လိင်တူနှစ်ခြိုက်မှုဆိုင်ရာ ပညာရပ်အဘိဓာန်(၁)

ဟင်နရီ ၈ ၏ အက်ဥပဒေ (၁၅၃၃)/ Act of 25 Henery VIII

၁၅၃၃ ခုနှစ်မှာ အင်္ဂလိပ်ပါလီမန်ကနေ “ဓမ္မတာနဲ့ ဆန့်ကျင်ဘက် လိင်ဆက်ဆံမှု”ကို ကြိုးမိန့်ပေးပြီး စီရင်နိုင်တဲ့ ရာဇဝတ်မှုတစ်ရပ်အဖြစ် သတ်မှတ်တဲ့ ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းလိုက်တယ်။ ဒီဥပဒေက လိင်တူ/ လိင်ကွဲ နှစ်ရပ်စလုံးမှာ စအိုပိုင်း လိင်ဆက်ဆံတာမျိုးကို တားမြစ်တဲ့ဥပဒေပါ။ တစ်နည်းအားဖြင့် ဘုရင် ဟင်နရီ (၈) အပေါ် ဒီလိုဥပဒေမျိုးကို ပြဋ္ဌာန်းဖို့အတွက် အဓိကတွန်းအားတစ်ရပ် ဖြစ်နိုင်တဲ့အချက်ကတော့ ကက်သလစ် ဘုရားကျောင်းတွေရဲ့ ပါဝါပဲ။ ဒီဘုရားကျောင်းတွေဟာ အင်္ဂလန်နိုင်ငံတွင်းမှာ သြဇာကြီးမားနေပြီး ဘုရင့်အာဏာစက်ကိုတောင် ထိပါးလာနိုင်တဲ့ အနေအထားအထိ ရောက်ရှိလာတဲ့အတွက် ဒါကို ဖြိုဖျက်နှိမ်နင်းချင်တာရယ်၊ ခရစ်ယာန်ဘုန်းကြီးတွေ ဦးဆောင်စီရင်တဲ့ တရားရုံးတွေရဲ့ အခွင့်အာဏာ နယ်ပယ်ကို ကန့်သတ်ပစ်ချင်တဲ့ စိတ်ဆန္ဒဟာ ဟင်နရီဘုရင်ကို အထက်ကဥပဒေမျိုး ပြဋ္ဌာန်းဖို့ရာ အခြေခံအကြောင်းရင်းတစ်ရပ် ဖြစ်ခဲ့တာ။ ဒါ့အပြင် ဟင်နရီဘုရင်ဟာ ခရစ်ယာန်ဘုန်းကြီးကျောင်းတွေရဲ့ ဓနကြွယ်ဝမှုကို သိမ်းပိုက်ဖို့ရာ ယင်းကျောင်းတွေအပေါ် တရားစွဲဆိုမှုတွေကို အားဖြည့်ပေးဖို့အတွက်လည်း သူ့ဥပဒေကို အသုံးချခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်း သူ့ရဲ့လက်ထက် ဒီဥပဒေအောက်မှာ တရားစွဲခံရသူ သိပ်မရှိခဲ့ဘူး။ ဟင်နရီရဲ့ သမီးတော် မာရီဘုရင်မက ကက်သလစ်ဘာသာဝင် ဖြစ်တဲ့အတွက် ပရိုတက်စတင့် ပါလီမန်ကနေ ပြဋ္ဌာန်းခဲ့သမျှ ဥပဒေအများစုကို ရုပ်သိမ်းရေးအစီအစဉ် တစ်စိတ်တစ်ပိုင်းအနေနဲ့ သူ့ခမည်းတော်ပြဋ္ဌာန်းခဲ့တဲ့ အထက်ကဥပဒေကိုလည်း ဖျက်သိမ်းတယ်။ ဒါပေမဲ့ ၁၅၆၄ မှာ အဲလိဇဘက် ဘုရင်မလက်ထက်မှာ ဒီဥပဒေကို ပြန်အသက်သွင်းခဲ့လို့ ရာစုနှစ်ပေါင်းများစွာ တည်ရှိလာတာ။

