နိယာမကို ဖြတ်ကျော်၍

ဦးမိုးမြင့်နိုင်တစ်ယောက် ယခုတလော အင်မတန် စိတ်ညစ်နေပါသည်။ စီးပွားရေး အဆင်မပြေ၍တော့ မဟုတ်ပါ။ စီးပွားရေးက ဖူလုံသည့်အပြင် ဟိုဘက်ပင် လွန်နေသေးသည်ဟု ပြောမည်ဆိုပြော၍ ရပါသည်။ သို့သော် လူဆိုသည်က တစ်ခုရလျှင် နောက်တစ်ခုကို ပိုင်ချင်သည့်အတ္တများနှင့်ချည်းဖြစ်၍ သူ့တွင်လည်း လိုတိုင်းမရသော ဆင်းရဲတစ်ခုက မကြာခဏရှိနေပါ၏။

သူသည် ရန်ကုန်မြို့ရှိ လူ့မလိုင်ခဲများ နေထိုင်ရာအရပ်တွင် ခြံကျယ်ကြီးနှင့်အတူ ကြီးမားဝင့်ထည်သော တိုက်ကြီးတွင် ယခုတစ်ကိုယ် တည်း နေပါသည်။ ယခင်ကတော့ သမီးနှစ်ယောက်နှင့်အတူ ဇနီးသည်ပါ အတူတူနေခဲ့ကြပါသည်။ အိမ်ထောင်ပြိုကွဲသွားပြီးနောက်တွင် အချိန်များစွာကို ဝါသနာပါရာတွင်သာ လုံးလုံးမြှုပ်နှံထားပါတော့သည်။ ထိုဝါသနာကြောင့်ပင် ဇနီးသည်နှင့်လည်း ကွာရှင်းခဲ့ရခြင်း ဖြစ် သည်။

အသက်ဆယ်နှစ်ကျော်သွားကြပြီးဖြစ်သော သမီးနှစ်ယောက်မှာလည်း အဘိုးအဘွားများနှင့်နေထိုင်ကြ၍ သူ့အဖို့မှာ လူပျိုကြီးတစ်ဦးကဲ့သို့ပင် လွတ်လပ်စွာ နေခွင့်ရနေပါသည်။ သူ့လိုလူ၊ သူ့လိုအနေအထားနှင့် နေတတ်မည်ဆိုလျှင် ဘာမျှပင် စိတ်မကျေနပ်စရာမရှိ။ ဘာအတွက်ကြောင့်မှ စိတ်ညစ်စရာလည်း မရှိ။ သို့သော် မနေတတ်ဘူးဟူ၍ပင် ဆိုချင်ဆိုတော့။ လူဟူသမျှ ဆန္ဒများနှင့် ဘဝအပြင် လိုအင်တွေနှင့်မို့ သူသည် ချမ်းသာသည်ထက် ချမ်းသာချင်သည်။ ပြီးတော့ တောင့်တသမျှ ပြည့်ဝချင်သည်။

ယခု သူလိုနေသည်က အများထင်သကဲ့သို့ မိန်းမဆိုသည့်အရာတော့ မဟုတ်ပါ။ သူ့အတွက် အချစ်နှင့်မိန်းမဆိုသည်က သည်ဘဝမှာ မလို အပ်သော၊ တွေ့ဖူး ခဲ့သောအရာမျှသာ ဖြစ်ပါ၏။ ထို့ကြောင့် သူ့လိုအင်ထဲမှာ မိန်းမ မပါပါ။ နှစ်ဦး သဘောတူ ကွာရှင်းခဲ့သောဇနီးသည်ပင် ယခုဆိုလျှင် အိုးအိမ်အသစ်နှင့် ဘဝသစ်တစ်ခုတွင် အသားကျနေပြီဖြစ်သည်။ သူ့ဘဝ သာယာသွားသည်ကို ဦးမိုးမြင့်နိုင် မနာလိုမဖြစ်မိပါ။

ကိုယ်မကြိုက်၍ ပစ်လိုက်သည့်ပန်းမို့ ကြိုက်သူနမ်းဟုပင် သဘောထားနိုင်ခဲ့ပါသည်။ သူ့အတွက် ယခု တကယ်လိုအပ်သည်က လက် အောက်ငယ်သားသာ ဖြစ်၏။ စေသည့်ကျွန် ထွန်သည့်နွားဆိုသည့် ဥပမာဟာ ရိုင်းသောလည်း ကျိုးကျိုးနွံနွံနှင့် စေခိုင်းသမျှ အချိန်ဆိုင်းဘဲ ထမ်းဆောင်နိုင်သော လူယုံအမျိုးသားတစ်ဦးမျှ ရှိနေလျှင်ပင် သူ့လိုအင်ဆန္ဒများက ပြည့်မြောက်ပြီ ဖြစ်ပါသည်။

