သားလေးက Trans လား

ကိုယ့်ရဲ့သားဟာ ကိုယ်တွေ့ဖူးတဲ့ တခြားကလေးတွေနဲ့မတူဘဲ ထူးခြားနေတယ်ဆိုရင် ယောက်ျားလေးဆိုပေမယ့် မိန်းကလေးတစ်ယောက်လို ပြုမူနေတယ်ဆိုရင် ကိုယ့်ရဲ့သားဟာ Trans တစ်ယောက် ဟုတ်မဟုတ် ဆန်းစစ်ကြည့်သင့်ပါတယ်။ ဒါဆို Trans ဆိုတာ ဘာလဲ။ Trans ဆိုတာ စိတ်နဲ့ခန္ဓာ ထပ်ထူမကျသူ (Transgender) တွေ ဖြစ်ပါတယ်။

ဒီဆောင်းပါးမှာတော့ Transgender woman ကို ရည်ညွှန်းပါတယ်။ Transgender woman ဆိုတာ မိန်းကလေးစိတ်ရှိပေမဲ့ ယောက်ျားလေး ခန္ဓာကိုယ်နဲ့ မွေးဖွားလာတာမျိုးပါ။ အရပ်အခေါ် မိန်းမလျာပါ။ ဒီတော့ ကိုယ့်ရဲ့သားဟာ Trans ဟုတ်မဟုတ် အောက်ပါအချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်။ ဒီအချက်တွေနဲ့ ညီတိုင်း Trans မဟုတ်သလို မညီပေမယ့်လည်း Trans ဖြစ်နေကြတာတွေ ရှိပါတယ်။ အသက် (၇) နှစ်မှ (၁၅) နှစ်အတွင်း ဒီအရွယ်က စောင့်ကြည့်ဖို့ အကောင်းဆုံးအချိန်ပါ။ ဒီအရွယ်က ရိုးသားတဲ့အတွက် အလွယ်တကူ သိနိုင်မှာပါ။

ကိုယ့်သားက Trans တစ်ယောက်ဆိုရင်—-

၁။ ကြိုက်နှစ်သက်မှု

ယောက်ျားလေးဖြစ်ပေမယ့် ပန်း၊ မိတ်ကပ်၊ သနပ်ခါးစတဲ့ အလှပြင်ပစ္စည်းတွေ၊ မိန်းမအဝတ်၊ ဖိနပ်၊ ဘာဘီရုပ် စတဲ့မိန်းကလေးတွေ ကြိုက်နှစ်သက်တာတွေ ကြိုက်တတ်ပါတယ်။

၂။ကစားခြင်း

ဘာဘီရုပ်နဲ့ ကစားတာ၊ အိုးခွက်တွေနဲ့ ကစားတာ၊ ထုပ်ဆီးတားတာ စတာတွေကို မိန်းကလေးတွေနဲ့ ကစားလေ့ ရှိပါတယ်။ သက်တူရွယ်တူ ယောက်ျားလေးတွေနဲ့ကစားတာ နည်းပါးပါတယ်။

၃။ အပြောအဆို

မိန်းမတွေ သုံးလေ့ရှိတဲ့ “ရှင်၊ ဟယ်၊ တော်၊ ဟဲ့၊ နင်၊ အမလေး….” စတာတွေ သုံးလေ့ရှိပါတယ်။ မိန်းကလေးတစ်ယောက်လိုလည်း စွာစွာလေး ဖြစ်နေတတ်ပါတယ်။

၄။ အပေါင်းအသင်း

သူ့ကိုယ်သူ မိန်းကလေးလိုသဘောထားပြီး မိန်းကလေးတွေနဲ့ပဲ ပေါင်းလေ့ရှိပါတယ်။ ယောက်ျားလေး သူငယ်ချင်းတွေနဲ့ ခပ်ကင်းကင်း ဖြစ်နေတတ်ပါတယ်။

၅။ ဝါသနာ

ပုံဆွဲတာ၊ စက္ကူရုပ်လုပ်တာ၊ ဗီဒီယိုဂိမ်းဆော့တာ စတာတွေကို ဝါသနာပါတတ်ပါတယ်။

၆။ အထွေထွေ

ကလေးစိတ်ဖြစ်တဲ့အတွက် ရိုးသားပွင့်လင်းပါတယ်။ မိန်းကလေးတစ်ယောက်လိုပဲ ပြုမူတတ်ကြပါတယ်။ ကနွဲ့ကလျ နေတတ်ကြပါတယ်။ (၁၁) နှစ်မှ (၁၅) နှစ်ထိ ဒီအရွယ်မှာ ရှက်တတ်လာပါပြီ။ ပတ်ဝန်းကျင်ကြောင့်ဖြစ်စေ၊ မိမိရဲ့Trans ဖြစ်တည်မှုကြောင့် ပတ်ဝန်းကျင်မှာ အဆင်မပြေဖြစ်ရတယ်လို့ မှားယွင်းစွာ တွေးမိလို့ဖြစ်စေ အနေအထိုင် ပြောင်းလဲလာတတ်ကြပါတယ်။ ဟန်ဆောင်လာတတ်ကြပါတယ်။

