အခက်အခဲကြားက အောင်မြင်ခဲ့တဲ့ ပုသိမ်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေရဲ့ LGBT စကားဝိုင်း

ပုသိမ်တက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူတွေ ဦးဆောင်ပြုလုပ်တဲ့ LGBT နဲ့သက်ဆိုင်တဲ့ စကားဝိုင်းတစ်ခုကို အခက်အခဲတွေကြားက ကျင်းပခဲ့တာဖြစ်ပေမယ့် မထင်ထားလောက်အောင် အောင်မြင်မှုရရှိခဲ့တယ်လို့ ပွဲစီစဉ်သူတွေထံက သိရပါတယ်။

အဆိုပါ စကားဝိုင်းပြုလုပ်ဖို့ ကျောင်းမှာခွင့်ပြုချက် အကြိမ်ကြိမ်တောင်းခံခဲ့ပေမယ့် ခွင့်ပြုချက်မရတာကြောင့် ပုသိမ်တက္ကသိုလ်ဘေးက Royal Lake ပန်းခြံမှာ ဖေဖော်ဝါရီလ (၇)ရက်နေ့က ကျင်းပခဲ့တာ ဖြစ်ပါတယ်။

“ကျောင်းမှာ ဒီပွဲလေးလုပ်မယ်ဆိုပြီး LGBT ကျောင်းသား၊ ကျောင်းသူတွေကို ပထမဆုံးအစည်းအဝေး ခေါ်တယ်။ ကျောင်းသားသမဂ္ဂကနေတဆင့် စာတင်တာ ဘုတ်အဖွဲ့ဆုံးဖြတ်ချက်အရ လုပ်ခွင့်မပြုခဲ့ဘူး။ ကျောင်းသားသမဂ္ဂရုံးခန်းကို တောင်းတော့လည်း နောက်ပိုင်း ခွင့်မပြုပြန်ဘူး။ အခက်အခဲတွေ အများကြီးပါ။ ပွဲမလုပ်ဖြစ်တော့ဘူး ပျက်သွားတာ။ ပြန်စုလုပ်ရတယ်။ အသံချဲ့စက်လည်း ငှားမရဖြစ်ခဲ့တာ။ အဲကြောင့် ကျောင်းဘေးက ပန်းခြံမှာ လုပ်ဖြစ်သွားတာ။ ပွဲက ခန့်မှန်းထားတာထက် ပိုအောင်မြင်ခဲ့တယ်။ တခြားကျောင်းတွေကပါ လာကြတာ”လို့ ပွဲစီစဉ်သူ မအေးမြတ်မွန်မိုးက ပြောပါတယ်။

အဆိုပါ စကားဝိုင်းကို ကျောင်းတွင် LGBT တွေကို နားလည်လက်ခံပေးတတ်ရန်၊ LGBT တစ်ယောက်အနေနဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိလာစေရန်နဲ့ LGBT အချင်းချင်း တန်ဖိုးထားတတ်စေရန် ရည်ရွယ်ခဲ့တာဖြစ်ပြီး နောက်ထပ် ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားလွှတ်တော်မှာလည်း LGBT ကို ကဏ္ဍတစ်ခုအနေနဲ့ ထည့်သွင်းပေးရန် တောင်းဆိုသွားဖို့ ရှိတယ်လို့ သိရပါတယ်။

ပုသိမ် LGBT စကားဝိုင်းဖြစ်မြောက်ရေးအတွက် LGBT အခွင့်အရေးကို ဆောင်ရွက်နေတဲ့ Colors Rainbow အဖွဲ့အစည်းက ထောက်ပံ့ပေးခဲ့ကာ ပုသိမ်တက္ကသိုလ်က LGBT ကျောင်းသား၊ ကျောင်းသူတွေသာမက LGBT မဟုတ်တဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၆၉)ဦးခန့် တက်ရောက်ခဲ့ကြပါတယ်။

“ကလေးတွေက အခက်အခဲကြားကနေ စီစဉ်နိုင်ခဲ့တယ်။ အပြင်အဆင်လည်း သူတို့ပဲ။ အစ်မကတော့ စွမ်းရည်ပြည့်ဝကြတယ်လို့ ပြောချင်ပါတယ်။ ကျောင်းက ခွင့်မပြုပေမယ့် ပန်းခြံမှာ စုစုစည်းစည်းနဲ့ လုပ်ကြတာ။ ကျောင်းသား၊ ကျောင်းသူတွေ အများကြီး လာတက်ကြတယ်။ အောင်မြင်တဲ့ပွဲလေးတစ်ခုမို့ ဂုဏ်ယူမိပါတယ်” လို့ Colors Rainbow မှ ရှင်းသန့်က ပြောပါတယ်။

အဆိုပါ စကားဝိုင်းတွင် Colors Rainbow မှ Deputy Director လှမြတ်ထွန်း၊ ရှင်းသန့်နဲ့ LGBT အနုပညာရှင် ပိုင်စိုးစံတို့မှ ဘဝဖြတ်သန်းပုံ၊ မြန်မာနိုင်ငံအတွင်း LGBT အရေးလှုပ်ရှားမှု၊ နိုင်ငံတကာမှ LGBT အရေးဆောင်ရွက်မှု၊ ဥပဒေအကြောင်းအရာများ၊ ကျန်းမာရေးကဏ္ဍတွေနဲ့ အခြား ဗဟုသုတသိမှတ်စရာများကို မျှဝေပေးသွားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.