၁၈၆၁ မှာတော့ အစိုးရအကြီးအကဲတွေဟာ တရားသူကြီးတွေနဲ့ တိုင်ပင်စည်းဝေးပြီး လိင်ဆက်ဆံမှုဆိုင်ရာ အက်ဥပဒေရဲ့ ပြစ်ဒဏ်ဟာ ပြင်းထန်တယ်လို့ မြင်ကြတဲ့အတွက် ကြိုးမိန့်သေဒဏ်ကနေ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်အထိ လျှောပေါ့ပေးခဲ့ကြတယ်။ ဒီ နောက် ၂၀ ရာစုအတွင်း အတိအကျဆိုရရင် ၁၉၆၇ ခုနှစ်မှာ ထွက်ပေါ်လာတဲ့ လိင်ပိုင်းပြစ်မှုဆိုင်ရာ အက်ဥပဒေ(Sexual Offenses Act) ဟာ ဟင်နရီရဲ့ အက်ဥပဒေကို ရုပ်သိမ်းပစ်လိုက်တယ်။ ဒီနေရာမှာ သတိပြုစရာကတော့ ဟင်နရီနဲ့ အဲလိဇဘက်ဘုရင်မကြီး လက်ထက်တုန်းက ဒီဥပဒေသက်ရောက်မှု ရှိနေချိန်မှာ တရားစွဲဖို့အတွက် အခြေခံဖြစ်ရပ်တွေ အလွန်ရှားပါးခဲ့တယ်၊ ဒါပေမဲ့ ၁၈ နဲ့ ၁၉ ရာစု ရောက်တဲ့အခါကျတော့ ဒီဥပဒေနဲ့ငြိစွန်းတဲ့အတွက် တရားခံယောကျ်ားဦးရေ ဒါဇင်နဲ့ချီပြီး တရားစွဲခံရသလို၊ ရာနဲ့ချီပြီးတော့လည်း ထောင်ချခံခဲ့ကြရတာပဲ။

ဗြိတိသျှအင်ပါယာခေတ် လွှမ်းမိုးမှုအောက် ရောက်ခဲ့တဲ့အတွက် အင်္ဂလိပ်စကားပြော ကမ္ဘာမှာ ပေါ်ပေါက်တဲ့ ဓမ္မတာနဲ့ဆန့်ကျင် လိင်ဆက်ဆံမှုကို တားမြစ်တဲ့ဥပဒေတွေအတွက် ဟင်နရီအက်ဥပဒေက အခြေခံဖြစ်ခဲ့သေးတာပဲ။ တစ်နည်းအားဖြင့် နိုင်ဂျီရီးယား၊ ကင်ညာ၊ အိန္ဒိယ၊ မလေးရှားနဲ့ အခြားနေရာအတော်များများမှာ ဓမ္မတာနဲ့ဆန့်ကျင် လိင်ဆက်ဆံမှု တားမြစ်ရေး ဥပဒေတွေ သက်ရောက်အလုပ်လုပ်နေတာ တွေ့ရနိုင်တယ်။

 

ရောမ အင်ပါယာခေတ်အတွင်းမှာ ခေတ်ပေါ် ဗန်းစကားအနေနဲ့ “ညီငယ် မွေးစားတယ်” ဆိုတဲ့ အသုံးက ထင်ပေါ်နေတာ။ ညီငယ် မွေးစားပြီဆိုရင် ဒါဟာ လိင်တူဆက်ဆံရေး တစ်ရပ်ကို ထူထောင်လိုက်တဲ့ အဓိပ္ပာယ်ပဲ…