သူ့အလုပ်သည် ဥပဒေနှင့်ငြိစွန်းပါသည်။ ထို့ကြောင့် မလိုအပ်ပါဘဲနှင့် ဘယ်လူပိုတွေကိုမှ အိမ်တွင်ခေါ်၍ မထားချင်ပါ။ ငွေကုန်သည်ထက် သူ့ဘဝထဲမှာ ဆူညံနေသည်ပဲ အဖက်တင်မည်စိုး၍ ဖြစ်သည်။ ဒါကြောင့်မို့ ကူဖော်လောင်ဖက်အဖြစ် ဘယ်ဆွေမျိုးကိုမျှ လာနေခွင့်မပြုဘဲ သွန်လိုကာ သွန်ပစ်နိုင်သော၊ မှောက်လိုကာ မှောက်ပစ်နိုင်သော သူစိမ်းမှ သူစိမ်းစစ်စစ်သာ အလိုရှိ၏။ ဖြစ်နိုင်လျှင် သူစိမ်းပင် ရန်ကုန်နှင့် မိုင်ပေါင်းများစွာ ဝေလံသော တောအရပ်က သူစိမ်းကိုသာလျှင် ခန့်အပ်၍ တာဝန်ပေးချင်ပါသည်။

ထို့ကြောင့် နီးစပ်သမျှ လက်တကမ်းကနေ စနည်းနာ၍ စုံစမ်းနေရသည်။ တွေ့တဲ့လူကို ခေါ်ယူခန့်အပ်ရလျှင်တော့ ပေါလွန်း၍ တစ်လလျှင် တစ်ယောက်နှုန်းဖြင့် အလဲအထပ်ပြု၍ စေခိုင်းနိုင်မည် ထင်ပါသည်။ သို့သော် တွေ့သမျှ လူကိုလည်း သူ့အလုပ်မှာ မယုံကြည်နိုင်ပါ။ သည်နေရာတွင် ငွေနှင့်စပ်၍ ထိုအလုပ်သမားထံက သစ္စာရှိမှုကို ဝယ်ယူရမည်ဖြစ်၍ သေချာလေ့လာရ၏။

သူ့အသက်သည် ယခုလေးဆယ့်ငါးနှစ်ရှိပြီး ဖြစ်သည်။ အရိုးအဆစ်တုတ်တုတ်နှင့် အသားကတော့ ညိုရာမှသည် မည်းသောဘက်သို့ပင် လုနေပါသည်။ အရပ်အမောင်းက ငါးပေနှင့်ရှစ်လက်မ ရှိသည်။ နဖူးကျယ်ကျယ်၊ နားရွက်ကားကား ဖြစ်၏။ ငွေရှိသောသူဌေးတို့၏ ထုံးစံပင် သူသည် ဗိုက်ကြီးရွှဲ၍ ခန္ဓာကိုယ်က ပြဲနေ၏။ အဆီအဆိမ့်များ စားလွန်း၍ မေးနှစ်ထပ်ဖြစ်နေသည့်အပြင် ပါးစုန့်ကြီးများပင် ကားထွက်နေပါသေးသည်။ ကိုယ်လက်လှုပ်ရှားမှုဆို၍ လမ်းလျှောက်ခြင်းကိုပင် စိတ်မဝင်စား၍ သူ့ခန္ဓာကိုယ်ကြီးက လေးပြီး အသားကလည်း ပွနေ၏။ ဘဝကံအကျိုးပေးကြောင့် မျက်နှာကျပုံဆိုးသလောက် အသန့်အပြန့်တော့ အင်မတန်ကြိုက်သူဖြစ်သည်။

ထို့ကြောင့် သူခေါ်လိုသော သူသည် သူ့မှာမရှိသည့် ချောမောသော ရုပ်ရည်ရှိရမည် ဖြစ်သည်။ သစ္စာရှိသည့်အပြင် ကြံခိုင်တောင့်တင်းပြီး တစ်ကိုယ်ရေ သန့်ရှင်းမှုလည်း ရှိရမည်။ အသက်နှစ်ဆယ့်သုံးနှစ်မှ နှစ်ဆယ့်ရှစ်နှစ်အတွင်း ဖြစ်ရမည်။ ဖျတ်လတ်ရမည်။ ကျန်းမာရမည်။ သည်အလုပ်လုပ်မည်ဆိုလျှင် ကျား၊မ ဆိုသော အမြင်ဖြင့် ခွဲခြားဆက်ဆံ၍ မကြည့်ရ။ အလိုက်အထိုက် နေတတ်ရမည်။ ဖေ့စ်ဘွတ်ခ်နှင့် ဘယ်ဆိုရှယ်မီဒီယာတွေကိုမျှ အသုံးပြုခွင့်မရှိ။ စကားအပို မဆိုရ။ ခိုင်းတာပဲ လုပ်ရမည်။ မေးတာပဲ ဖြေရမည်။ အရေးကြီးဆုံးအချက်က တော့ ပေးလိုက်သော တာဝန်မှန်သမျှ မငြင်းမဆန် ထမ်းရွက်နိုင်သူဖြစ်ရမည်။ သူအလိုရှိသော လူမျိုးကလည်း နီးလျက်နှင့် တစ်သက်သက်ဆိုသလို ပိုပိုသာသာပေး၍ ခေါ်သော်လည်း လွယ်မယောင်နှင့် အန်မတန်ရှာရခက်ပါသည်။

