အီဘိုလာဗိုင်းရပ်စ် (Ebola Virus) အကြောင်း သိစရာ
ကမ္ဘာ့သတင်းမီဒီယာတွေမှာ အီဘိုလာဗိုင်းရပ်စ် ပြန်လည်ဦးမော့လာတဲ့ သတင်းတွေကို နေရာတော်တော်များများမှာ တွေ့နေရပါတယ်။ အီဘိုလာဗိုင်းရပ်စ်အကြောင်းနဲ့ ကူးစက်ပုံတွေ၊ သူ့ရဲ့ သမိုင်းကြောင်းတွေကို စုစည်းပြီး စာဖတ်သူတွေ သိရှိနိုင်ဖို့ ယခုဆောင်းပါးလေးမှာ တင်ဆက်လိုက်ပါတယ်။
Ebola Virus Disease (EVD) or Ebola Hemorrhagic Fever (EHF) ဟာ လူနဲ့ အဆင့်မြင့် နို့တိုက်သတ္တဝါများဖြစ်တဲ့ လူဝံ၊ မျောက်စတဲ့ သတ္တဝါတွေမှာ အီဘိုလာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်တဲ့ ရောဂါဖြစ်ပါတယ်။ ရောဂါလက္ခဏာ အများစုကတော့ အအေးမိတုပ်ကွေး ဖြစ်တာနဲ့ ဆင်တူပါတယ်။ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးနောက်မှာ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်းစတဲ့ လက္ခဏာများနဲ့ စတင်ပါတယ်။ ယေဘုယျအားဖြင့် အသည်းနဲ့ ကျောက်ကပ်တွေရဲ့ လုပ်ငန်းလုပ်ဆောင်မှု ကျဆင်းလာပြီး အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ အရေပြားတွင် အကွက်များ ပေါ်ခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။ ကူးစက်ခံရသူဟာ ရောဂါလက္ခဏာကို ခံစားနေရစဉ်အတွင်း ခန္ဓာကိုယ် အတွင်းနဲ့ အပြင်တွေမှာ သွေးထွက်ခြင်းများ ဖြစ်တတ်ပါတယ်။ သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း၊ ချောင်းဆိုးလျှင် သွေးပါလာခြင်းစတဲ့ လက္ခဏာတွေ ဖြစ်လာရင်တော့ ကူးစက်ခံရသူရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရပါတယ်။
အီဘိုလာဗိုင်းရပ်စ်ရဲ့ ကူးစက်ပုံသမိုင်းကို ပြန်ကြည့်ရင် ဘယ်လိုနည်းနဲ့ ကူးစက်ပျံ့နှံ့ခဲ့တယ်ဆိုတာ ရှင်းလင်းမှု မရှိပါဘူး။ ရောဂါပိုးရှိတဲ့ သတ္တဝါရဲ့ သွေး၊ ခန္ဓာကိုယ်မှ အရည်တွေကို နီးကပ်စွာ ထိတွေ့ကိုင်တွယ်မိရာက လူသားတွေဆီကို စတင်ရောက်ရှိလာတယ်လို့ ဆိုကြပါတယ်။ အာဖရိကနိုင်ငံရဲ့ မိုးသစ်တောတွေထဲက ရောဂါပိုးကူးစက်ခံရပြီး သေနေတဲ့ (သို့) နေမကောင်းဖြစ်နေတဲ့ ချန်ပန်ဇီတွေ၊ တောဆိတ်တွေ၊ အသီးစား လင်းနို့တွေ၊ ဖြူကောင်တွေ၊ မျောက်တွေမှာ ပိုးတွေ့ရှိရကြောင်း မှတ်တမ်းများ ရှိခဲ့ပါတယ်။ အာဖရိကမှာတော့ အသီးစား