မိန်းကလေးတစ်ယောက်လို လုံးလုံးလျားလျား နေထိုင်လိုက်သူတွေရှိသလို ယောက်ျားတစ်ယောက်လို ဟန်ဆောင်နေထိုင်သူတွေလည်း ရှိကြပါတယ်။ ဒါပေမဲ့ ဟန်ဆောင်နေထိုင်သူတွေမှာ အောက်က အချက်တချို့ကို တော့ တွေ့နိုင်ပါသေးတယ်။

၁။ အနေအထိုင်
အနေအထိုင် အေးဆေးပါတယ်။ လူတွေကြား သိပ်မသွားဘဲ တစ်ကိုယ်တည်း နေလေ့ရှိကြပါတယ်။
သိပ်မနွဲ့တတ်ကြပေမယ့် သိမ်မွေ့ညင်သာစွာ နေထိုင်တတ်ကြပါတယ်။

၂။ အပေါင်းအသင်း

အပေါင်းအသင်း နည်းနေပါလိမ့်မယ်။ ယောကျ်ားလေးသူငယ်ချင်း၊ မိန်းကလေးသူငယ်ချင်း အနည်းငယ် ရှိနိုင်ပါတယ်။ အဖေ၊ ဦးလေး၊ အစ်ကိုတွေနဲ့ ရင်းနှီးနိုင်ပေမယ့် သူစိမ်းယောကျ်ားလေးတွေနဲ့ စိမ်းနေတတ်ပါတယ်။

မိခင်နဲ့အမတွေအပေါ်မှာတော့ ရိုးသားတတ်ကြပါတယ်။ ပိုပြီးရင်းနှီးနိုင်ပါတယ်။ သူငယ်ချင်းယောက်ျားလေး မိန်းကလေးတွေနဲ့ ပုံမှန်ဆက်ဆံတတ်ကြပါတယ်။ Trans ဆန်တဲ့ သူငယ်ချင်းတွေနဲ့ အဖွဲ့တစ်ခုလိုမျိုး သီးသန့် နေထိုင်တတ်ကြပါတယ်။

၃။ ကစားခြင်း

ခုန်ပျံကျော်လွှား ကစားနည်းတွေ ကစားလေ့ မရှိကြပါဘူး။ ယောက်ျားလေးတွေနဲ့ ကစားရင်လည်း ခပ်တန်းတန်းနေပြီး ကစားတတ်ကြပါတယ်။

၄။ ဝါသနာ

ပန်းချီဆွဲတာ စာရေးစာဖတ်နဲ့ အိမ်တွင်းမှုအလုပ်လေးတွေ လုပ်ရင်း အချိန်ကုန်လေ့ ရှိကြပါတယ်။ အများစုကတော့ ဂိမ်းဆော့တာ ဝါသနာပါကြပါတယ်။

၅။ အကြိုက်

မိန်းကလေးသီချင်းတွေ ကြိုက်လေ့ရှိပါတယ်။ သရုပ်ဆောင်တွေ၊ မော်ဒယ်တွေကို စွဲလန်းစွာ ကြိုက်တတ်ကြပါတယ်။ အဝတ်အစား၊ ဖိနပ်စတဲ့ ဖက်ရှင်နဲ့ပတ်သက်တာတွေကို အထူးတလည် စိတ်ဝင်စားတတ်ကြပါတယ်။

၆။ အထွေထွေ

စကားပြောရင် မဝံ့မရဲ ဖြစ်နေတတ်ပါတယ်။ စိတ်ခံစားချက်တွေကို သိပ်မဖော်ပြတတ်ပါဘူး။ တွေဝေငေးငိုင်တာ စိတ်ကူးယဉ်နေတာတွေ လုပ်နေလေ့ရှိတတ်ပါတယ်။ စိတ်ခံစားချက်တွေ ပြင်းထန်နေတတ်ပါတယ်။

