အိန္ဒိယမှာ ကျောင်းသူတစ်ဦး လယ်စဘီယံဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးမျိုးအနိုင်ကျင့်ခံခဲ့ရ

လယ်စဘီယံဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိန္ဒိယနိုင်ငံမှာ အသက် (၁၅) နှစ်အရွယ် ကျောင်းသူလေး တစ်ဦးကို အဆောင်မှူးအပါအဝင် တခြားကျောင်းသူတွေက အမျိုးမျိုး အနိုင်ကျင့်နှိပ်စက်ခဲ့ကြတယ်လို့ The News Minute ရဲ့ ဝဘ်ဆိုက်ဒ်မှာ ရေးသားဖော်ပြထားပါတယ်။

Reshma လို့ အမည်လွှဲပြောင်းဖော်ပြထားတဲ့ သူမဟာ မဏိပူရ်ပြည်နယ်ကနေ မိုင်ထောင်ပေါင်းများစွာဝေးတဲ့ Karnataka ပြည်နယ်ရဲ့ ကွန့်ဗင့်ကျောင်းတစ်ကျောင်းမှာ ကျောင်းလာတက်နေသူ ဖြစ်ပါတယ်။

ကျောင်းရောက်ပြီး သိပ်မကြာခင်မှာ သူမဟာ လယ်စဘီယံဖြစ်တယ်ဆိုတဲ့ ကောလာဟလဟာ သူမနေထိုင်တဲ့ အဆောင်မှူးမှာ ပြန့်နှံ့သွားခဲ့ပြီး တခြားကျောင်းသူတွေရဲ့ အနိုင်ကျင့်စရာ ပစ်မှတ်တစ်ခု စတင်ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

အတူနေအခန်းဖော်နဲ့ အဆောင်သူတွေဟာ သူမအပေါ် ဘာလို့ ဒီလိုအနိုင်ကျင့် ရိုက်နှက်ကြတာလဲဆိုတာကို သူမအနေနဲ့ နားမလည်ဖြစ်ရတယ်လို့လည်း သူမက ပြောပါတယ်။ နောက်ပိုင်းမှာ အဆောင်မှူးက ဒီကိစ္စကို သိသွားပေမယ့်လည်း ကြားဝင်မဖြေရှင်းပေးတဲ့အပြင် သူမအပေါ် ဘုရားမကြိုက်တဲ့ လမ်းမှားရောက်နေတဲ့သူလို့ ထပ်မံပြစ်တင်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

“အခန်းဖော်တွေကနေ ကျွန်မအပေါ် စပြီးတော့ ရိုတ်တာပုတ်တာတွေ လုပ်လာတာက ဒီဇင်ဘာလအတွင်းမှာပါ။ သူတို့တွေ ဘာလို့ ဒီလိုလုပ်တာလဲဆိုတာကို နားမလည် နိုင်အောင်ပဲ။ အဆောင်မှူးက ဒီကိစ္စကို ကြားဝင်ဖြန့်ဖြေပေးမယ် ထင်ထားတာ။ နောက်တော့ သူကပါ ကျွန်မက ဘုရားမကြိုက်တဲ့လမ်းကို လျှောက်နေတဲ့သူဆိုပြီး ကျွန်မကို ပြစ်တင်ခဲ့တဲ့ အပြင် သူကပါ ရိုက်တဲ့အထိ ပါလာတယ်” လို့ Reshma က ပြောကြားကြောင်း The News Minutes ရဲ့ ဝဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

သူမနဲ့ အတူနေ အဆောင်သူတွေဟာ သူမအပေါ် လယ်စဘီယံဆိုတဲ့ စွပ်စွဲချက်နဲ့ သူမကို အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့ကြတဲ့အပြင် တစ်ခါတစ်ရံမှာ လူမဆန်တဲ့ နည်းလမ်းတွေနဲ့ပါ အနိုင်ကျင့်နှိပ်စက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ The News Minutes ရဲ့ ဝဘ်ဆိုက်ဒ်မှာ ဖော်ပြထားချက်အရ တစ်ကြိမ်မှာဆိုရင် အခန်းဖော်တွေက သူမကို လှုပ်မရအောင် ချုပ်ထားပြီး အဆောင်မှူးကိုယ်တိုင် သူမရဲ့ပါးစပ်ထဲ ငရုတ်သီးမှုန့်တွေ လောင်းထည့်ခဲ့တယ်လို့ ဆိုပါတယ်။