ယခင်ကတော့ သူထံတွင် တစ်ယောက်ဝင်၊ တစ်ယောက်ထွက်နှင့် ခစားခဲ့သော အသက်နှစ်ဆယ့်ငါးနှစ်ဝန်းကျင်အရွယ် ဝန်ထမ်းလူငယ်လေးယောက်မျှ ရှိခဲ့ဖူးပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ယခုသူတို့တွေ မရှိကြတော့ပါ။ ပြန်တွေးလျှင် သည်လေးကောင်အပေါ်မှာ သူက လခကို ပိုပိုသာသာပေးပြီး စေခိုင်းခဲ့ခြင်းသာဖြစ်၍ စိတ်သန့်ခဲ့၏။ အနိုင်ကျင့်ခဲ့ခြင်း၊ အမြတ်ထုတ်ခေါင်းပုံဖြတ်၍ သူ့တို့သွေးချွေးကို ညှစ်ယူခြင်းဟု သူ့ကိုယ်သူ ဘယ်တုန်းကမျှ မတွေးခဲ့ပါ။ ၄င်းတို့မှာမရှိသော ငွေကို သူကပေးသည်။ သူစေခိုင်းသောအရာကို ၄င်းတို့က ပြန်လည်ရွက်ဆောင်ပေးရသည်။ ထိုမျှပင် ရိုးစင်းခဲ့ပါသည်။

အလုပ်စဝင်စဉ်က ခြေဗလာ၊ လက်ဗလာနှင့် ရောက်လာခဲ့ကြသော်လည်း သူတို့သည် ထမ်းဆောင်ခဲ့ကြသော ကာလများအတွင်း သူတို့မိသားစုကို ပြည့်ပြည့်ဝဝဖြစ်အောင် ဦးမိုးမြင့်နိုင်က ထောက်ပံ့ပေးခဲ့ပါသည်။ နောက်တော့ သူတို့သည် ထိုက်ထိုက်တန်တန် စုမိသည်နှင့် မိန်းမယူတော့မည်ဟု အကြောင်းပြ၍ အလုပ်ထွက်ခွင့် တောင်းကြတော့သည်။ သူက ယခုလစာထက် နှစ်ဆပေး၍ ဆွဲထားသေးသော် လည်း အတင်းပင်ငြင်း၍ သူ့လောင်းရိပ်မှ ဝေးရာသို့ ပြေးကြပါတော့သည်။

ရှိစေတော့။  ကြွေသောရွက်ဝါများ ပြန်မဆက်သလို ၄င်းတို့ကြောင့် အဆင်ပြေခဲ့ရသော နေ့ရက်များအကြောင်းကိုလည်း ပြန်လည်၍ မအောက်မေ့ချင်တော့ပါ။ ကျေးဇူးတင်စရာလို့လည်း မအောက်မေ့ပါ။ သူက စီးပွားရေးသမားပီပီ စိတ်ကို ရှင်းရှင်းထား၏။ လျော်ဝံ့၏၊ စားဝံ့ ၏။ သို့သော် အကျိုးမရှိလျှင်တော့ ငွေတစ်ကျပ်ပင် အကုန်မခံနိုင်သူ ဖြစ်ပါသည်။

သည်ကဲ့သို့ သူလှမ်းနေသောခြေလှမ်းများကို မိတ်ဆွေစီးပွားရေးသမားတချို့က သိသင့်သလောက်တော့ သိနေသည် ထင်ပါ၏။ “ပိုးကုန် သည်ကြီး၊ ပိုးကုန်သည်ကြီး” ဖြင့် သူ့ကွယ်ရာမှာ သူ့ အလုပ်ကိုရည်ရွယ်၍ သမုတ်ကြတာ သူ ကြားမိပါသည်။ သို့သော်လည်း သူက ဂရုတော့ သိပ်မစိုက်လှပါ။ သို့လောသို့လော ပြောနေကြသော ထိုပါးစပ်တွေကို ငွေဆိုသော သော့နှင့်ပိတ်လိုက်လျှင် လျှပ်စစ်တံခါးထက်ပင် လုံသေးဟု သူ့အဘိဓာန်မှာ အမြဲတမ်း အဓိပ္ပာယ်ဖွင့်ထားခဲ့ပါသည်။

အခန်း(၂)

မြစ်၏ ရေခိုးရေငွေ့များနှင့် နှင်းမှုန်များ ရောထွေးနေမှုကြောင့် မြင်ကွင်းတစ်ခုလုံးက မှုန်၍ မှိုင်းနေပါသည်။ သူသည် တစ်ယောက်တည်း ရပ်နေလျက်မှ မြစ်ပြင်ကို ငေးကြည့်နေပါသည်။ ငွေရှိသော်လည်း အထီးတည်းသော ဘဝဟာ တစ်ရံတစ်ခါတော့ ပျင်းရိစရာအတိပါလားဟု သူ အောက်မေ့နေ၏။