အထီးကျန်နေတတ်ကြပါတယ်။ စကားနည်းလွန်းတာမျိုး၊ စကားများလွန်းတာမျိုးလည်း ဖြစ်နေတတ်ပါတယ်။ အခုဆိုရင် ကိုယ့်သားက Trans ဟုတ်၊ မဟုတ် ခန့်မှန်းသိရှိနိုင်လောက်ပြီလို့ ထင်ပါတယ်။ LGBT အခွင့်အရေး အပြည့်အဝမရသေးတဲ့ မြန်မာနိုင်ငံမှာ Trans တစ်ယောက်အဖြစ် ရှင်သန်ရပ်တည်ရတာ အခက်အခဲတွေ အများကြီး ရှိနိုင်ပါတယ်။ ဒီတော့ မိဘတွေအနေနဲ့ ကိုယ့်ရဲ့သားက Trans ဖြစ်နေတယ်ဆိုရင် ပိုပြီးဂရုစိုက်ပေးဖို့ လိုပါတယ်။ အုပ်ထိန်းမှု နည်းစနစ်တချို့ကိုလည်း ချိန်ညှိဖို့ လိုပါတယ်။ ဒါဆို

 

ဘယ်လိုတွေ ခရီးဆက်ကြမလဲ…

၁။ လက်ခံပေးပါ။

သူ့ရဲ့ အပြင်ပန်းကိုကြည့်ပြီး သူဟာ ယောက်ျားတစ်ယောက်အဖြစ် မွေးဖွားလာတယ်လို့ မြင်စရာရှိပေမယ့် သူဟာ မိန်းကလေးတစ်ယောက် ဖြစ်တယ်ဆိုတာ လက်ခံပေးပါ။ ပတ်ဝန်းကျင်မှာ တွေ့နေကျအရာတွေလို မဟုတ်ပေမယ့် ဒါဟာ သဘာဝအတိုင်း ဖြစ်တည်မှုသာ ဖြစ်ပါတယ်။ အခြေအနေအရ အများက မသိသေးရင်လည်း ကိုယ့်သားဟာ သဘာဝအတိုင်း ဖြစ်တည်နေတဲ့Trans တစ်ယောက်ဖြစ်တယ်ဆိုတာ သိထားရမှာ ဖြစ်ပါတယ်။

၂။ အချိန်ပေးပါ။

ကိုယ့်ရဲ့သားဟာ Trans ဆိုရင် တခြားကလေးတွေထက် မိဘရဲ့ဂရုစိုက်မှု ပိုလိုအပ်တယ်ဆိုတာ သတိပြုပါ။

မိမိရဲ့သားကို တစ်ယောက်တည်း အဖြစ်မခံပါနဲ့။ ဖခင်တွေအနေနဲ့ ကလေးနဲ့အတူ ကစားပေးတာ၊ အလုပ် အသေးအဖွဲလေးတွေ တွဲလုပ်ပေးတာ၊ မိခင်တွေအနေနဲ့ ဝေယျာဝစ္စတွေ ဂရုစိုက်လုပ်ပေးတာ လိမ္မာရေးခြားရှိဖို့ ဆုံးမပေးတာတွေ လုပ်ပေးဖို့ လိုပါတယ်။ မိသားစုလိုက် အိမ်သန့်ရှင်းရေး၊ ခြံသန့်ရှင်းရေး စတဲ့အလုပ်လေးတွေ လုပ်တာ၊ ခရီးထွက်တာ စတာလေးတွေ လုပ်ပေးပါ။

၃။ ဝါသနာကို အားပေးပါ။

ပန်းချီဆွဲတာ၊ စာရေးတာ၊ စန္ဒယား၊ ဂစ်တာ၊ တယောစတဲ့တူရိယာတွေ တီးခတ်တာမျိုးတွေ အားပေးပါ။ သင်ကြားပေးပါ။ မိတ်ကပ်၊ ဒီဇိုင်းစတာတွေကို ဝါသနာပါရင်လည်း အားပေးပါ။ ဘယ်အလုပ်ပဲဖြစ်ဖြစ် ထူးချွန်ရင် အောင်မြင်နိုင်တာပါပဲ။ ဖော်ပြထားတဲ့ နည်းလမ်းတွေက စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ မိဘတွေအနေနဲ့ အချိန်ပေး လုပ်ဆောင်ဖို့ ခက်ခဲမှုရှိနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်သားသမီးအတွက် ကြိုးစားပြီး အချိန်ပေးပါ။

 

