ်ပြုထားသော ဘာသာတရားဟာ အစ္စလာမ်ဘာသာ ဖြစ်တယ်ဆိုတာကို သိရှိနားလည်ထားဖို့ လိုတယ်လို့ ဒုတိယဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာ Wan Azzizah က သတိပေး ပြောကြားလိုက်ပါတယ်။

မလေးရှားနိုင်ငံရဲ့ ဘာသာတရားအရ LGBT တွေဟာ လူမြင်ကွင်းမှာ ထင်ထင်ပေါ်ပေါ် ထုတ်ဖော်ပြသ နေထိုင်တာမျိုးတွေကို ရှောင်ကြဉ်သင့်တယ်လို့ ဒေါက်တာ Wan Azzizah နဲ့ Malay Mail သတင်းဌာနတို့ တွေ့ဆုံစဉ်မှာ သူမရဲ့အမြင်ကို အထက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။

“LGBT တွေဟာ လူမြင်ကွင်းမှာ မဟုတ်ရင် ကိုယ်ကြိုက်ရာ လုပ်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အစ္စလာမ်ဘာသာဟာ မလေးရှားနိုင်ငံရဲ့ တရား  ဝင် ဘာသာတရားဖြစ်တဲ့အတွက် ဒီအပေါ်မှာ မဖြစ်မနေ လိုက်နာကျင့်သုံးဖို့ လိုအပ်ပါမယ်” လို့ Malay Mail သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးမှာ ဒေါက်တာ Wan Azzizah က ပြောကြားခဲ့ပါတယ်။

အစ္စလာမ်ဘာသာတရားကို မလေးရှားနိုင်ငံရဲ့ တရားဝင်ဘာသာတရားအဖြစ် သတ်မှတ်ထားပေမယ့်လည်း အခြားသော ဘာသာတရားတွေနဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်သွားဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဖော်ပြထားပြီး သူမအနေနဲ့လည်း မွတ်ဆလင်တစ်ဦးဖြစ်ပေမယ့် အခြားဘာသာဝင်တွေရဲ့ ယုံကြည်မှုနဲ့ အခွင့်အရေးတွေကို နားလည်လက်ခံကြောင်းနဲ့ LGBT တွေအပေါ် ထောက်ခံတာမျိုးမရှိသလို ကန့်ကွက်တာမျိုးလည်း မရှိဘူးလို့ ဒေါက်တာ Wan Azzizah က ထပ်မံပြောကြားခဲ့ပါတယ်။

“မွတ်ဆလင်တစ်ယောက်အနေနဲ့ ကိုယ့်ဘာသာတရားကို ချစ်မြတ်နိုးသလို မွတ်ဆလင်မဟုတ်သူ အခြားသူတွေဟာလည်း အလားတူပါပဲ” လို့ ဒေါက်တာ Wan Azzizah က ပြောပါတယ်။

မလေးရှားနိုင်ငံက နိုင်ငံရေးအရ ဩဇာတိက္ကမကြီးမားသူတွေကြားမှာ LGBT တွေအပေါ် ဆန့်ကျင်တဲ့ ပြောဆိုမှုတွေဟာ ၂၀၁၈ ခုနှစ်အတွင်း ဆက်တိုက်ဖြစ်လာတာကို တွေ့ရပါတယ်။

သာသနာရေးဝန်ကြီးဖြစ်သူ မူဂျာဟစ် ယူဆွတ် ရာဝါ (Mujahid Yusof Rawa) ကလည်း ယခုနှစ် ဩဂုတ်လအစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ မလေးရှားနိုင်ငံက ထင်ရှားကျော်ကြားသူတွေအကြောင်း ပြခန်းမှာ မလေးရှား LGBT တက်ကြွလှုပ်ရှားသူနှစ်ဦးအကြောင်း ဖော်ပြထားမှုကို ဖယ်ရှားပစ်ဖို့ တရားဝင် အမိန့်ပေးခဲ့ပါတယ်။