လင်းနို့မျိုးစိတ်တွေဖြစ်တဲ့ Hypsignathus monstrosus, Epomops Franqueti and Myonycteris Torquata တွေကို အီဘိုလာဗိုင်းရပ်စ်ကို စတင်တဲ့ သဘာဝ လက်ခံကောင်တွေအဖြစ် ယူဆထားကြပါတယ်။ လူသားတွေဆီကိုတော့ ရောဂါပိုးရှိနေတဲ့ သွေး သို့မဟုတ် ခန္ဓာကိုယ်က အရည်တွေကို တိုက်ရိုက်ထိတွေ့မှုကနေ ရောက်ရှိလာပါတယ်လို့ ဆေးသုတေသန ပညာရှင်တွေက ပြောဆိုကြပါတယ်။
အီဘိုလာဗိုင်းရပ်စ်ရဲ့ ကူးစက်ပုံသမိုင်းကို ပြန်ကြည့်ရင် ဘယ်လိုနည်းနဲ့ ကူးစက်ပျံ့နှံ့ခဲ့တယ်ဆိုတာ ရှင်းလင်းမှု မရှိပါဘူး။ ရောဂါပိုးရှိတဲ့ သတ္တဝါရဲ့ သွေး၊ ခန္ဓာကိုယ်မှ အရည်တွေကို နီးကပ်စွာ ထိတွေ့ကိုင်တွယ်မိရာက လူသားတွေဆီကို စတင်ရောက်ရှိလာတယ်လို့ ဆိုကြပါတယ်။
အီဘိုလာသမိုင်း
ပထမဆုံး ရှာဖွေတွေ့ရှိတာကတော့ ၁၉၇၆ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်နေ့ ကွန်ဂိုနိုင်ငံ၊ မွန်ဂလာခရိုင်၊ ရမ်ဘူကူဆိုတဲ့ ရွာလေးမှာ ဖြစ်ပါတယ်။ ပထမဆုံး ကူးစက်ခံရသူကတော့ ရမ်ဘူကူကျေးရွာ စာသင်ကျောင်းက ကျောင်းအုပ်ဆရာ Mabalo lokela ဖြစ်ပါတယ်။ သူဟာ အီဘိုလာမြစ်အနားမှာ ဩဂုတ်လ ၁၂ မှ ၂၂ အထိ သွားလာလှုပ်ရှားခဲ့ပါတယ်။ စက်တင်ဘာ (၈) ရက်မှာတော့ အီဘိုလာလို့ အမည်တွင်လာမယ့် ဗိုင်းရပ်စ်ပိုးကြောင့် Mabalo lokela ဟာ သေဆုံးခဲ့ပါတယ်။ ရောဂါပိုးဟာ ရမ်ဘူကူရွာလေးကနေ ဆက်လက်ပျံ့နှံ့ပြီး ၃၁၈ ဦး ကူးစက်ခံခဲ့ရကာ ၂၈၀ ဦး သေဆုံးခဲ့ပါတယ်။ WHO မှ ရွာသူရွာသားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ အကာအကွယ် ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် ဆေးပစ္စည်း ကိရိယာများအား ပိုးသတ်ခြင်းစတဲ့ အကူအညီများ ပေးခဲ့ပါတယ်။ နောက်ပိုင်း ယူဂန်ဒါနိုင်ငံနှင့် အခြားသော နိုင်ငံများဖြစ်တဲ့ ဂါဘွန်၊ ဆူဒန်နိုင်ငံများမှာ ရောဂါကူးစက်ခံရပြီး သေဆုံးမှုများ ရှိခဲ့ပါတယ်။
ရောဂါကူးစက်မှုတွေ စဖြစ်ခါစမှာ Marburg ဗိုင်းရပ်စ်ကြောင့်လို့ပဲ ထင်မြင်ယူဆခဲ့ကြပါတယ်။ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာတော့ Marburg နဲ့ အမျိုးအစားတူတဲ့ ဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ကြပြီး အီဘိုလာမြစ်အနားက အစပြုတာကို အစွဲပြုပြီး အီဘိုလာဗိုင်းရပ်စ်လို့ အမည်တွင်ခဲ့ပါတယ်။ ၁၉၈၉ နှောင်းပိုင်းမှာတော့ ဗာဂျီးနီးယားမှာရှိတဲ့ ရက်စ်တွန်က Hazelton Research Products’ Reston Quarantine Unit မှာ ဖိလစ်ပိုင်က သဘေ်ာနဲ့ တင်သွင်းလာတဲ့ ပုစွန်လုံးများကို စားတဲ့ မျောက်တွေမှာ ထူးခြားပြီး သေစေတဲ့ အဖျားရောဂါတစ်မျိုးကို ခံစားကြရတာကို တွေ့ရှိပြီး စစ်ဆေးရာမှာ အီဘိုလာဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ပါတယ်။
အီဘိုလာဗိုင်းရပ်စ်ကို စစ်ဆေးဖို့ ဆေးပညာအရ အောက်ပါဓါတ်ခွဲ စမ်းသပ်မှုများကို ပြုလုပ်နိုင်ပါတယ်။
– Antibody-capture enzyme-linked immunosorbent assay (ELISA),
– Antigen Detection tests,
– Serum neutralization test,
– Reverse transcriptase polymerase chain reaction (RT-PCR) assay,
– Electron microscopy,
– Virus Isolation by cell culture,
အီဘိုလာဗိုင်းရပ်စ်ဟာ သေဆုံးပြီး သတ္တဝါတွေက ထွက်တဲ့ အရည်တွေမှာလည်း ရှိနိုင်တာမို့ ၎င်းသတ္တဝါတွေကို စားမည်ဆိုပါက သေချာစွာ ကျက်အောင် ချက်ပြုတ်သင့်ပါတယ်။ မြန်မာနိုင်ငံမှာတော့ လင်းနို့ကို ဟင်းတစ်ခွက်အဖြစ် စားတာ သိပ်မတွင်ကျယ်ပေမယ့် ပြည်ပအိမ်နီးချင်းနိုင်ငံတွေမှာ နှစ်သက်စွာ စားသောက်နေကြတာကို တွေ့ဖူးပါတယ်။
အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသူတွေအတွက် ကာကွယ်ဆေး၊ တိကျသေချာတဲ့ ဆေးဝါးနှင့်ကုသမှုမျိုး၊ ကုထုံးမျိုး မရှိသေးပါဘူး။ ကာကွယ်ဆေးတွေကို စမ်းသပ်တီထွင်မှုအမျိုးမျိုး ပြုလုပ်ခဲ့ကြပေမယ့် ဆေးဝါးကုသမှုတွေမှာ မသုံးနိုင်သေးတဲ့ အနေအထားမှာ ရှိနေပါတယ်။
နောက်ဆုံးရ သတင်းတစ်ခုမှာတော့ အမေရိကန်ပြည်ထောင်စု တက္ကဆပ်တက္ကသိုလ်မှ အဏုဇီဝနှင့် ခုခံအားဗေဒပါမောက္ခ သောမတ်နှင့်အဖွဲ့က အီဘိုလာနှင့်အမျိုးအစားတူ Marburg ဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်တဲ့ ဆေးဝါးကို စမ်းသပ်အောင်မြင်ပြီဟု ပြောကြားထားပါတယ်။ Marburg ဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ မျောက် ၂၁ ကောင်ထဲမှ ၁၆ ကောင်ကို အသစ်ဖော်စပ် ထုတ်လုပ်လိုက်တဲ့ အကြောဆေး ပေးသွင်းခဲ့ရာ မျောက်များအားလုံး ရှင်သန်ခဲ့ပြီး အကြောဆေး ပေးမသွင်းပဲထားတဲ့ ကျန် မျောက် (၅) ကောင်ကတော့ တစ်ပတ်ခန့်မှာ သေဆုံးသွားခဲ့တာကို တွေ့ရှိခဲ့ရအပြီးမှာ သတင်းထုတ်ပြန် ကြေငြာခဲ့တာ ဖြစ်ပါတယ်။
