အပူရှပ်ခြင်းနှင့် သတိပြုစရာများ

နွေဆိုတဲ့ ကာလတစ်ခုကို ရောက်လာပြန်ပြီဆိုတော့ ပူပြင်းတဲ့ ရာသီမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို နေထိုင်ကြမလဲဆိုတာရယ်၊ ဒီရာသီမှာ ဖြစ်တတ်တဲ့ ရောဂါတွေရယ်ကို လက်လှမ်းမီသလောက် လေ့လာထားတာလေးတွေနဲ့ သိစေချင်တာလေးတွေရယ်ကို ပေါင်းပြီး ဝေမျှလိုက်ပါတယ်။

နှစ်ဆယ့်တစ်ရာစုမှာ ကမ္ဘာကြီးရဲ့ အသိသာဆုံးသော ပြောင်းလဲလာမှုကတော့ ပူနွေးလာခြင်းပါပဲ။ ရာသီဥတု ဖောက်ပြန်မှုတွေက နေရာတကာမှာ တွေ့မြင်လာရပြီး ကမ္ဘာ့နိုင်ငံအသီးသီးက လူသားတွေဟာ သဘာဝ ဘေးအန္တရာယ်တွေကို အလူးအလဲ ခံနေကြရပါတယ်။ မကြာသေးမီကပဲ ကျွန်တော် တက်ရောက်ခဲ့ဖူးတဲ့ Climate Change ခေါင်းစဉ်နဲ့ စာတမ်းဖတ်ပွဲလေးတစ်ခုမှာ တက်ရောက်လာသူတွေနဲ့အတူ ရာသီဖောက်ပြန်လာမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတော့ နိုင်ငံခြားသူ သုတေသနဆရာမက ကျွန်တော့်ကို ပြောပါတယ်။

“ဖောက်ပြန်ပြောင်းလဲနေပြီဖြစ်တဲ့ ရာသီဥတုကို ကျွန်မတို့ ပြုပြင်ယူဖို့ မလွယ်ဘူး။ ဖြစ်နေတဲ့ ရာသီဥတုမှာ ကျမတို့ လူသားတွေ ဘယ်လို လိုက်လျောညီထွေဖြစ်အောင် အသက်ရှင်နေထိုင်မလဲလို့ စဉ်းစားတာက အကောင်းဆုံးပါပဲ” တဲ့။ ဆရာမပြောတဲ့ အချက်က စဉ်းစားစရာပါ။ ကျွန်တော်တို့တွေ လက်ရှိ သဘာဝ ပတ်ဝန်းကျင်ကို တတ်နိုင်သမျှ ထိန်းသိမ်းရင်း ရာသီဥတု ဖောက်ပြန်မှု မဖြစ်အောင် တစ်ဖက်က သစ်ပင်တွေ စိုက်တာ၊ လေထုညစ်ညမ်းမှု နည်းအောင် လုပ်ဆောင်တာ အစရှိတဲ့ လုပ်ဆောင်မှုတွေလောက်ပဲ လုပ်နိုင်ကြပါတယ်။ အကောင်းဆုံးကတော့ ကျွန်တော်တို့ လူသားတွေက ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေဖြစ်အောင် ဆင်ခြင်ပြီး နေထိုင်သင့်တယ်လို့ ကျွန်တော်လည်း ယူဆပါတယ်။

ဖတ်ခဲ့ဖူးတဲ့ စာအုပ်တစ်အုပ်အရဆိုရင် ကမ္ဘာမှာ ဖန်လုံအိမ် အာနိသင်တွေကြောင့် ၂၁၀၀ ခုနှစ်ရောက်ရင် နောက်ထပ် (၁.၄) ကနေ (၄) ဒီဂရီ စင်တီဂရိတ်ထိ တိုးလာနိုင်တယ်လို့ ဖတ်ရပါတယ်။ ဒါဟာ လူသားတွေအတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။

