လိင်အင်္ဂါဆိုင်ရာ ခွဲစိတ်ပြုပြင်မှုတွေ လုပ်စရာမလိုဘဲ Transgender တွေအတွက် နာမည်ပြောင်းခွင့် ဘရာဇီးနိုင်ငံမှာ ခွင့်ပြုလိုက်ပြီ
ဘရာဇီးလ်နိုင်ငံမှာ Transgender တွေအနေနဲ့ ခွဲစိတ်ပြုပြင်မှုတွေ လုပ်စရာမလိုဘဲ မိမိတို့ ကြိုက်နှစ်သက်သလို အမျိုးသား၊ အမျိုးသမီးဘဝ ခံယူခွင့်ရပြီ ဖြစ်ပါတယ်။
အမျိုးသား၊ အမျိုးသမီးအဖြစ် ပြောင်းလဲခံယူလိုတဲ့ Transgender တွေဟာ အရင်ကဆိုရင် တည်ဆဲဥပဒေတွေနဲ့ အညီ စိတ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးချက်တွေ၊ ဆေးပညာအရ ဆန်းစစ်မှုတွေ၊ လိင်အင်္ဂါဆိုင်ရာ ခွဲစိတ်ပြုပြင်မှုတွေ လုပ်ဆောင်ပြီးမှသာ မိမိတို့နှစ်သက်ရာ အမျိုးသားဘဝ၊ အမျိုးသမီးဘဝသို့ ပြောင်းလဲ ခံယူခွင့်ရတာ ဖြစ်ပါတယ်။ သို့သော် Pinknews သတင်းဌာနမှာ ဖော်ပြထားချက်အရ Transgender တွေ အရင်က လုပ်ရတဲ့ လုပ်ထုံးလုပ်နည်းတွေကို လုပ်ဖို့ မလိုအပ်တော့ကြောင်း မတ်လ (၁၃) ရက်နေ့က ဘရာဇီးလ်နိုင်ငံ တရားလွှတ်တော်မှာ အမိန့်ချမှတ်ခဲ့ပါတယ်။
သို့သော် တရားလွှတ်တော်ချုပ်ရဲ့ အမိန့်စီရင်ချက် ထွက်လာပြီဖြစ်ပေမယ့်လည်း မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းလိုမျိုးတွေမှာ နာမည် ပြောင်းလဲဖို့အတွက် လျှောက်ထားမှုတွေဟာ ဆက်လက်မြင့်မားလျက်ရှိနေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
တရားလွှတ်တော်ချုပ်ရဲ့ ဒီစီရင်ချက်က ဘရာဇီးလ်နိုင်ငံတွင်း Transgender တွေအတွက် ကာကွယ်ပေးမှုတွေ ပိုမိုရရှိလာစေလိမ့်မယ်လို့လည်း မျှော်လင့်နေကြပါတယ်။
ဘရာဇီးလ်နိုင်ငံမှာ Transgender တွေရဲ့ဘဝဟာ လူမှုဘဝ နယ်ပယ်အသီးသီးမှာ စိုးရိမ်ဖွယ်ရာ အန္တရာယ်ကျရောက်နိုင်ချေ အနေအထားမှာ ရှိနေဆဲ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် တစ်နှစ်တည်းမှာတင် Transgender သက်သက် (၁၇၉) ဦးထိ အသတ်ခံခဲ့ရတယ်လို့ ဘရာဇီးအခြေစိုက် LGBT အခွင့်အရေး ဆောင်ရွက်နေတဲ့ Grupo Gay de Bahia အဖွဲ့က ထုတ်ပြန်တဲ့အစီရင်ခံစာအရ သိရပါတယ်။