ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ ပါမောက္ခချုပ်ကိုယ်တိုင် ခွင့်ပြုခဲ့တဲ့ “ခေတ်သစ်လူငယ်ရေစီးကြောင်းနှင့် LGBT ” စကားဝိုင်း

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ LGBT နဲ့သက်ဆိုင်တဲ့ “ခေတ်သစ်လူငယ်ရေစီးကြောင်းနှင့် LGBT ” စကားဝိုင်းတစ်ခုကို ပါမောက္ခချုပ်ကိုယ်တိုင်ခွင့်ပြုမှုဖြင့် ပထမဆုံးအကြိမ် ပြုလုပ်ခွင့်ရခဲ့တယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံမှာ LGBTကို အတိုင်းအတာတစ်ခုထိ လက်ခံလာတဲ့နောက်ပိုင်းမှာ LGBTတွေအနေနဲ့ ကိုယ့်ရဲ့ဖြစ်တည်မှုကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြီး နေထိုင်လာကြတဲ့အပေါ် လက်ခံတဲ့သူကော၊ လက်မခံတဲ့သူကော ရှိတယ်။ လက်ခံသူနဲ့ လက်မခံသူတွေ အကြားရှိနေတဲ့ ပြဿ နာတွေကို မကြီးမားလာအောင်၊ သဘောထားကွဲလွဲမှုတွေကို ဖြေဖျောက်ပေးချင်လို့ ဒီလိုမျိုး ဆွေးနွေးပွဲလေးကို လုပ်ဖြစ်တာပါ” လို့ Youth Club အဖွဲ့မှ Program Officer ကိုသျှိုင်းသက်စိုးစံက ပြောပါတယ်။

အဆိုပါ “ခေတ်သစ်လူငယ်ရေစီးကြောင်းနှင့် LGBT”ဆိုတဲ့ စကားဝိုင်းပွဲကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ Youth Club နဲ့ East Yangon University Students’ Unionတို့က ပူးပေါင်းပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

“ကျွန်မတို့အနေနဲ့ LGBT နဲ့ပတ်သက်ပြီးလုပ်တာ ဒီပွဲလေးက ကျောင်းမှာ ပထမဆုံးပွဲလေးပါ။ နန္ဒာကတော့ ဒီပွဲလေးကို သဘောကျတယ်။ LGBTတွေကို အစွန်းရောက်နေတယ်လို့ ထင်တာ။ အခု LGBT ဆိုတာ ဘယ်လိုဆိုတာ သိသွားတယ်။ ဒီစကားဝိုင်းလေးက သူတို့အတွက်လည်း ခွန်အားတွေရသွားမယ် ထင်ပါတယ် ” လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ပြန်ကြားရေးနှင့် ပြင်ပဆက်ဆံရေးတာဝန်ခံ       မနန္ဒာအောင်က ပြောပါတယ်။

ဒီပွဲမှာ Guest Speaker တွေအဖြစ် အကယ်ဒမီ ဆွေဇင်ထိုက်နဲ့ Colors Rainbowမှ ( LGBTအရေးတက်ကြွလှုပ်ရှားသူ) ရှင်းသန့်တို့က တက်ရောက်ခဲ့ကြပြီး သူတို့က LGBT နဲ့သက်ဆိုင်တဲ့ အမေး၊ အဖြေတွေကို ကျောင်းသား၊ကျောင်းသူတွေနဲ့ အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြပါတယ်။

“အန်တီက LGBT ဆိုတဲ့ အုပ်စုကိုလည်း စိတ်ဝင်စားပါတယ်။ သူလည်း လူသားဖြစ်တဲ့အတွက် လူ့အခွင့်အရေး ရရှိသင့်ပါတယ်။ LGBT မှာလည်း သူရဲ့အခွင့်အရေးကို တောင်းခံပိုင်ခွင့် ရှိတယ်။ ဒီလိုပဲ သူမှာလည်း ပတ်ဝန်းကျင်ကို အနှောင့်အယှက်မဖြစ်အောင် လုပ်ရမယ့် တာ ဝန်ယူမှုတွေလည်း ရှိတယ်။ ကိုယ့်ရဲ့ဖြစ်တည်မှုမှာ တစ်ဖက်စည်းကို မကျော်အောင် ဆင်ခြင်နိုင်ရင် သူတို့က စော်ကားလာမှာ မဟုတ်ပါဘူး”လို့ အကယ်ဒမီ ဆွေဇင်ထိုက်က ပြောပါတယ်။

“ခေတ်သစ်လူငယ်ရေစီးကြောင်းနှင့် LGBT” ပွဲကို အရှေ့ပိုင်းတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူတွေ သာမက LGBT ကျောင်းသား၊ ကျောင်းသူပေါင်း (၂၀၀)ကျော် တက်ရောက်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.