ကျွန်တော် ဒီဆောင်းပါးမှာ မျှဝေချင်တဲ့ အကြောင်းအရာကတော့ Heat Stroke လို့ ခေါ်တဲ့ အပူရှပ်ခြင်း အကြောင်းပဲ ဖြစ်ပါတယ်။
အပူရှပ်ခြင်းဆိုတာက ခန္ဓာကိုယ်အတွင်း အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက်အထက်ထိ တက်ပြီး ကယောင်ကတမ်းတွေ ဖြစ်လာမယ်၊ တက်မယ်၊ သတိလစ်မယ်စတဲ့ အာရုံကြောစနစ်တွေကိုပါ ထိခိုက်ခြင်းကို ဆိုလိုပါတယ်။ အပူရှပ်ခြင်းကို နှစ်မျိုးခွဲထားတယ်လို့ ဆိုပါတယ်။

Non- Exertional Heat Stroke နဲ့ Exertional Heat Stroke ပါ။ Non- Exertional Heat Stroke ဆိုတာက ပူပြင်းတဲ့ အပူချိန်ကို ထိတွေ့လို့ ဖြစ်တာကိုမျိုးကို ခေါ်ပြီး Exertional Heat Stroke ဆိုတာက ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို လုပ်လို့ ကိုယ်အပူချိန် တက်ပြီး ဖြစ်ရတာကို ဆိုလိုပါတယ်။

အပူရှပ်ခြင်းကို အဓိကဖြစ်စေနိုင်တဲ့ အဓိက အကြောင်းတရားတွေကတော့ ရာသီဥတု အပူရှိန်ကြောင့်၊ တင်းကျပ်တဲ့ အဝတ်အစားတွေ ဝတ်ဆင်မှုကြောင့်၊ သက်ကြီးရွယ်အိုတွေမှာ အသားအရေ ပါးလွှာမှုတွေကြောင့်၊ သွေးလည်မှုတွေ မကောင်းတာကြောင့်၊ အရက်မှီဝဲမှုကြောင့်တွေကြောင့်လို့ ဖတ်ရပါတယ်။

အပူရှပ်ခြင်းကို အဓိကဖြစ်စေနိုင်တဲ့ အဓိက အကြောင်းတရားတွေကတော့ ရာသီဥတု အပူရှိန်ကြောင့်၊ တင်းကျပ်တဲ့ အဝတ်အစားတွေ ဝတ်ဆင်မှုကြောင့်၊ သက်ကြီးရွယ်အိုတွေမှာ အသားအရေ ပါးလွှာမှုတွေကြောင့်၊ သွေးလည်မှုတွေ မကောင်းတာကြောင့်၊ အရက်မှီဝဲမှုကြောင့်တွေကြောင့်လို့ ဖတ်ရပါတယ်။

အပူရှပ်ခြင်းကို အဓိကခံရတဲ့ အသက်အပိုင်းအခြားတွေကတော့ အသက် (၆၅) နှစ်နဲ့ (၆၅) နှစ်အထက် လူကြီးပိုင်းတွေနဲ့ အသက် (၄) နှစ်နဲ့ (၄)နှစ်အောက်တွေ ဖြစ်ပါတယ်။