စိတ်ပြေလက်ပျောက်အဖြစ် သူ အညာကို ဘုရားဖူးရောက်နေခြင်း ဖြစ်ပါသည်။ မြစ်ကမ်းပါးမှာရပ်၍ အနောက်ဘက်သို့လှမ်း၍ မျှော်ကြည့်လိုက်သည်ဆိုလျှင်ပဲ လှချင်တိုင်းလှနေသော မြစ်အလယ်ရှိ ကျွန်းကလေးကို နှင်းဖွဲဖွဲကြားမှာ တွေ့နေရပါသည်။ အလှအပကို အင်မတန် နှစ်သက်သော သူ့အဖို့ ထိုသောင်ကလေးထံသို့ သွားချင်စိတ်များက တဖွားဖွားပေါ်၍ လာပါတော့သည်။ ထို့ကြောင့် အသင့်တွေ့ရသော လှေတစ်စင်းကိုငှါး၍ သောင်ခုံလေးရှိရာသို့ ထွက်လာခဲ့လိုက်၏။

ကြည်လင်သော မြစ်ရေအလယ်မှာ သနပ်ခါးကျောက်ပျဉ်ကလေးတစ်ချပ်ကို ချထားသကဲ့သို့ သောင်ကလေးက ဆောင်းနှင်းဖွဲဖွဲကြားမှာ ခုံးခုံးလေး ထွန်းနေ၏။ ဤသောင်ကလေးပေါ်တွင် သူ အလိုရှိနေသော ကောင်လေးကိုလည်း မမျှော်လင့်ပါဘဲ တွေ့လိုက်ရခြင်းဖြစ်ပါသည်။

ဆောင်းအလယ်ဖြစ်သော်လည်း ပေါက်ပြားတစ်လက်နှင့် အလုပ်တွင် စိတ်နှစ်နေသောကြောင့် ထိုကောင်လေး၏ကိုယ်တွင် ချွေးစက်တို့ပင် ဥနေသည်။ တောင့်တင်းကြံ့ခိုင်သော ကိုယ်ကာယက သူလိုချင်သောပုံ၊ အသုံးချ၍ ကောင်းမည့်ပုံ ဖြစ်သည်။ အားထည့်၍ မြေပေါက်နေပုံ ကလည်း မိမိလုပ်သော အလုပ်အပေါ်တွင် သစ္စာရှိမည်၊ စောင့်စည်းလိုက်နာတတ်လိမ့်မည် ထင်ရ၏။ သူသည် တဲရှိရာသို့ လျှောက်သွားနေလျက်မှ ခိုင်းနွားတစ်ကောင်ကို စေ့စေ့ကြည့်သလို ထိုကောင်လေးကို အကဲခတ်၍ ကြည့်နေမိသည်။

ထိုကောင်လေး၏ အဖေဖြစ်ဟန်တူသော အသက်ငါးဆယ်ကျော်အရွယ်ခန့်ရှိ လူကြီးက ဤသောင်ပေါ်သို့ လှေလေးဖြင့် ရောက်လာသော သူ့ကို ရေနွေးတစ်အိုးဖြင့် ဆီးကြိုဧည့်ခံပါသည်။ ဧရာဝတီ၏ မြစ်ရေကြည်ကြည်များက ရေခိုးတွေကို အထက်သို့မှုတ်ထုတ်လျက် တဲက လေးနှင့် သောင်ကလေးကို ကွေ့ဝိုက်၍ ခပ်အေးအေးပင် စီးနေ၏။ ဆောင်းနေခြည် လျော့ရဲရဲကလည်း ဂေါ်ဖီထုပ်၊ ခရမ်းချဉ်နှင့် မေမြို့ပန်းစိုက်ခင်းများပေါ်သို့ ထိုးဖြာ၍ ကျနေသည်။ ငှက်ကလေးတချို့ကတော့ သောင်ကိုကျော်၍ အနောက်အရပ်သို့ ပျံသန်းနေကြ၏။

“အင်း….အမြင်ကတော့ လှပါရဲ့။ ဒါပေသိ ကျုပ်တို့မှာဖြင့် ဒီအလှဆိုတာတွေကို ခံစားလို့ မနေနိုင်ပါဘူး။ မိုးစင်စင် မလင်းခင်ကထပြီး စိုက် ပျိုးထားသမျှ ခူးဆွတ်ရောင်းချဖို့ အားထုတ်လိုက်ကြရတာ ဟော…ညနေ မိုးစုန်းစုန်းချုပ်မှာပဲ နားကြရတော့တယ်” သူမေးသမျှကို တဲရှင်ယောကျာ်းကြီးက နံနံပင်ပေါက်ကလေးများကို စိုက်ဖို့ ပြင်ဆင်နေလျက်က ရှင်းပြပါသည်။ တစ်ချက်တစ်ချက် မြေပေါက်နေသော ကောင်လေးကလည်း မဖိတ်ခေါ်ဘဲရောက်လာသောသူ့ကို လှမ်း၍လှမ်း၍ စူးစမ်းနေသေး၏။

