၂၀၁၈ခုနှစ် ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲခံယူနေထိုင်သူတွေကို အောက်မေ့သတိရဖွယ် ဆုတောင်းပွဲ (TDoR) အခမ်းအနား စိမ်းလန်းစိုပြည်ပန်းခြံမှာ ကျင်းပမည်

၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့မှာ ကျရောက်တဲ့ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲခံယူနေထိုင်သူတွေကို အောက်မေ့သတိရဖွယ် ဆုတောင်းပွဲ (TDoR)အခမ်းအနားကို ရန်ကုန်မြို့ရှိ စိမ်းလန်းစိုပြည်ပန်းခြံမှာ မီးထွန်းဆုတောင်းပွဲ ကျင်းပသွားမှာ ဖြစ်ပါတယ်။

“ဒီပွဲမှာ Open Speak က ဆရာ ဦးအောင်မျိုးမင်းနဲ့ မယာယာတို့က စကားပြောကြမယ်။ ကျန်တာက တော့ Role Play တွေရှိမယ်။ Boost Show တွေရှိမယ်။ ဒီပွဲလေးကို မြန်မာပြည်မှာ ကျင်းပရတာကတော့ ဒီလိုအဖြစ်အပျက်တွေ မြန်မာပြည်မှာလည်း ရှိတယ်။ မေ့မေ့ ပျောက်ပျောက်နေတာ မဟုတ်ဘဲ လုပ်ဆောင်ပေးနေတယ်ဆိုတာ သိစေချင်လို့ပါ”လို့ Kings N Queens အဖွဲ့မှ ကိုတင်ကိုကိုက ပြောပါတယ်။

အခုလို Transgender Day of Remembrance အခမ်းအနားကို မြန်မာနိုင်ငံမှာတော့ (၇)ကြိမ်မြောက် ကျင်းပခဲ့ပြီးဖြစ်ကာ ယခုနှစ် ဆု တောင်းပွဲကို Kings N Queens အဖွဲ့က ဦးဆောင်၍  Colors Rainbow အဖွဲ့အပါအဝင် Equality Myanmar ၊ & Proud ၊ Top Center Myanmar ၊ LGBT Rights Network ၊ Rainbow Alliance နဲ့ National Transgender People Alliance of Myanmar (NTPAM)တို့မှ Boost Showတွေ ၊ Role Play နဲ့ စကားဝိုင်းတွေကို ညနေ(၅)နာရီမှ ညနေ(၇)နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

“ဒီနှစ်မှာ အဓိကပြောချင်တာက LGBT တွေက မိမိတို့အခွင့်အရေးကို သိဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဥပဒေနဲ့ပတ်သက်တဲ့ အကြောင်း အရာတွေကို လေ့လာရမယ်။ အခွင့်အရေးကို သိသလို တာဝန်ယူမှု၊ တာဝန်ခံမှု သိရှိရပါမယ်။ မိမိအန္တရာယ်ကို သိရှိပြီး အသွားအလာ၊ အနေအထိုင်၊ အပြောအဆို၊ အပြုအမှုတွေကို ဆင်ခြင်သုံးသပ်ဖို့၊ မိမိတို့ဘဝတူတွေကို Role Model အနေနဲ့ ပညာပေးဖို့လိုပါတယ်။ နောက်ပြီး အချစ်တစ်ခုကြောင့် ကံကိုယုံပြီး ဆူးပုံမနင်းကြဖို့၊ အပျော်အပါးကြောင့် အသက်ပေးလိုက်ရတာ မဖြစ်အောင် နေထိုင်ဖို့နဲ့ အချင်းချင်း စည်းလုံးစွာ နေထိုင်သွားဖို့ ပြောချင်ပါတယ် “လို့ Colors Rainbow အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဒေါ်ခင်မမအေးက ပြောပါတယ်။

Transgender Day of Remembrance(TDoR)နေ့ဆိုတာ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲခံယူနေထိုင်သူတွေကို မုန်တီးသူတွေရဲ့ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းကိုခံခဲ့ရတဲ့ ကမ္ဘာတစ်လွှားက Transgender တွေကို အောက်မေ့သတိရတဲ့ နေ့ရက်တစ်ခုဖြစ်ပြီး နိုဝင်ဘာလ (၂၀)ရက်နေ့ရောက်တိုင်း ကမ္ဘာတစ်လွှားမှာရှိတဲ့ လိင်တူချစ်သူတွေနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာသူတွေက အောက်မေ့သတိရတဲ့ အထိမ်းအမှတ်အနေနဲ့ နှစ်စဉ်နှစ်တိုင်း ကျင်းပကြတာ ဖြစ်ပါတယ်။

TDoR ဖြစ်ပေါ်လာပုံမှာ ၁၉၉၈ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့ အမေရိကန်နိုင်ငံ၊ မက်ဆက်ချူဆက်ပြည်နယ်၊ သြောစတန်မြို့က ဆန့်ကျင် ဘက်လိင်လို ပြောင်းလဲခံယူနေထိုင်သူ ရီတာဟက်ဟစတာ (Rita Hester)ကို ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့အချိန်ကစပြီးတော့ အခုလိုပွဲကို စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.