မွေးစားခြင်း/Adoption

ဒီဝေါဟာရကို ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်း အဆက်အစပ်အတွင်းကနေ ခေတ်ပေါ်အသုံးနဲ့ ပြန်ဆိုရင်တော့ “သူငယ်မွေးခြင်း”၊ “သူငယ်ထောင်ခြင်း”ရယ်လို့ ပြန်ဆိုနိုင်မယ်။ ဒီဝေါဟာရဟာ တကယ်တော့ အခုမှ မဟုတ်ဘူး၊ ဟိုးရှေးရောမခေတ်ကတည်းက တွင်ကျယ်နေတာ ဖြစ်တယ်။ ယောက်ျားတွေအနေနဲ့ တရားဝင် လိင်တူပေါင်းစည်းမှု(Same-sex Union) ကို တည်ဆောက်နိုင်တဲ့ နည်းလမ်းတစ်ရပ်ကတော့ အခြား ယောကျ်ားလေး တစ်ယောက်ကို သူ့ရဲ့ ညီရင်းအစ်ကိုအဖြစ် မွေးယူလိုက်ခြင်းပဲ။ တကယ်တမ်း အဲဒီရောမ အင်ပါယာခေတ်အတွင်းမှာ ခေတ်ပေါ် ဗန်းစကားအနေနဲ့ “ညီငယ် မွေးစားတယ်” ဆိုတဲ့ အသုံးက ထင်ပေါ်နေတာ။ ညီငယ် မွေးစားပြီဆိုရင် ဒါဟာ လိင်တူဆက်ဆံရေး တစ်ရပ်ကို ထူထောင်လိုက်တဲ့ အဓိပ္ပာယ်ပဲ။ အဲဒီလို မွေးစားယူခြင်းတွေမှာ ဥပဒေဆိုင်ရာ အကျိုးသက်ရောက်မှုတွေ ရှိနေတယ်။ သဘောက အမွေဆက်ခံမှု အခွင့်အရေး၊ နိုင်ငံသားဖြစ်ခွင့် ဆိုတာမျိုးတွေပဲ။ တချို့က မွေးယူတယ်ဆိုတာ လိင်ပိုင်းသဘော၊ သူငယ်ချင်းအချင်းချင်း သာမန်ထက်ပိုတဲ့ စိတ်ခံစားချက်လွန် ဆက်ဆံရေး သဘောမျိုးကို အခြေခံတာမျိုး မဟုတ်တာမျိုး ရှိပေမယ့် အတော်များများကတော့ လိင်ပိုင်းဆိုင်ရာ သဘောကိုပဲ အခြေခံထူထောင်ကြတာ များတယ်။

ရှေးခေတ် ရောမဥပဒေမှာ မွေးစားခြင်းဆိုတာဟာ လိင်ကွဲလက်ထပ်မှုထက်တောင် ပိုအကျိုးကျေးဇူးများတဲ့ ဥပဒေဆိုင်ရာ အရည်အသွေးပြည့်ဝတဲ့ ဆက်ဆံရေးတစ်ရပ်ကို ဖန်တီးပေးတယ်။ သာမန်အားဖြင့် ခေတ်ပြိုင် အနောက်တိုင်းမှာတော့ မွေးစားခြင်းဆိုတာမျိုးက သိပ်မထင်ပေါ်ဘူး။ အကြောင်းက အရွယ်ရောက်သူကနေ နောက်ထပ် အရွယ်ရောက်သူတစ်ဦးကို အနောက်တိုင်းမှာ မွေးစားခဲတယ်။ မီရှယ်ဖူးကိုးတို့လို သီအိုရီပညာရှင်တွေက မွေးစားခြင်းကနေတစ်ဆင့် လိင်တူဆက်ဆံရေးတွေကို တရားဝင်၊ ဥပဒေအရ အသိအမှတ်ပြုပေးရမယ့် အကြောင်းကို တောင်းဆိုကြတယ်။ဒီထက်ပိုပြီးတော့ တွင်ကျယ်စွာ လှုပ်ရှားလာကြတဲ့ ဂေးနဲ့ လယ်စဘီယံအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကလည်း ကလေးမွေးစားမှု အခွင့်အရေးတစ်ရပ်ပါဝင်တဲ့ လိင်တူချင်း လက်ထပ်ထိမ်းမြားခြင်း (Same-sex Marriage) ဥပဒေတွေဘက်က ခုခံကာကွယ်ပေးကြတယ်။ နိုင်ငံအနည်းငယ်လောက် အထူးသဖြင့် ဥရောပနိုင်ငံတွေမှာပဲ အဲဒီဥပဒေမျိုးတွေကို လက်ခံကျင့်သုံးပေးထားတာ တွေ့ရတယ်။