“မလေးရှားလူ့အဖွဲ့အစည်းရဲ့ ကိုးကွယ်ရာဘာသာတရား၊ ယဉ်ကျေးမှု၊ စံနှုန်းတွေအရ ဖြောင့်ဖြောင့်ကြီး ဖီလာဆန့်ကျင်နေတဲ့အတွက် လူအများရှေ့မြင်ကွင်းမှာ LGBT တွေကို ချီးမြှောက်တဲ့ သဘောနဲ့ ပစားပေးဖော်ပြမှာမျိုးကို လက်မခံနိုင်ဘူး” လို့ မူဂျာဟစ် ယူဆွတ် ရာဝါ (Mujahid Yusof Rawa) က ပြောကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ လိင်တူချင်း လိင်ဆက်ဆံမှုဟာ ရာဇဝတ်မှုဖြစ်ပြီး LGBT တွေအပေါ် ကာကွယ်ပေးတဲ့ ဥပဒေမျိုးတွေ တစုံတရာ မရှိပါဘူး။ ၎င်းအပြင် အင်္ဂလိပ်ကိုလိုနီလက်ထက်ကတည်းက ပြဋ္ဌာန်းထားခဲ့တဲ့ ပုဒ်မ ၃၇၇ အရ လိင်တူချင်း သံဝါသပြုမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားဆဲဖြစ်ပြီး အဆိုပါ ပုဒ်မနဲ့ ဖမ်းဆီးတရားစွဲဆိုပြီး ထောင်ချမှုတွေ ရှိခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ လိင်တူချင်း ချစ်ခင်စုံမက်ပေါင်းဖက်မှုဟာ ရာဇဝတ်မှုဖြစ်တယ်လို့လည်း ဒေါက်တာ Wan Azzizah က သတိပေးပါတယ်။ သူမရဲ့ ခင်ပွန်းဖြစ်သူ Anwar Ibrahim ဟာလည်း လိင်တူချင်း ဆက်ဆံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နှစ်ကြိမ်တိုင်တိုင် တရားစွဲဆိုခံခဲ့ရပြီး ထောင်ချခံခဲ့ရဖူးပါတယ်။ Anwar Ibrahim ဟာ မဟာသီယာမိုဟာမက် ဝန်ကြီးချုပ် (အရင်)လက်ထက်မှာ ဒုတိယဝန်ကြီးချုပ်အဖြစ် ၁၉၉၃ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ညီညွတ်သော မလေးလူမျိုးများ အမျိုးသားအစည်းအရုံး (United Malays National Organization-UMNO)ရဲ့ အမျိုးသမီးရေးရာဌာန အကြီးအကဲဖြစ်သူ Latteffah Ali ကလည်း LGBT တွေအတွက် တန်းတူအခွင့်အရေးတွေကို ဆက်လက် ခွင့်ပြုနေမယ်ဆိုရင် အနာဂတ်မှာ မလေးလူမျိုးတွေရဲ့ ကျန်းမာ ရေးနဲ့ ကိုယ်ကျင့်တရားတွေကို ပျက်စီးသွားစေလိမ့်မယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

“အစိုးရအနေနဲ့ LGBT တွေအတွက် အခွင့်အရေးတွေ ဆက်လက် ထောက်ပံ့ပေးနေဦးမယ်ဆိုရင် နောက်ထပ်လည်း အခြားသော တောင်းဆိုမှုတွေ ဆက်လက်ရှိလာဦးမှာပါ” လို့ Laffeffah Ali က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Pink News သတင်းဌာနရဲ့ ဝဘ်ဆိုက်ဒ်မှာ ဖော်ပြထားချက်အရ ဝန်ကြီးချုပ်ရုံး ဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးဖြစ်သူ Datuk Mahfuz ကလည်း LGBT တွေကို မူလအတိုင်းဖြစ်အောင် ကူညီဆောင်ရွက်ပေးကြဖို့နဲ့ Transgender တွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ဗရမ်းဗတာတွေ ဖြစ်စေတယ်လို့ ပြောဆိုခဲ့ပါတယ်။

အလားတူပင် မလေးရှားကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးဖြစ်သူ Dr Lee Boon Chye ကလည်း LGBT တွေဟာ စိတ်ပိုင်းဆိုင်ရာမှာ စံလွဲနေသူများဖြစ်ပြီး ရုပ်ပိုင်းအရ ဦးနှောက်ပိုင်းဆိုင်ရာလည်း ပြဿနာတွေ ရှိနေသူတွေဖြစ်တယ်လို့ လူသိရှင်ကြား ပြောဆိုခဲ့ပါသေးတယ်။

 

မလေးရှားနိုင်ငံမှာ LGBT တွေအပေါ် ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေဟာ ပြည်သူတွေကြားထဲမှာလည်း ခပ်စိပ်စိပ်ဖြစ်လာတာကို သတင်းတွေမှာ ဖော်ပြချက်တွေအရ တွေ့ရပါတယ်။

ယခုနှစ် ဧပြီလထဲမှာလည်း မလေးရှားနိုင်ငံ၊ ပီနန်ကျွန်းမှာတည်ရှိတဲ့ Universiti Sains Malaysia ဆိုတဲ့ တက္ကသိုလ်တစ်ခုဟာ LGBT တွေရဲ့ လိင်စိတ်ကိုင်းညွတ်မှုကို ပြောင်းလဲအောင် လုပ်နိုင်မယ့် ပြိုင်ပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ပြိုင်ပွဲမှာ LGBT တွေရဲ့ လိင်စိတ်ကိုင်းညွတ်မှုကို ပြောင်းလဲအောင် လုပ်နိုင်တဲ့သူတွေအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ကြောင်း ကြေညာခဲ့ပါတယ်။

အလားတူပင် ၂၀၁၈ ခုနှစ်ရဲ့ အစပိုင်းမှာလည်း သတင်းစာကြီးတစ်စောင်ကနေ ပတ်ဝန်းကျင်မှာ LGBT တွေကို ဘယ်လို ရှာဖွေဖော်ထုတ်မလဲဆိုပြီး လမ်းညွှန်ချက်ဆောင်းပါးကို ရေးသားဖော်ပြခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.