အပူရှပ်ခြင်းက သေစေနိုင်တဲ့ ရောဂါမို့ ပေါ့နေလို့ မရပါဘူး။ ကျွန်တော် တစ်ခု သတိထားမိတာက အပူရှပ်ခြင်းကို အမျိုးသမီးတွေနဲ့စာရင် အမျိုးသားတွေက ပိုခံရပါတယ်။ ကျွန်တော်ထင်တာတော့ အဲဒါ အရက် (Alcohol) ကြောင့်လို့ ထင်ပါတယ်။ အရက်က သွေးလည်ပတ်မှု ကောင်းစေပြီး Metabolism လို့ခေါ်တဲ့ ဇီဝဖြိုခွဲမှုကို မြန်စေပါတယ်။ အဲဒီတော့ ကိုယ်အပူချိန် တက်ပါတယ်။ ကျွန်တော် စပ်စပ်စုစု လေ့လာကြည့်တော့ ၂၀၁၀ ခုနှစ်က မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှာ တက်ရောက်ခဲ့တဲ့ အပူရှပ်လူနာ (၄၄၀) မှာ အမျိုးသားက (၂၉၅) ယောက်ဖြစ်နေပြီး အမျိုးသမီးဦးရေက (၁၄၅) လောက်ပဲ ရှိတာကို တွေ့ရပါတယ်။ ခုတင် (၃၀၀) ဆံ့ ဆေးရုံကြီးမှာတော့ လူနာ (၈၁) ယောက်မှာ အမျိုးသားက (၅၁) ယောက်ဖြစ်ပြီး အမျိုးသမီးတွေက (၃၁) ယောက်သာ ရှိခဲ့တာကို တွေ့ရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် အပူရှပ်ခြင်းကို ပိုခံစားရတယ်ဆိုတာကို သိနိုင်ပါတယ်။

Jacks (2010) American United State က အပူရှပ်ခြင်းဆိုတာဟာလည်း လူသတ်သမားလို့ ဆိုထားပါတယ်။ နိုင်ငံတကာ ရာသီဥတု စာရင်းဇယား (National Weather Service) အရ အပူရှပ်ခြင်းကြောင့် သေရတဲ့ လူဦးရေဟာ တခြားသဘာဝ ဘေးအန္တရာယ်တွေဖြစ်တဲ့ မြေပြိုတာ၊ လေမုန်တိုင်းဒဏ်တွေထက် ပိုများတယ်လို့ ဗဟုသုတဖြစ်ဖွယ် သိခဲ့ရပါတယ်။

Ministry of Health in Myanmar (2010) ကထုတ်တဲ့ စာအုပ်မှာတော့ အပူရှပ်ခြင်း (Heat Stroke) နဲ့ ပတ်သက်ပြီး အခုလို ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ဖော်ပြထားပါတယ်။ မနက် (၁၀) နာရီကနေ ညနေ (၅) နာရီအထိ မြစ်ဆိပ် သို့မဟုတ် ရေချိုး ရေကန်တွေမှာ ရေချိုးခြင်းကို ရှောင်ရပါမယ်။ အပြင်မှ ပြန်ရောက်တာနဲ့ ရေချိုးတာကို ရှောင်ရပါမယ်။ ပူအိုက်တဲ့ရာသီမှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်း လုပ်တာတွေကို ရှောင်ရပါမယ်။ အရက်မှီဝဲတာကို ရှောင်ရပါမယ်။ နေပူထဲ သွားရင်တော့ ဦးထုပ် သို့မဟုတ ်ထီးဆောင်သွားပါ။ သက်တောင့်သက်သာ ဖြစ်စေပြီး အရောင်ဖျော့တဲ့ အဝတ်အစားကို ရွေးပါ။ ချွေးထွက်သန်ပါက ဓါတ်ဆားရေ သောက်ပေးပါ။ ကုန်ဆုံးသွားတဲ့ ချွေးထဲမှာ ဆိုဒီယမ်လို့ခေါ်တဲ့ ဆားဓါတ် ပါပါတယ်။ ဒါကြောင့် ဓာတ်ဆားရည် ပြန်ဖြည့်ပေးရင် ချွေးထွက်များလို့ နှုံးချိတာမျိုးကို သက်သာစေပါတယ်။ ပူပြင်းတဲ့ နွေရာသီရောက်လာရင် အပူဒဏ်ကို ကာကွယ်ဖို့၊ သတိရှိကြဖို့ ကျန်းမာရေး ဝန်ကြီးဌာနကလည်း မီဒီယာများကတဆင့် အသိပေးတာမျိုးတွေ ရှိပါတယ်။