“ကျုပ်အသက်က အခုတော့လေးဆယ့်ငါးပေါ့”

ဟင်….ငါ့အသက်နှင့်မှ ရွယ်တူပေါ့။ သူက အသက်ထက် ရင့်အိုပိန်ခြောက်နေသော ထိုလူကြီးကိုကြည့်၍ တွေးလိုက်မိ၏။
“ဟိုမှာ ကိုက်လန်စိုက်ဖို့ မြေပေါက်နေတာက ကျုပ်သားအကြီး။ အသက်နှစ်ဆယ့်နှစ်နှစ်ပေါ့။ သူ့အောက်မှာ ဆယ်တန်းတက်နေတဲ့ သား တစ်ယောက်နဲ့ ရှစ်တန်းတက်နေတဲ့ သမီးတစ်ယောက်ရှိရဲ့။ ကျုပ်နဲ့ဒီသားက အခုလိုဆောင်းရာသီကနေ မိုးဦးကျလို့ မြစ်ရေတက်တဲ့အထိ နှစ်စဉ်နှစ်တိုင်း ပန်းနဲ့ဟင်းသီးဟင်းရွက်တွေကို ဒီမြစ်အလယ်မှာ ဘယ်နေရာ သောင်ထွန်းမလဲ လိုက်ရှာပြီး အခုလိုပဲ စိုက်ကြရတာပေါ့လေ။ မိုးတွင်းကျတော့ ဒီသောင်တွေက အကုန်ရေမြုပ်ကုန်တယ်။ ဒီတော့ ရွာမှာ ကျပန်းပြန်လုပ်စားပေါ့”

သူက နောက်တစ်ရက်တွင် ထိုသောင်ပေါ်သို့ တစ်ခေါက်ထပ်၍ သွားပါသည်။ ငွေသိန်းနှစ်ဆယ်အထုပ်ကို မြင်တော့ သားအဖနှစ်ယောက် လုံး အံ့အားသင့်ကုန်တော့၏။ သူက စကားတွေ အများကြီးဖြင့် ရှင်းပြမနေပါ။ လိမ်ညာပြီး ခေါ်ဆောင်သည်ဟု ထင်မှာစိုး၍တော့ ဆက်သွယ်ရန် လိပ်စာအပြည့်အစုံကို ပေးလိုက်ပါသည်။

“ရော့ ယူထားပါ။ ဒါက လစာရယ်လို့ မဟုတ်သေးပါဘူး။ လောလောဆယ် မင်းမိသားစု စားသောက်ဖို့ ပေးတာပါ” 

ကောင်လေးရှေ့သို့ ငွေထုပ်ကိုတွန်းပို့ရင်း သူက စကားဆို၏။ အံ့အားတသင့်ဖြစ်လျက် သူတို့သားအဖ မေးသမျှအမေးတွေကိုလည်း အလျင်အမြန်ပင် ရှင်းပြရပြန်ပါသေးသည်။

“ရတယ်…ရတယ် လေးငါးခြောက်တန် းနေဖူးလည်း ရတယ်။ ပညာတတ်စရာ မလိုပါဘူး။ ဘာမှထွေထွေ ထူးထူးလည်း မလုပ်ရပါဘူး။ ဘာဦးနှောက်မှလည်း စိုက်ထုတ်စရာ မလိုဘူးလေ။ အခု မင်းလုပ်နေသလိုပဲ။ ငါ့အိမ်မှာလည်း သစ်ပင်ပန်းပင်စိုက်ရမယ်။ ခြံသန့်ရှင်းအောင် လုပ်ရမယ်။ ပြီးတော့ငါ့ရဲ့ ဝေယျာဝစ္စနဲ့ အခြားအလုပ်နည်းနည်းပါးပါး လုပ်ပေးရမယ် ဒါပါပဲ”