သတိပြုပါ…

၁။ မိဘတွေအနေနဲ့ LGBT အကြောင်း အနည်းငယ် သိဖို့လိုပါတယ်။ LGBT နယ်ပယ်က ပညာရှင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး အကြံဉာဏ်တွေ ရယူနိုင်ပါတယ်။ ပတ်ဝန်းကျင်ကလူတွေရဲ့စကားကို မယုံပါနဲ့။ သူ့ရဲ့ခန္ဓာကိုယ်က ဘယ်လိုပဲ ယောက်ျားလေးပုံရှိရှိ သူဟာ မိန်းကလေးတစ်ယောက်သာ ဖြစ်ပါတယ်။

၂။ လိင်စိတ်သဘောထားနဲ့ ပတ်သက်ပြီး မှန်မှန်ကန်ကန် နားလည်ထားဖို့ လိုပါတယ်။ လူတွေဟာ ဘယ်လိုပုံစံနဲ့ပဲ မွေးဖွားလာသည်ဖြစ်စေ၊ သူ့ရဲ့ လိင်စိတ်သဘောထားက ဘယ်အရာပေါ်မှာမှ မမှီခိုတာကို သတိပြုပါ။ သူဟာ Trans တစ်ယောက် ဖြစ်တယ်၊ မိန်းကလေးစိတ် ရှိတယ်ဆိုပေမယ့် သူ့ရဲ့လိင်စိတ်သဘောထားက အမျိုးမျိုးဖြစ်နိုင်တာကို သိထားပေးပါ။

သူဟာ ယောက်ျားလေးတစ်ယောက်ကို ကြိုက်ချင်ကြိုက်မယ်၊ မိန်းကလေးတစ်ယောက်ကို ကြိုက်ချင် ကြိုက်မယ်၊ နှစ်မျိုးလုံး ကြိုက်တာလည်း ဖြစ်ချင်ဖြစ်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ သဘာဝအတိုင်းပဲ ဖြစ်တယ်ဆိုတာ သိထားရမှာ ဖြစ်ပါတယ်။

၂။ပတ်ဝန်းကျင်နဲ့ ကိုယ့်သားသမီးနဲ့ယှဉ်ရင် ကိုယ့်သားသမီးကိုပဲ ရွေးပါ။ ကိုယ့်သားသမီးရှေ့က မားမားမတ်မတ် ရပ်တည်ပေးပါ။ မပစ်ပယ်ပါနဲ့။ ကိုယ့်သားသမီးက မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျ်ားလေးပဲဖြစ်ဖြစ် ကိုယ့်ရဲ့သွေးသားပဲ ဖြစ်ပါတယ်။

၃။ Trans တွေက သာမန်ယောက်ျားလေးတွေထက် လိမ္မာတတ်ကြပါတယ်။ ကျောင်းစာနဲ့ သူတို့ဝါသနာပါရာတွေမှာ အားပေးထောက်ပံ့ပါ။

၄။ Trans တွေက စိတ်ခံစားလွယ်တတ်ကြပါတယ်။ ကြမ်းတမ်းတဲ့ အပြောအဆို အမူအကျင့်တွေ ရှောင်ပါ။ မိဘဆိုတာ သားသမီးတွေအတွက် စံပြဖြစ်ရမှာပါ။

၅။ ကာကွယ်စောင့်ရှောက်ပါ။ အကြမ်းဖက်ခံရဟာ အလွန်ဆိုးရွားပါတယ်။ လိင်အကြမ်းဖက်မှုဆို ပိုဆိုးရွားပါတယ်။ ပြောရသူ၊ ကြားရသူနားခါးပေမယ့် ပတ်ဝန်းကျင်က တဏှာရူးတွေကို အခွင့်မပေးပါနဲ့။ သူတို့တွေက Trans လေးတွေကို ပစ်မှတ်ထားလေ့ ရှိပါတယ်။ တစ်ချိန်လုံး လိုက်မစောင့်ရှောက်နိုင်တဲ့အတွက် အချိန်မရွေး ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ စာရိတ္တမကောင်းဘူး ထင်ရသူတွေကို ရှောင်ခိုင်းပါ။ ဖြစ်ခဲ့ရင်လည်း နှစ်သိမ့်ဆွေးနွေးပေးပါ။ ဒီလိုကိစ္စတွေက ရှက်စရာကိစ္စတွေအဖြစ် အမြင်ခံရပေမယ့် အားလုံးက လူ့ဘဝမှာကြုံရတဲ့ အမှုကိစ္စလေးတွေသာ ဖြစ်ပါတယ်။ စိတ်ထိခိုက်ခံစားနေရချိန်မှာ မိသားစုအနေနဲ့ သူ့ဘေးမှာ အသင့်ရှိဖို့၊ ဂရုစိုက်ဖို့၊ နှစ်သိမ့်ပေးဖို့ အရမ်းအရေးကြီးပါတယ်။

