ဩစတြေးလျတနိုင်ငံလုံးမှာ LGBT စုံတွဲတွေ ကလေးမွေးစားခွင့် ရပြီ
ဩစတြေးလျနိုင်ငံက NT (Northern Territory) လို့ လူသိများတဲ့ ဒေသမှာ LGBT စုံတွဲတွေအတွက် ကလေး မွေးစားခွင့်ကို ခွင့်ပြုလိုက်ပြီဖြစ်တဲ့အတွက် အခုဆိုရင် ဩစတြေးလျတနိုင်ငံလုံး LGBT ချစ်သူစုံတွဲတွေ ကလေးမွေးစားခွင့် ရသွားပြီဖြစ်ပါတယ်။
NT မှာနေထိုင်တဲ့ LGBT စုံတွဲတွေ ကလေးမွေးစားခွင့်ပြုဖို့ သမိုင်းဝင်မယ့် ဒီဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့အပတ် မတ်လ (၁၄) ရက်က Northern Territory ရဲ့ ပါလီမန်မှာ ချမှတ်ခဲ့ပါတယ်။
NT (Northern Territory) ရဲ့ ဒီဥပဒေပြုပြင်ပြောင်းလဲမှုဟာ လိင်တူချစ်သူစုံတွဲတွေအတွက်ကော၊ ကလေးတွေပါ ကောင်းကျိုးဖြစ်စေလိမ့်မယ်လို့ NT ရဲ့ မိသားစုရေးရာဝန်ကြီးဖြစ်သူ Dale Wakefield က ပြောပါတယ်။
“မေတ္တာရင်းခံပြီး ကလေးမွေးစားချင်တဲ့ဆန္ဒ အစစ်အမှန်ရှိတယ်၊ ကလေးတွေအတွက် နွေးထွေးမှုနဲ့ ဘေးကင်း လုံခြုံတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်တယ်ဆိုရင် အမျိုးသား-အမျိုးသမီး သတ်မှတ်မှုမရွေး လင်မယားတိုင်း၊ စုံတွဲတိုင်း ဥပဒေနဲ့အညီ ခံစားခွင့်ရှိသင့်တယ်” လို့ Dale Wakefield က ပြောပါတယ်။
ဩစတြေးလျနိုင်ငံမှာ ဖယ်ဒရယ် ပြည်ထောင်စုအဆင့်အနေနဲ့ လိင်တူချင်း လက်ထပ်ခွင့်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၉) ရက်မှာ တရားဝင် စတင်ပြဋ္ဌာန်းခဲ့ပါတယ်။