တကယ်လို့ ကိုယ့်ပတ်ဝန်းကျင်မှာ အပူရှပ်ခံရတဲ့ လူတစ်ယောက် တွေ့ရင် ဘာလုပ်သင့်လဲ သို့မဟုတ် ဘယ်လို ကူညီနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေကို ကျွန်တော်တို့ သိထားသင့်ပါတယ်။ ပထမဦးဆုံး လူနာကို အရိပ်ရတဲ့ အေးမြတဲ့နေရာကို ရွှေ့ထားပေးပါ။ တင်းကြပ်နေတဲ့ အဝတ်တွေကို လျော့ပေးပါ။ ရေအေးကို အသုံးပြုပြီး ရေဝတ်တိုက်တာမျိုး လုပ်ပေးပါ။ ရေအေးဆိုတဲ့နေရာမှာ ရေခဲရေကို အတတ်နိုင်ဆုံး မသုံးပါနဲ့။ အန္တရာယ် များပါတယ်။ လေဝင်လေထွက် ကောင်းပါစေ။ လူနာအနား ဝိုင်းအုံပြီး ပြုစုခြင်းကို ရှောင်ပါ။ အပူဒဏ်ကြောင့် ရေဓာတ် ခမ်းခြောက်တာမျိုးတွေ မဖြစ်ရအောင် ဓါတ်ဆားရေ တိုက်ပေးပါ။ ဒီနည်းလမ်းတွေကို သိထားခြင်းဖြင့် အပူရှပ်ခံရတဲ့သူတွေကို ကူညီနိုင်ပါတယ်။

နောက်ပြီး နေရောင်နဲ့ ထိတွေ့ရတဲ့အခါ ဂရုစိုက်ရမှာက အိုဇုန်းလွှာ ပျက်စီးမှုတွေကြောင့် ခရမ်းလွန်ရောင်ခြည်တွေက ကမ္ဘာပေါ် ကျရောက်မှု များလာခြင်းကို သတိထားရပါမယ်။ လတ်တလော သတင်းစာတွေမှာ ဖော်ပြနေရတာကို ကြည့်ရရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စစ်ကိုင်းတိုင်း ဒေသကြီးနဲ့ ကချင်ပြည်နယ်မှလွဲပြီး ကျန်ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ခရမ်းလွန်ရောင်ခြည် ကျရောက်မှု အန္တရာယ် များပြားနေတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် ပိုပြီးဆိုးရွားနေတယ်လို့ မိုးလေဝသ ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။ မနက်ခင်း (၉)နာရီနဲ့ (၁၀) နာရီကြား နေရောင်မှာ ခရမ်းလွန်ရောင်ခြည် (Ultra Violet Ray) တွေ ပိုပါဝင်တယ်လို့ ကျွန်တော် စာအုပ်တစ်အုပ်မှာ ဖတ်ဖူးပါတယ်။ တကယ်လို့ နေပူမရှောင် အလုပ်ဆင်းနေရတဲ့သူတွေ ဆိုရင်တော့ ဒီအချက်တွေကို အထူးသတိထားရပါမယ်။ အရင်ကတော့ အရေပြားကင်ဆာဆိုတာ သိပ်မရှိဘူးဆိုပေမယ့် အခုနောက်ပိုင်း ပိုပြီး အဖြစ်များလာတယ်လို့ ကျန်းမာရေး စာစောင်တွေမှာ တွေ့နေပါတယ်။ အားကစားလုပ်တဲ့သူ ဒါမှမဟုတ် နေရောင်ထဲ ပင်ပင်ပန်းပန်း လုပ်ရတဲ့သူတွေဆိုရင်တော့ Electrolytes လို့ခေါ်တဲ့ ဓာတ်တွေ ဆုံးရှုံးတာမို့ Hydrate လို ရေဆူဆေးပြား ဒါမှမဟုတ် သီးစုံဓာတ်ဆားကို သောက်သင့်ပါတယ်။
ရူပဗေဒ သဘောတရားအရ အမဲရောင်က Black Body ဖြစ်တဲ့အတွက် အပူစုပ်ယူမှု များပါတယ်။ ဒါကြောင့် ပူပြင်းတဲ့ နွေရာသီမှာ အမဲရောင် အဝတ်အစားတွေကို မဝတ်သင့်ပါဘူး။ အရောင်ဖျော့ဖျော့တွေက အပူစုပ်ယူမှု နည်းလို့ အရောင်ဖျော့တဲ့ အဝတ်အစားတွေကို ရွေးချယ်သင့်ပါတယ်။ ချည်သားဆိုရင် ပိုကောင်းပါတယ်။ နေပူထဲက ပြန်လာပြီး ရုတ်တရက် ရေခဲရေ သောက်ချလိုက်တာမျိုး၊ ရေချိုးခန်းထဲ ပြေးဝင်ပြီး ခေါင်းလျှော် ရေချိုးတာမျိုးကို ရှောင်သင့်ပါတယ်။