သည်လိုအလုပ်နှင့် သည်လိုငွေ လွယ်လွယ်ရ၍ သူတို့အံ့ဩသမျှ ဦးမိုးမြင့်နိုင်က ထပ်၍သာ ရှင်းပြရပြန်၏။ သည်လောကမှာ ငွေရာရတာ မလွယ်ကူမှန်း၊ လက်တစ်ဆုံးနှိုက်၍ပင် မမိနိုင်လောက်အောင် ငွေတွင်းနက်မှန်း သူသိပါသည်။ သို့သော် သူ့အဖို့မှာက စီးပွားရေးသမားပီပီ အလိုရှိရာကို ငွေနှင့်စပ်၍ ရင်းနှီးရမည်ဖြစ်သည်။ ငွေကုန်ရသည်ထက် ပြန်ရမည့် အကျိုးအမြတ်က သူ့ အတွက်သာသည်ဟု သူက အမြဲတွက်ထား၏။ ယခင်ဝန်ထမ်းတွေတုန်းကလည်း သည်နည်းနှင့်ပဲ အောင်မြင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဖောတန်သမျှ ဖောရမည်။ မျှောတန်သမျှ မျှောရမည်။ သည်လို အရာမျိုးမှာ သူက စေတနာထားပါသည်။ ဘုရားမတည်၊ ကျောင်းမဆောက်ဘဲ ကြွယ်သမျှစု၍ ထားသည်မှာ သည်လို အရေးကြုံလာလျှင် ငွေကိုသွန်ချလိုက်သလို ရက်စက်ဖို့ပင်ဖြစ်၏။

 အခန်း (၃)   

သူ့အိမ်တွင် ကောင်လေး အလုပ်လုပ်နေသည်မှာ နောက်နှစ်ရက်ဆိုလျှင် လေးလတိတိ ပြည့်တော့မည်။ ခေါ်လာခဲ့စဉ်က ကတိအတိုင်းပင် ခြံထဲတွင်သစ်ပင်၊ ပန်းပင် အနည်းငယ်ကိုသာ နေ့စဉ်စိုက်ပျိုး ပြုစုခိုင်း၍ ပိုးမွေးသလို မွေးထား၏။ ယာလုပ်ခဲ့သော လက်ခြေများဟာ ယခု တော့ သက်လုံကောင်းစေရန် ညနေတိုင်း အားကစားလည်း လုပ်စေ၏။

ကောင်းကောင်းစား၊ ကောင်းကောင်းနေရ၍ ကောင်လေးသည် ယခင်ထက်ပင် တောင့်တင်းပြည့်ဖြိုး၍ ချောမွတ်လာသည်။ သူသည် ကောင်လေးကို သည်လေးလအတွင်းမှာ ခြံထဲက ကြက်ဟု သဘောထား၍ ဘယ်အချိန်မှာ ထုတ်ချက်ရမည်လဲဟု အရိပ်တကြည့်ကြည့်ဖြင့် စောင့်ကြည့်အကဲခတ်နေခဲ့၏။ သူ့ကို ရှိန်မနေအောင်လည်း အလုပ်ရှင်၊ အလုပ်သမားဆိုသော စည်းကိုမထားဘဲ နီးနီးကပ်ကပ် နေပြရသေး ၏။

သူ့ဘက်က တောင်းဆိုစေခိုင်းသည်နှင့် ကောင်လေးဘက်က မငြင်းရက်နိုင်အောင် ငွေကိုလည်း လခအဖြစ် ရက်ရက်ရောရော ပေးထားလိုက်သည်။ ကံနှိုးဆော်၍ ကောင်လေးကပါ သူ့ခိုင်းသည့်အလုပ်မှာ ပျော်ရွှင်အသားကျသွားလျှင်တော့ သူ့အဖို့မှာ အမြတ်ချည်းသာဖြစ်၍ တစ်သက်လုံးမွေးမြူထားမည်ဟု ဆုံးဖြတ်ထား၏။ လုပ်ငန်းစဖို့သင့်လောက်ပြီလို့ တွေးမိချိန်မှာတော့ ရုတ်တရက်ပင် ကောက်ရလိုက်သလို ထိုညက သူ စဖျားပါသည်။

မမျှော်လင့်ပဲ ဖျားလိုက်၍ ညရေးညတာအဖြစ် တစ်ခုခုစေခိုင်းရန် ကောင်လေးကို သူ့အိပ်ခန်းမှာ လာအိပ်ဖို့ ခေါ်ထားလိုက်ရတော့သည်။ ညဉ့်နက်လာသည်နှင့်အမျှ သူ၏အဖျားက ပို၍ပို၍ပင်တက် တက်လာပါတော့သည်။ စောင်ဘယ်လောက်ပင် လွှမ်းလွှမ်း ချမ်းမြဲတိုင်းချမ်း နေ၍ ကောင်လေးကို ဖက်ထားစေလိုက်၏။ သူကလည်း ကောင်လေးကို တင်းတင်းကြပ်ကြပ်ပင် တိုး၍ ဖက်ထားမိပါတော့သည်။ သူ တစ် ခုခုဖြစ်သွားမည်စိုး၍ အသေအချာ ပြုစုလုပ်ကိုင်ပေးနေသော ကောင်လေး၏ပုံစံကိုတွေ့ရတော့ သူ ကျေနပ်သွားမိသည်။ လိုအပ်နေသောခရီးကို ရောက်လုပြီမို့ နှစ်ခြိုက်မိပါသည်။ ထို ညက ကောင်လေးနှင့်သူသည် ပတ်စာခွာ၊ ဖျာသိမ်းသည်အထိ နှစ်ပါးသွားကနေရသည်ဟု အိပ်မက်မက်ပါသည်။