၆။ ရင်ဖွင့်ခိုင်းပါ။ မွေးကတည်းက ကျား၊ မ ခွဲခြားမှုနဲ့ကြုံရပြီး ပတ်ဝန်းကျင်မှာလည်း လိင်ခွဲခြားမှုက ရှောင်မရအောင် ရှိနေတဲ့အတွက် အရာအားလုံးက သူ့အတွက် ခက်ခဲနိုင်ပါတယ်။ ကိုယ့်သားသမီးရဲ့ခံစားချက်တွေကို အလေးထား နားထောင်ပေးဖို့ လိုပါတယ်။ မိခင်တွေက ပိုနားထောင်ပေးနိုင်ပါတယ်။ မိဘနဲ့သားသမီးကြားမှာ ပွင့်လင်းတဲ့ ဆက်ဆံရေး ထားရှိဖို့လိုပါတယ်။ အရေးကြီးဆုံးကတော့ ဘယ်တော့မှ မပစ်ပယ်ပါနဲ့။ ကိုယ့်ရဲ့သားသမီးဘက်က အမြဲရပ်တည်ပေးပါ။ ဒီနည်းလမ်းတွေက သာမန်ကလေးတွေကို ပြုစုပျိုးထောင်ရာမှာလည်း သုံးနိုင်ပါတယ်။

 

ခွဲခြားမှုပြဿနာများ…

Trans တွေက ပတ်ဝန်းကျင်က ကလေးအများစုနဲ့ မတူတဲ့အတွက် ခွဲခြားမှုဒဏ်ကို အနည်းနဲ့အများ ခံစားရမှာ ဖြစ်ပါတယ်။ လှောင်ပြောင်သရော်မှုတွေနဲ့ ခွဲခြားမှုတွေက သူ့ကို စိတ်ဆင်းရဲစေမှာပါ။ ဒီတော့ သူ့ရဲ့ ဖြစ်တည်မှုကို ဘယ်သူမှ လက်မခံရင်တောင် မိဘတွေအနေနဲ့ လက်ခံကြောင်း ပြောပြပေးပါ။

မိဘအုပ်ထိန်းသူတွေရဲ့ နားလည်လက်ခံနိုင်မှုက အရမ်းအရေးကြီးပါတယ်။ လူနေမှုအဆင့်အတန်းနဲ့ လူ့အခွင့်အရေးစံနှုန်းတွေ တဖြည်းဖြည်း မြင့်တက်လာတဲ့ ယနေ့ခေတ်မှာ ဒါဟာ သဘာဝဖြစ်ကြောင်း တဖြည်းဖြည်း လက်ခံလာနေကြပါပြီ။ မိဘတွေအနေနဲ့လည်း အမြင်ကျယ်ကျယ်ထားပြီး နားလည်လက်ခံပေးဖို့ လိုပါတယ်။

လိင်ခွဲခြားမှုများနဲ့ပတ်ဝန်းကျင်…

သူဟာ Trans တစ်ယောက်၊ မိန်းကလေးတစ်ယောက် ဖြစ်ပေမယ့် ဆေးရုံ၊ ကျောင်းစတဲ့နေရာတွေက သူ့ရဲ့နာမည်မှာ မောင် တပ်ကြပါလိမ့်မယ်။ ယောက်ျားလေးအတန်းမှာသာ ထိုင်ခိုင်းပါလိမ့်မယ်။ ရှပ်အကျႌနဲ့ ပုဆိုးသာ ဝတ်ခိုင်းပါလိမ့်မယ်။

ဒီတော့ ဒါတွေဟာ သူ့အတွက် အခက်အခဲတွေချည်းပါပဲ။ အခွင့်အရေးအပြည့်အဝရချိန် ဒါတွေဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပေမယ့် အခုအချိန်မှာတော့ သူ့အတွက် စိတ်ဆင်းရဲစရာတွေ ဖြစ်နေနိုင်ပါတယ်။

ဒီတော့ မိသားစုရဲ့နားလည်ပေးမှု၊ ဂရုစိုက်မှုတွေနဲ့ သူ့ရဲ့ဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေနိုင်စေဖို့ ကြိုးစားပေးကြပါလို့ တိုက်တွန်းရင်း…

ကျော်မိုးသန့်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.