သက်ရှိသတ္တဝါတွေမှာ ကူးစက်နေတဲ့ Marburg ဗိုင်းရပ်စ်ကို ပထမဆုံးအကြိမ် ထိန်းချုပ်လိုက်နိုင်တာဖြစ်ပြီး အီဘိုလာကူးစက်ခံ လူနာများအတွက် ကုသပေးနိုင်ဖို့ ၎င်းအကြောဆေးကို လိုအပ်သလို အဆင့်မြှင့်တင် ပြုပြင်ပြောင်းလဲနေပြီ ဖြစ်ပါတယ်။ ပညာရှင်များက အကြောဆေးကို ZMapp ဆေးနှင့် ပေါင်းစပ်အသုံးပြုပါက အစွမ်းထက်တဲ့ အီဘိုလာထိန်းချုပ်ကုသဆေးကို ရရှိမယ်လို့ ယုံကြည်မျှော်လင့်နေကြပါတယ်။ အစောပိုင်းနေ့ရက်များအထိ Marburg ကိုလည်းကောင်း၊ Ebola ကိုလည်းကောင်း ထိန်းချုပ်တိုက်ဖျက်နိုင်မယ့် ဆေးဝါးကို တရားဝင်ကြေငြာသုံးစွဲခြင်း မပြုနိုင်ပဲ ရှိနေရာကနေ ပါမောက္ခသောမတ် ထုတ်လုပ်ခဲ့တဲ့ အကြောဆေးက အီဘိုလာဗိုင်းရပ်စ်ဆဲလ်ထဲ ဝင်လျှင်ဝင်ချင်းမှာပဲ တိုက်ဖျက်နိုင်မှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ ပါမောက္ခနဲ့အဖွဲ့က လူသားများအတွက် အသုံးပြုနိုင်ရန် အမြန်ဆုံး ကြိုးပမ်းနေကြပြီ ဖြစ်ပါတယ်။ ၎င်းဆေးဝါးနဲ့ ပတ်သက်ပြီး ပညာရှင်အချို့မှ မယုံကြည်နိုင်မှု၊ ဝေဖန်မှုများ ရှိသော်လည်း ပါမောက္ခသောမတ်ကတော့ ယုံကြည်မှုရှိစွာ သတင်းမီဒီယာတွေကနေ ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။
အီဘိုလာဗိုင်းရပ်စ်ဟာ လက်ရှိကမ္ဘာမှာ ဆိုးရွားတဲ့ ရောဂါပိုးတစ်ခုဖြစ်နေပြီး အနောက်အာဖရိက တစ်ခုတည်းမှာတင် လူဦးရေ ၁၃၀၀ သေဆုံးခဲ့ပြီး သေဆုံးမှုနှုန်း ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်း ဖြစ်နေပါတယ်။ ဆေးဝါးကုသမှု မပြုလုပ်နိုင်လျှင်တော့ ၉၀ ရာခိုင်နှုန်းအထိ တက်သွားဖွယ်ရှိတယ်လို့ ဆေးပညာရှင်များက ခန့်မှန်းပြောဆိုနေကြပါတယ်။
အီဘိုလာရောဂါပိုး ကူးစက်မှုမှ ကာကွယ်နိုင်ဖို့ သတိပြုစရာ အချက်လေးတွေ ရှိပါတယ်။ ကူးစက်မှုက သတ္တဝါတွေဆီကနေ လာနိုင်တာမို့ သံသယဖြစ်စရာ သတ္တဝါများ (အသီးစား လင်းနို့များ၊ မျောက်များ)ကို တိုက်ရိုက်ထိတွေ့မှုကနေ ရှောင်ကြဉ်ရပါမယ်။ ကိုင်တွယ်ရမည်ဆိုပါက လက်အိတ် သို့မဟုတ် သင့်လျော်တဲ့ အကာအကွယ် ဝတ်စုံကို ဝတ်ဆင်ပါ။ အီဘိုလာဗိုင်းရပ်စ်ဟာ သေဆုံးပြီး သတ္တဝါတွေက ထွက်တဲ့ အရည်တွေမှာလည်း ရှိနိုင်တာမို့ ၎င်းသတ္တဝါတွေကို စားမည်ဆိုပါက သေချာစွာ ကျက်အောင် ချက်ပြုတ်သင့်ပါတယ်။ မြန်မာနိုင်ငံမှာတော့ လင်းနို့ကို ဟင်းတစ်ခွက်အဖြစ် စားတာ သိပ်မတွင်ကျယ်ပေမယ့် ပြည်ပအိမ်နီးချင်းနိုင်ငံတွေမှာ နှစ်သက်စွာ စားသောက်နေကြတာကို တွေ့ဖူးပါတယ်။ မတော်တဆ သေချာစွာ ချက်ပြုတ်မထားတဲ့ ရောဂါပိုးရှိသတ္တဝါကို လူက စားသောက်မိရာကနေ လူက ရောဂါပိုးသယ်ဆောင်သူအဖြစ် ရောက်ရှိလာပြီး လူလူချင်း ကူးစက်စေနိုင်ပြန်ပါတယ်။ လူလူချင်း ကူးစက်တာကို လျော့ချဖို့အတွက် ရောဂါပိုးရှိသူရဲ့ ခန္ဓာကိုယ်က အရည်တွေနဲ့ တိုက်ရိုက်ထိတွေ့မှု၊ နီးကပ်စွာ ထိတွေ့မှုကို ရှောင်ရပါမယ်။ ထိတွေ့ဖို့ လိုအပ်လျှင်လည်း လုံခြုံသေချာတဲ့ လက်အိတ်နဲ့ အကာအကွယ် ဝတ်စုံကို ဝတ်ဆင်ရပါမယ်။ ပြီးရင်တော့ လက်ဆေးခြင်းကို သေချာစွာ ပြုလုပ်ရပါမယ်။ ရပ်ရွာလူထုအနေနဲ့လည်း သံသယဖြစ်စရာ လူနာများ ကြုံလာပါက သက်ဆိုင်ရာကို အမြန်ဆုံး သတင်းပေးပို့သင့်ပါတယ်။
ကျွန်တော်ဆောင်းပါးကို ရေးနေစဉ်အချိန်ထိတော့ မြန်မာနိုင်ငံမှာ အီဘိုလာ ကူးစက်ခံနေရပြီ ဆိုတာမျိုးကို မကြားရသေးပါဘူး။ စာရေးသူတို့ မြန်မာနိုင်ငံမှာ ဒီလိုရောဂါပိုး ကူးစက်တာမျိုးကို ဖြစ်လည်း မဖြစ်စေချင်ပါဘူး။ သတင်းတွေမှာတော့ ကူးစက်ခံနေရတဲ့ နိုင်ငံတွေက သေဆုံးသူစာရင်းတွေနဲ့ ရောဂါကူးစက်နှုန်းတွေကို ကြောက်မက်ဖွယ် မြင်နေရပါတယ်။
“ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်” ဆိုတဲ့ စကားအတိုင်း ကျွန်တော်တို့တတွေအနေနဲ့ အီဘိုလာနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေကို ကြိုတင်သိရှိထားပြီး ကြိုတင်ကာကွယ်နိုင်စေဖို့ ယခုဆောင်းပါးလေးကို ကြိုးစားဖန်တီးလိုက်ပါတယ်။ ကျန်းမာပျော်ရွှင်သော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ။
ဝိုင်
Ref:
“2014 Ebola Virus Disease (EVD), outbreak in West Africa.” WHO 2014-04-21. Retrieved 2014-08-03.
“Ebola Virus Disease (EVD), West Africa-update 2014-08-08.” WHO 2014-08-08. Retrieved 2014-08-08.
“Ebola Hemorrhagic Fever: Signs and Symptoms”. United States Centers for Diseases Control and Prevention.