တရားဝင် လိင်တူချင်း လက်ထပ်တယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ဘဝလက်တွဲဖော်အဖြစ် ဆက်ဆံရေး တည်ဆောက်မှုကို သက်ဆိုင်ရာဥပဒေ အင်စတီကျူးရှင်းမှာ မှတ်ပုံတင်လိုက်ခြင်းပဲ။ တစ်နည်းအားဖြင့် လိင်တူစုံတွဲတွေကနေ ထူထောင်မယ့် မိသားစုအသိုက်အမြုံလေး တစ်ရပ်အပေါ် ဥပဒေအရ အကာအကွယ် ပေးထားမယ့်နိုင်ငံသားချင်း ပေါင်းစည်းမှု (Registered Partnership/ Civil Union) သဘောပဲ။ အဲဒီလို ပေါင်းစည်းမှုကို အကာအကွယ်ပေးမယ့် ဥပဒေတွေ လူ့အဖွဲ့အစည်းတချို့မှာ မရှိဘဲဖြစ်နေတာတောင် တစ်ဖက်က ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ လိင်တူဆက်ဆံရေးတွေအပေါ် လက်ခံမှု ဒီရေမြင့်မားနေတာ၊ လိင်တူဆက်ဆံရေးဖြစ်ရပ်တွေ ပိုများလာတာကိုကြည့်ရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကထက်တောင် ယနေ့ခေတ်ပြိုင် ကမ္ဘာကြီးမှာ မွေးစားမှုကို ပိုပြီးတွင်တွင်ကျယ်ကျယ် ပြုလုပ်နေကြပြီဆိုတာ အထင်းသား တွေ့ရနိုင်တယ်။ အဲဒီလို လိင်တူမွေးစားခြင်းကို တစ်ဖက်မှာ ကန့်လန့်တိုက် ဆန့်ကျင်နေတဲ့ ဘာသာရေး အခွင့်အရေးကလည်း ရှိနေတယ်။ ကလေးအခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ အေနီတာဘရန့်ရဲ့ ကလေးများကို ကယ်တင်ရေး (save our children) လှုပ်ရှားမှု နောက်ကွယ်မှာ ဒေါက်တိုင်အဖြစ် ရှိနေတာကတော့ ၁၉၇၇ ခုနှစ်က ပြဋ္ဌာန်းတဲ့ ဖလော်ရီဒါအက်ဥပဒေပဲ။ အဲဒီဥပဒေက ဂေးနဲ့ လက်စဘီယံတွေကနေ မွေးစားခြင်းကို တားမြစ်တဲ့ ဥပဒေတစ်ရပ်ပဲ ဖြစ်တယ်။ မစ္စစ္စပီနဲ့ ယုထာ့ချ်ပြည်နယ်တို့မှာက ဂေးစုံတွဲကနေ မွေးစားယူခြင်းကို တားမြစ်ထားပေမယ့် ဂေးနဲ့လယ်စဘီယံ တစ်ဦးချင်းက မွေးတာကိုတော့ မတားမြစ်ဘူး။ ၂၀၀၈ မှာ အာကန်ဆပ်စ် မဲဆန္ဒရှင်တွေဟာ အလားတူ ဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့တယ်။ လက်ထပ်ထားတဲ့ လင်မယားစုံတွဲပေါင်းများစွာမှာ အရင်ဆက်ဆံရေးတွေ၊ ဒါမှမဟုတ် မွေးစားခြင်းဖြစ်စေ၊ တခြားနည်းလမ်းတွေနဲ့ဖြစ်စေ ကလေးတွေကိုယ်စီ ရှိနေကြတာတော့ အထင်အရှားပဲ။

 