သူသည်ထိုသို့ပင် ညစဉ်ဆယ်ရက်မျှ ဖျားပါတော့သည်။ နှလုံးသွေးများ တဒိတ်ဒိတ်နှင့် ကောင်လေးကို အနားမှာကပ်၍ စောင့်လျှောက်စေ ၏။ စေတနာအပြည့်ဖြင့် ထမ်းရွက်နေသောကောင်လေး အားကြည့်၍ သူအားရ၏။ ကျေနပ်၏။ ထို့ကြောင့် ယနေ့ညတွင် သူဖျားဖို့ပင် မလိုတော့ဟု ဆုံးဖြတ်လိုက်ပါသည်။ အရိုင်းဆန်သော ကောင်လေး၏သွေးတွေ ဆူပွက်လာစေဖို့ ဝိုင်ပြင်းပြင်းတစ်ပုလင်းကိုဖွင့်၍ ကောင်လေးနှင့်အတူ သောက်လိုက်၏။

ပြာသောအိပ်ခန်းလေးသည် ကောင်လေး၏အမြင်တွင် လှိုင်းထန်နေသော ပင်လယ်ပြင်ကြီးအဖြစ် မြင်လာစေရန် ဝိုင်ကို ပိုပိုလေး တိုက်ထားလိုက်ပါသည်။ တွန့်ဆုတ်ဆုတ်လုပ်လျက် အတွေ့နုနု ကောင်လေးက ရီဝေဝေကြားမှ ငြင်းဆန်နေပါသည်။ မျက်လုံးကြီးပြူးလျက်က သူ ပြောသမျှကို အံ့အားသင့်နေပြန်သေး ၏။ ထိုမှ ကောင်လေးသည် အမူးပြေသွားဟန်ရှိသည်။ တွန့်ဆုတ်ဆုတ်လုပ်လျက် နံရံမှာ ကပ်နေတော့၏။ သည်လို အူရိုင်းလေးများကို သူ သိပ်ကြိုက်ပါသည်။ ပုံသွင်းရလည်း သိပ်လွယ်၏။ သို့သော် သဘောမတူကြောင်းကို နှုတ်နှင့်ရော အမူအယာဖြင့်ပါ ကောင်လေးက ပြလာတော့ သူနည်းနည်းတော့ အခက်ကြုံသွား၏။ ဟင့်အင်း သည်နေရာမှာ ဆရာတစ်ဆူဖြစ်နေသော သူ့အဖို့မှာက ကောင်လေး၏ ငြင်းသံကို ဂရုမစိုက်နိုင်ပါ။ ငွေနှင့်စပ်၍ ဝယ်ထားသည်မှာ သည်နေရာတွင် အသုံးချရန် ဖြစ်၏။ သဘောမတူ လျှင် ပေးထားသမျှ ငွေအကုန် ပြန်လျော် ပေးရမည်။ ထိုသို့အဓိပ္ပာယ်သက်ရောက် သောစကားကို သူ ခပ်ပြတ်ပြတ်ပင် ပြောချလိုက်တော့ ကောင်လေး ငိုင်ဆင်းသွား ပါတော့သည်။

အခန်း (၄)

သမင်ပျိုသားကို အဝစားလိုက်ရ၍ သူသည် နှစ်နှစ်ချိုက်ချိုက်ပင် အိပ်ပျော် သွားပါသည်။ လများစွာ ပျောက်ကွယ်နေခဲ့သော စည်းစိမ်တစ်ခုကို ယနေ့ညမှ ပြန်ရှာ၍ တွေ့ခဲ့ရခြင်းဖြစ်၏။ ဤစည်းစိမ်ကိုရဖို့ သမင်တစ်ကောင်ကို အချိန်များစွာ၊ ငွေများစွာပေး၍ စိတ်ရှည်ရှည်ထားကာ မွေးမြူခဲ့ရပါသည်။

ညဉ့်သုံးနာရီလောက်တွင် တစ်ရေးအဖြစ်သူ ခဏနိုးလာသည်။ သူ့ဘေးနားတွင် ကောင်လေးကို မတွေ့ရ၍ စိတ်အနည်းငယ်ပူသွားမိ၏။ ရှက်ပြီး အောက်ထပ်သို့ ဆင်းသွားသည် ထင်သည်။ ရှက်ရှာပေလိမ့်မည်။ နံနက်လင်းမှ ယခင်ကောင်လေးများနည်းတူ ငွေပေး၍ နှစ်သိမ့်ရမည်။ ယခုတော့ သူသည် တစိမ့်စိမ့်တွေးလျက်မှ ပြန်၍ အိပ်ပျော်သွားပြန် သည်။