ပါးစပ်ထဲမှာ ငရုတ်သီးမှုန့်တွေကြောင့် အရမ်းပူစပ်နေပေမယ့် ရေသောက်ဖို့တောင် အဆောင်မှူးဖြစ်သူက ခွင့်မပြုခဲ့ကြောင်း The News Minutes ရဲ့ ဝဘ်ဆိုက်ဒ်မှာ ရေးသားထားပါတယ်။ အခုလို ညှဉ်းပမ်းနှိပ်စက်ရတာဟာ အမှားကို ဝန်ခံစေလိုတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ အဆောင်မှူးဖြစ်သူက သူမကို ပြောခဲ့ကြောင်း Reshma က ပြန်လည် ပြောပြခဲ့ပါတယ်။ Reshma ကတော့ သူမအပေါ် လယ်စဘီယံဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပေမယ့်လည်း ရိုက်နှက် ညှဉ်းပမ်းတာတွေကတော့ အမြဲလိုလို ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာ သူမအပေါ် စာနာတဲ့ သူငယ်ချင်းတစ်ချို့က သူမအိမ်ကို အကြောင်းကြားပေးခဲ့တဲ့အတွက် သူမအကိုဖြစ်သူ ရောက်လာခဲ့ပါတယ်။ အစ်ကိုဖြစ်သူ ရောက်လာတော့ Reshma ဟာ အခြားကျောင်းသူတွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် စော်ကား ဖို့ ကြိုးစားခဲ့တာကြောင့် ရိုက်နှက်အပြစ်ပေးရတာဖြစ်ကြောင်း အဆောင်းမှူးဖြစ်သူက ဖြေရှင်းခဲ့တယ်လို့ ဆိုပါတယ်။

“မဏိပူရ်ကနေ ကျွန်တော် ရောက်လာတော့ အဆောင်မှူးက ကျွန်တော့်ညီမလေးဟာ ဘာသာရေးအရ ဘယ်လိုမှားနေတဲ့သူ ဖြစ်တယ်ဆိုတာချည်းပဲ တစ်လျှောက်လုံး ပြောနေတာပဲ” လို့ Reshma ရဲ့အစ်ကိုဖြစ်သူ ရာဂျစ် (အမည်လွှဲပြောင်းထား) က ပြောပါတယ်။

သူ့ရဲ့ညီမလေးဘက်ကသာ ကိုယ့်အမှားကိုဝန်ခံပြီး တောင်းပန်မယ်ဆိုရင် ကိစ္စအားလုံးကို ၎င်းတို့ဘက်က ကျေအေးပေးသွားမယ်လို့လည်း အဆောင်မှူးဖြစ်သူက Reshma ရဲ့အစ်ကိုဖြစ်သူကို ပြောကြားခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် Reshma ကတော့ သူမဟာ ညှဉ်းပမ်းနှိပ်စက်မှုတွေကို ခံစားခဲ့ရတဲ့သူဖြစ်တဲ့အတွက် ပြောင်းပြန် မတောင်းပန် နိုင်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဒီဇင်ဘာလ (၂၉) ရက်မှာ သူတို့နှစ်ဦးဟာ Childline အဖွဲ့နဲ့ ဆက်သွယ်ပြီး အဆောင်ကို တရားစွဲဆိုမှုတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ထံ တိုင်ကြားမှုတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ခရိုင်အဆင့်အရာရှိဖြစ်သူ Kumara Swamy ကလည်း အဆောင်မှူးဖြစ်သူဟာ အခြားကျောင်းသူတွေကိုပါ ကြောက်လန့်အောင် လုပ်ကောင်းလုပ်နိုင်တယ်လို့ သံသယရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အခုအခါမှာတော့ Reshma ဟာ အဆောင်ကနေ ထွက်ခွာပြီး အစ်ကိုဖြစ်သူနဲ့ အတူနေထိုင်နေပါတယ်။

“ကျွန်တော့်ညီမလေးက ကလေးအရွယ်ပဲ ရှိသေးတယ်။ ဒီလိုမျိုး ဆက်ဆံရလောက်အောင် မဖြစ်သင့်ပါဘူးဗျာ။ သူ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ နာကျင်ခံစားနေရတယ်။ အရမ်းကြောက်နေတယ်။ တစ်ကိုယ်လုံးမှာလည်း အမာရွတ်နဲ့ချည်းပဲ” လို့ အစ်ကိုဖြစ်သူ ရာဂျစ်က ပြောဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.