ဘိုးဘွားဝိညာဉ် ပူးကပ်ခံထားရတဲ့ မိန်းမတစ်ဦးဟာ ယောက်ျားလို ဝတ်ဆင်ပြီး မိန်းမတစ်ယောက်ကို လက်ထပ်ပေါင်းသင်းနိုင်တယ်။ ဒီလိုပဲ ဝိညာဉ်ပူးကပ်ခံရတဲ့ ယောက်ျားဆိုရင် မိန်းမအဖြစ် ဝတ်ဆင်ပြီး ယောက်ျားတစ်ဦးဦးကို လက်ထပ်ပေါင်းသင်း ယူနိုင်တယ်။ မိန်းမဝိညာဉ် ပူးကပ်ခံရတဲ့ ယောက်ျားဆိုတဲ့ သဘာဝတစ်ရပ်ကို Konso လို့ အာဖရိကမှာ ခေါ်ဝေါ်တယ်….

 

အာဖရိက/ Africa

အနောက်တိုင်းခရစ်ယာန် သာသနာပြုအဖွဲ့တွေနဲ့ ကိုလိုနီဝါဒရဲ့ ရိုက်ခတ်မှုကြောင့်ပဲ ကန္တရာခွဲ အာဖရိကရဲ့ လိင်တူအခြေပြု လိင်သဘာဝသမိုင်းဟာ မှေးမှိန်နေတယ်။ မနုဿဗေဒဆိုင်ရာ သက်သေတွေ၊ အစောပိုင်း သာသနာပြုအဖွဲ့တွေရဲ့ မှတ်တမ်းမှတ်ရာတွေနဲ့ အခြားသမိုင်းအရင်းအမြစ်တွေကတော့ ဒီဒေသမှာ လိင်တူနှစ်ခြိုက်မှု သမိုင်းတစ်ချို့ ရှိခဲ့တယ်လို့ ညွှန်းနေပေမယ့် တိတိကျကျကြီး ကောက်ချက်ဆွဲပြနိုင်တဲ့ အဆင့်အထိတော့ မရောက်ခဲ့ဘူး။ အာဖရိကမှာက လူမျိုးစုတွေကလည်း ထွေပြားတော့ သူတို့ရဲ့ လိင်တူသဘာဝကို စူးစမ်းဖို့ရာ အခက်အခဲလည်း ရှိနေတယ်။ ဒါပေမဲ့ လိင်တူသဘာဝမျိုး ရှိတယ်လို့ ဆိုနိုင်တဲ့ ယေဘုယျပုံစံတွေကိုတော့ တွေ့ရတယ်။ အနောက်တိုင်းသားတွေ အာဖရိကကို ရောက်မလာခင်အထိ ဒေသတွင်းက လူမျိုးစုတွေဟာ သူတိုရဲ့ ဒေသန္တရဓလေ့ အပြုအမူတွေအတွက် လိင်ကို တင်းတင်းကျပ်ကျပ် ခွဲခြားသတ်မှတ်ထားတယ်။ ယောကျ်ားကြီးတွေနဲ့ လူငယ်ယောကျ်ားလေးတွေဟာ သီတင်းပတ်တစ်ပတ်လုံးကို မိန်းမနဲ့ မရှိဘဲ သူတို့အချင်းချင်း အတူတကွနေထိုင်ပြီး အမဲလိုက်တာ၊ ဒါမှမဟုတ် လူမျိုးစုချင်း စစ်တိုက်တာမျိုးတွေ လုပ်ကြတယ်။ တစ်ခါတစ်လေ လနဲ့ချီပြီးတော့တောင် အဲဒီလို နေထိုင်လေ့ရှိတယ်။

