အားလုံးဟာ လူသားဆိုတဲ့ ခေါင်းစဉ်အောက်မှာရှိလို့ ဘယ်သူ့အပေါ်ကိုမှ ခွဲခြားဆက်ဆံခြင်း မပြုသင့်ဘူးလို့ ဆိုလိုက်တဲ့ အကယ်ဒမီ ပိုင်ဖြိုးသု

MRTV မှာပြသနေတဲ့ “အပ်ဖျားတစ်ထောက်” ရုပ်မြင်သံကြားဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီး အကယ်ဒမီ ပိုင်ဖြိုးသုက အားလုံးဟာ လူသားဆိုတဲ့ ခေါင်းစဉ်အောက်မှာရှိလို့ ဘယ်သူ့အပေါ်ကိုမှ ခွဲခြားဆက်ဆံခြင်းမပြုသင့်ဘူးလို့ ပြောလိုက်ပါတယ်။

ပိုင်ဖြိုးသုအနေနဲ့ အောက်တိုဘာလ(၁၂)ရက်က Orchid hotel မှာ ပြုလုပ်ခဲ့တဲ့ LGBT သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ “အပ်ဖျားတစ်ထောက်” ဇာတ်ကားရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲမှာ အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်မထင်တာက လူသားဆိုတဲ့ခေါင်းစဉ်အောက်မှာ ကျွန်မတို့ ရှိတာကိုး။ Gay ပဲဖြစ်ဖြစ် အကုန်လုံးက လူသားဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ ရှိတယ်။ ဘယ်သူအပေါ်ကိုမှ ခွဲခြားဆက်ဆံခြင်းမပြုဘဲ အားလုံးကို တပြေးညီ၊ တညီတည်း လူသားအချင်းချင်း မေတ္တာထားနိုင်ရင် အားလုံးက ဆိုးဆိုးဝါးဝါးတွေ လောကမှာ ဖြစ်မလာတော့ဘူး။ ကမ္ဘာကြီးက ငြိမ်းချမ်းမယ်လို့ ကျွန်မယုံကြည်တယ်” လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

မတူကွဲပြားမှုမှသည် တူညီသော လူ့အသိုက်အဝိုင်းဆီသို့ ပေါင်းကူးဆက်သွယ်ပေးမယ့် “အပ်ဖျားတစ်ထောက် “ရုပ်မြင်သံကြားဇာတ်လမ်းတွဲမှာ သူမအပါအဝင် LGBT မျက်နှာသစ် သရုပ်ဆောင်(၃)ဦးနဲ့ အောင်မြင့်မြတ်၊ ရဲမင်းနိုင်၊ ဆန်းမွန်း၊ အောင်ကျော်စိုး၊ ဝေဖြိုး အပါအဝင် အခြားသရုပ်ဆောင်များစွာလည်း ပါဝင်ထားကာ မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ရတဲ့ သူမအတွက် အတွေ့အကြုံများစွာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“မတူတဲ့ ကာရိုက်တာတွေ မတူတဲ့လူတွေနဲ့ ခံစားသရုပ်ဆောင်ရတဲ့အတွက် အဲ့လိုလူတွေကို ပိုပြီးကိုယ်ချင်းစာတတ်သွားတယ်။ ကိုယ်သာ သူ့နေရာမှာဆိုတဲ့ စိတ်ကလေး သူတို့တွေဘဝကို ပိုနားလည်သွားတယ်”လို့ သူမရဲ့ ရင်တွင်းစကားလေးကို အခုလို ထပ်မံ ပြောပါတယ်။

လူငယ်များ မူးယစ်ဆေးဝါးသားကောင်မဖြစ်စေရန်နဲ့ လူမှုနယ်ပယ်မှာ တဦးနဲ့တဦး ပေါင်းသင်းဆက်ဆံမှုကို ရည်ရွယ်ဖော်ကျုးထားတဲ့ ဒီဇာတ်လမ်းတွဲမှာ သူမအနေနဲ့ မှုးယစ်ဆေးဝါးစွဲနေတဲ့ မင်း သား အောင်မြင့်မြတ်ရဲ့ ရည်းစားနေရာကနေ သရုပ်ဆောင်ခဲ့ရပြီး ပရိသတ်အတွက် အကျိုးရှိမယ့်အရာတစ်ခုခုမှာ သရုပ်ဆောင်ခြင်းနဲ့အားဖြည့်ပေးရလို့ ကျေနပ်ပါတယ်လို့လည်း ဆိုထားပါတယ်။

“ပါဝင်တဲ့လူတွေ အားလုံး ကြိုစားထားတယ်။ အားလုံးကို မယူရင်တောင် ဒီထဲက တစ်စုံတစ်ခုတော့ မက်ဆေ့ကလေးကိုယူပြီး ပြုပြင်ပြောင်းလဲလိုက်တယ်ဆိုရင် ဒီစီးရီးလေးကို ရိုက်ရကျိုးနပ်ပါပြီ” လို့ သူမက ဇာတ်ကားအပေါ်ထားတဲ့ စိတ်နဲ့အခုလို ပြောပါတယ်။

အကယ်ဒမီ ပိုင်ဖြိုးသုအနေနဲ့ ၂၀၁၇ခုနှစ်မှာ ဒါရိုက်တာ အကယ်ဒမီ ဝိုင်း ရိုက်ကူးတဲ့ “သရဲမ ၊ ဘီလူးမနဲ့ မိန်းမပျို” ရုပ်ရှင်ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.