“အား…………………………………………….”
လည်ပင်းတစ်လျှောက်မှ ပူလောင် ပြင်းရှသော ဝေဒနာကြောင့် သူသံကုန်ခြစ်၍ အော်ချလိုက်သော်လည်း အသံက ထွက်မလာတော့ပါ။ အိပ်မက်ယောင်နေသည်ဟု ထင်လိုက်မိ၍ အိပ်နေလျက်က ခုန်ထဖို့ ကြိုးစားလိုက်၏။ မရပါ။ လှုပ်၍ပင် သိပ်မရတော့ပါ။ ရင်ဘက်ပေါ်တွင် ခွထိုင်၍ ရှိသမျှခွန်အားနှင့်ကောင်လေးက သူ့လည်ပင်းကို ညှစ်နေခြင်းဖြစ်၏။ သူကလည်း ဒေါသထွက်ထွက်နှင့် ကောင်လေး၏လက်တွေကို အတင်းခွာချသည်။ မလုပ်ဖို့ ခြေဟန်လက်ဟန်ဖြင့် အမိန့်ပေးလိုက်သည်။ မရပါ။ မီးဝင်းဝင်းတောက်နေသော မျက်ဝန်းအစုံဖြင့် ကောင်လေး၏ လက်တစ်စုံသည် သူ့လည်ပင်းကို တိုး၍သာ ညှစ်နေပါတော့သည်။

သူသိလိုက်ပြီ။ သေရမည်ကိုလည်း ပို၍ ကြောက်လန့်လာပါသည်။ ထို့ကြောင့် ရှိသမျှအားကို စိုက်၍ တစ်ချက် ဆောင့်ရုန်းချလိုက်၏။ ခြေလက်အစုံကို စုံကန်၍အတင်းပင် ကော့ထိုး၍ ခါချပစ်လိုက်ပါသည်။ မရပါ။ တစ်သက်လုံး ဘာမျှခွန်အားစိုက်၍ အလုပ်မလုပ်ဘူးသော သူ့အတွက် အကြမ်းသမားကောင်လေးကို ဘယ်လိုမှမယှဉ်နိုင်ပါ။

သူ့ရဲ့ တွန်းထိုးကန်ကြောက်မှုကြောင့် ညက ကောင်လေးကို တိုက်ခဲ့သော လက်ကျန်ဝိုင်နီနီများကသာ အိပ်ရာခင်း ဖြူဖြူပေါ်သို့ မှောက်ကျကာ စွန်းထင်းကုန်ပါတော့သည်။ ကောင်လေး၏ သန်မာသောလက်နှစ်ဖက်ကတော့ သူ့လည်ချောင်းထဲ ကျွံဝင်သွားမတတ်ပင် အတင်းပင် ညှစ်ထားတော့သည်။ နောက်ဆုံးတော့ သူသည် ဆတ်ခနဲဆတ်ခနဲ အကြောများဆွဲ၍ မျက်လုံးကြီးပြူးလျက်မှ ငြိမ်၍ကျသွားပါတော့သည်။
ကောင်လေးကတော့ သူ့လက်တွေကို သူပြန်ကြည့်နေသည်။ ညဉ့်ဦးယံက သူ့ဘဝကိုလည်း သူပြန်၍ တွေးနေဟန်တူ၏။ ငြိမ်လျက်ရပ်နေရာမှ မျက်ရည်တွေ ကျနေ၏။ ထိုမှ ဝိုင်အနီတွေပေကျန်နေပြီး တွန့်လိမ်ကြေမွနေသော အိပ်ရာတွေကို ကြည့်ပြန်သည်။ အဝတ်မဲ့ခန္ဓာကြီးနှင့် ငြိမ်သက်နေသော သူ့ကိုတွေ့တော့ ကောင်လေးနှုတ်ခမ်းက မဲ့သွားသည်။

ထို့နောက်….ကောင်လေးသည် သူ့ အခန်းတွင်းမှ ဒုန်းစိုင်း၍ ပြေးထွက်သွားပါတော့သည်။

အိမ်ကြီးအတွင်းမှာတော့ လည်ပင်းမှာ အညိုအမည်းများစွဲ၍ စင်းစင်းကြီး သူ လဲလျောင်းနေသည်။ ငွေကို အရင်းထောင်ကာ လူ့ကျင့်ဝတ်တရားများကို ဆန့်ကျင်၍ သမင်များစွာ မွေးခဲ့၏။ သမင်သားကို စားခဲ့၏။ ငွေဆိုသော မက်လုံးနှင့် မြှိုက်လျှင် သမင်တို့သည် ငိုက်စိုက်၊ ငိုက်စိုက်နှင့် ပါလာလိမ့်မည်ဟု တွက်ခဲ့သည်။ ပါလာသော သမင်များစွာလည်း ရှိခဲ့ပါသည်။ သို့သော် ယခုနောက်ဆုံး သမင်ပျိုကတော့ သူ့ညွတ်ကွင်းမှာ မသက်ဆင်းပါဘဲ သူ့ကိုသာလျှင် ပြန်လည် ဒဏ်ခတ်ကာ ရုန်းထွက်၍ သွားပါတော့သည်။

                                                                                                                                                         ဘိုဘိုသန့်ဇင်(မြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.