ချွေးထွက်သန်သူဆိုရင်တော့ အစားအသောက်ကို ဂရုစိုက်ပါ။ ချွေးနံ့ မနံအောင် Lotion ဖြစ်စေ၊ Powder ဖြစ်စေ သုံးသင့်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေ နှစ်လီတာ သောက်ပေးပါ။ အရေပြားတွေ ခြောက်သွေ့မှု မဖြစ်တော့ဘူးပေါ့။ အသီးအရွက် များများ စားပေးပါ။

တကယ်လို့ ကိုယ့်ပတ်ဝန်းကျင်မှာ အပူရှပ်ခံရတဲ့ လူတစ်ယောက် တွေ့ရင် ဘာလုပ်သင့်လဲ သို့မဟုတ် ဘယ်လို ကူညီနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေကို ကျွန်တော်တို့ သိထားသင့်ပါတယ်။ ပထမဦးဆုံး လူနာကို အရိပ်ရတဲ့ အေးမြတဲ့နေရာကို ရွှေ့ထားပေးပါ။ တင်းကြပ်နေတဲ့ အဝတ်တွေကို လျော့ပေးပါ။ ရေအေးကို အသုံးပြုပြီး ရေဝတ်တိုက်တာမျိုး လုပ်ပေးပါ။ ရေအေးဆိုတဲ့နေရာမှာ ရေခဲရေကို အတတ်နိုင်ဆုံး မသုံးပါနဲ့။ အန္တရာယ် များပါတယ်။ လေဝင်လေထွက် ကောင်းပါစေ။ လူနာအနား ဝိုင်းအုံပြီး ပြုစုခြင်းကို ရှောင်ပါ။ အပူဒဏ်ကြောင့် ရေဓာတ် ခမ်းခြောက်တာမျိုးတွေ မဖြစ်ရအောင် ဓါတ်ဆားရေ တိုက်ပေးပါ။ ဒီနည်းလမ်းတွေကို သိထားခြင်းဖြင့် အပူရှပ်ခံရတဲ့သူတွေကို ကူညီနိုင်ပါတယ်။

အပူရှပ်ခြင်းဆိုတာ တကယ်တော့ လူသားတွေအတွက် အရမ်းအန္တရာယ်များတဲ့၊ အသက်သေစေနိုင်တဲ့ လူသတ်သမားလို့တောင် ပြောလို့ ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ အားလုံး သတိရှိသင့်ပါတယ်။ အထက်မှာ ရေးသားဖော်ပြခဲ့တဲ့ အပူရှပ်ခြင်းနဲ့ ပတ်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ဖတ်ပြီး မကြာခင် ရောက်လာတော့မယ့် ပူပြင်းတဲ့ နွေအချိန်အခါကို ကျန်းမာပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ဝိုင်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.