ရွှေဘိုမြို့နယ်က Gay တစ်ဦးကို ချွန်ထက်သောအရာဖြင့် အချက်ပေါင်းများစွာ ထိုးနှက်သတ်ဖြတ်ခဲ့မှု စုံစမ်းစစ်ဆေးဆဲ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်က Gay တစ်ဦးကို ချွန်ထက်သောအရာဖြင့် အချက်ပေါင်းများစွာ ထိုးနှက်သတ်ဖြတ်ခဲ့တဲ့ ပြစ်မှုကျူး လွန်သူတွေကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ရွှေဘိုမြို့မရဲစခန်းမှ သိရပါတယ်။
“ဒီအမှုက တရားခံလည်း မပေါ်သေးဘူး။ ကျွန်တော်တို့ကလည်း တရားခံတွေကို စုံစမ်းဆဲဖြစ်ပါတယ်” လို့ ရွှေဘိုမြို့မရဲစခန်းမှ စခန်းမှူးက ပြောပါတယ်။
အဆိုပါ အသတ်ခံရသူ အောင်ကျော်ထက်(ခ) ထက်ထက် အသက်(၂၉)နှစ်မှာ ရွှေဘိုမြို့၊ အမှတ်(၁၀) ထူထောင်ရေးရပ်ကွက်တွင် နေထိုင်ပြီး မတ်လ(၁၆) ရက်၊ ညနေ (၄)နာရီမှ (၅)နာရီ အချိန်ခန့်မှာ ရွှေဘိုကန်တော်ကြီး ရေကာတာအနီးတွင် ချွန်ထက်သောအရာဖြင့် (၅၇) ချက် ထိုးသတ်ခံခဲရတယ်လို့ သိရပါတယ်။
“အမှုက လိုက်နေတုန်းရှိသေးတယ်လို့ ပြောပါတယ်။ ဆံပင်အတုနဲ့ ဆိုင်ကယ်ဦးထုပ်ပဲ ရသေးတယ်။ မျက်မြင်သက်သေ မြင်တာကလည်း နောက်ကျောကပဲမို့ ဆံပင်အတုစွပ်ထားတာ တွေ့တယ်လို့ ပြောတယ်။ အခု စခန်းမှူးနဲ့တွေ့တော့ သူတို့က အမှုမှန်ကို အားချင်းပဲ အဖွဲ့လိုက် စုံစမ်းနေပါတယ်။ အမှုမှန် အမြန်ဆုံးပေါ်အောင် ကူညီဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်”လို့ ရွှေဘိုမြို့ရဲ့ သပြေညိုရွှေဘိုပန်းအဖွဲ့မှ ဥက္ကဌ ကိုအီးတီက ပြောပါတယ်။
အဆိုပါ အမှုကို ရွှေဘိုမြို့မရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ- ၃၀၂ ၊ သေမှုသေခင်းအမှတ် ပ-၂၄၃/၂၀၁၉ ဖြင့် အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။