အကျိုးရလဒ်ကတော့ လိင်တူချင်း လိင်ပိုင်း ဆက်သွယ်မှုဆိုတာ အာဖရိကဒေသအတွက်ကတော့ သာမန်ကိစ္စ၊ လက်ခံနိုင်လောက်တဲ့ကိစ္စ ဖြစ်နေပုံရတယ်။ တချို့ကတော့ ဒီဖြစ်ရပ်ကို လိင်ကွဲနှစ်ခြိုက်မှု ဆက်ဆံရေးတွေရဲ့ ရှေ့ပြေးအဖြစ် မြင်ကြတယ်။ နျူဘာ၊ တက်ဆီ၊ ဟူတူအစရှိတဲ့ လူမျိုးစုတွေကြားမှာ လိင်တူဆက်ဆံရေးပေါင်းများစွာ ရှိခဲ့ဖူးတဲ့ မှတ်တမ်းတွေလည်း ရှိတယ်။ လိင်တူဆက်ဆံရေး ဖြစ်ပေါ်လာဖို့ နောက်ထပ် အခြေခံအကြောင်းရင်းတစ်ချက်က ယောကျ်ားတစ်ယောက်တည်းကနေ မယားအများကြီးကို အပြိုင်ယူထားတဲ့ ဓလေ့ရှိလို့ လူငယ်ယောက်ျားလေးတွေအတွက် ယူစရာမယား ရှားပါးတဲ့ ကိစ္စပဲ။ ဒါပေမဲ့ အာဖရိကလူမျိုးစု အသိုင်းအဝိုင်းတွေဟာ ဓနဥစ္စာကို တိုင်းတာရာမှာ ပိုင်ဆိုင်တဲ့ပစ္စည်းတွေထက် အိမ်ထောင်စု တစ်စုရဲ့ မိသားစုဝင် အရေအတွက်နဲ့ တိုင်းတာတဲ့အတွက် လက်ထပ်ဖို့၊ မျိုးပွားဖို့ကိစ္စကို အတင်းအကျပ်စေခိုင်းတဲ့ လူမှုရေး တွန်းအားတစ်ရပ်တော့ ရှိတယ်။ ဒါကြောင့် သီးသန့်ကိစ္စဖြစ်တဲ့ လိင်တူဆက်ဆံရေး ဆိုတာမျိုးက အာဖရိကလူတွေ အများစုအတွက် အလားအလာရှိတဲ့ ရွေးချယ်စရာ တစ်ရပ်တော့ မဟုတ်ပေဘူး။

အဲဒီလို သီးသန့် လိင်တူဆက်ဆံရေးကိစ္စအပေါ်မှာ ကန့်သတ်တားမြစ်ဖို့  အခင်းအကျင်း တစ်ချို့တစ်လေ ရှိခဲ့ဖူးတယ်။ အာဖရိကလူမျိုးစုတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ လူမျိုးစု အသိုင်းအဝိုင်းကို ဘိုးဘေးတွေရဲ့ ဝိညာဉ်တွေကို ဆက်ခံချဲ့ထွင်မှုအဖြစ် ပုံဖော်ထားတယ်။ ဒါကြောင့် ထူးခြားဆန်းကြယ်တဲ့ အပြုအမူတစ်ချို့တွေ့ရင် စောစောက ဘိုးဘေးဝိညာဉ် တစ်စုံတစ်ရာက ပူးကပ်နေမှုအဖြစ် မြင်နိုင်တယ်။ ဒီအတွက် ဘိုးဘွားဝိညာဉ် ပူးကပ်ခံထားရတဲ့ မိန်းမတစ်ဦးဟာ ယောက်ျားလို ဝတ်ဆင်ပြီး မိန်းမတစ်ယောက်ကို လက်ထပ်ပေါင်းသင်းနိုင်တယ်။ ဒီလိုပဲ ဝိညာဉ်ပူးကပ်ခံရတဲ့ ယောက်ျားဆိုရင် မိန်းမအဖြစ် ဝတ်ဆင်ပြီး ယောက်ျားတစ်ဦးဦးကို လက်ထပ်ပေါင်းသင်း ယူနိုင်တယ်။ မိန်းမဝိညာဉ် ပူးကပ်ခံရတဲ့ ယောက်ျားဆိုတဲ့ သဘာဝတစ်ရပ်ကို Konso လို့ အာဖရိကမှာ ခေါ်ဝေါ်တယ်။ တစ်ချို့ လူမျိုးစု အသိုင်းအဝိုင်းမှာဆိုရင် မိန်းမဝိညာဉ်ပူးကပ်ခံရတဲ့ ယောက်ျားတွေဟာ မှော်ဆရာတွေဖြစ်ပြီး သာမန်နဲ့မတူ မြင့်မားတဲ့ အနေအထားမျိုးမှာ ရှိတယ်။ တစ်ချို့လူမျိုးစုတွေမှာလည်း လိင်တူဆက်ဆံရေးတွေအတွက် မက်ဂျစ်ဆန်ဆန်၊ ဝိညာဉ်ဆန်ဆန် အသွင်အပြင်မျိုးတွေ ရှိတယ်။ စအိုလိင်ကနေတဆင့် သုတ်လွှတ်တာမျိုးဟာ အထွဋ်အမြတ်ထားစရာ ဓလေ့တစ်ခု၊ ဒါမှမဟုတ် ဆေးပညာလက်ဆင့်ကမ်းမှု အမွေတစ်ရပ်အဖြစ် ခံယူထားတာမျိုး ရှိတယ်။

 

ကိုလိုနီဝါဒ အာဖရိကကို ဝင်ရောက်လာတဲ့အခါမှာ ဒီဒေသမှာရှိတဲ့ လိင်တူဆက်ဆံရေး အပြုအမူကို မြှင့်တင်ပေးခဲ့တဲ့ လူမျိုးစုတစ်စုနဲ့တစ်စု စစ်တိုက်တဲ့ အလေ့အကျင့်တွေ၊ တစ်ဦးတည်းကနေ မယားပြိုင်ယူတဲ့ ဓလေ့တွေဟာ အဖျက်ဆီးခံရပြီး ပျောက်ကွယ်ကုန်တယ်….

ကိုလိုနီဝါဒ အာဖရိကကို ဝင်ရောက်လာတဲ့အခါမှာ ဒီဒေသမှာရှိတဲ့ လိင်တူဆက်ဆံရေး အပြုအမူကို မြှင့်တင်ပေးခဲ့တဲ့ လူမျိုးစုတစ်စုနဲ့တစ်စု စစ်တိုက်တဲ့ အလေ့အကျင့်တွေ၊ တစ်ဦးတည်းကနေ မယားပြိုင်ယူတဲ့ ဓလေ့တွေဟာ အဖျက်ဆီးခံရပြီး ပျောက်ကွယ်ကုန်တယ်။ ဒါပေမဲ့ ညှာတာမှုကင်းမဲ့တဲ့ ကိုလိုနီသခင်ကြီးတွေနဲ့အတူ ပေါင်းဆုံပြီး ဖြစ်ထွန်းလာတဲ့ အနောက်တိုင်း အရင်းရှင်စနစ်ကို အာဖရိကမှာ တင်သွင်းလာမှုဟာ ယောက်ျားတွေကို စက်ယန္တရားနဲ့ သတ္တုတွင်း နယ်ပယ်တွေမှာ အတင်းအကျပ် နေရာချပေးပြီး အခြေအနေအရ ဖြစ်ပေါ်လာတဲ့ လိင်တူနှစ်ခြိုက်မှု သဘာဝအတွက် (Situational Homosexuality) အခွင့်အလမ်းသစ်တွေကို ဖန်တီးပေးလိုက်သလို ဖြစ်ခဲ့တာတော့ မငြင်းနိုင်ဘူး။ ဒါနဲ့ပတ်သက်တဲ့ ဥပမာတစ်ရပ်ကတော့ “သတ္တုတွင်း လက်ထပ်မှု” (Mine Marriage) ဆိုတဲ့ဓလေ့ ထွက်ပေါ်လာမှုပဲ။ ၂၀ ရာစု ပထမနှစ်ဝက်လောက်မှာ အာဖရိကတောင်ပိုင်း သတ္တုတွင်း အတော်များများမှာ ခေတ်စားခဲ့ဖူးတဲ့ အလေ့အကျင့်တစ်ရပ်ပဲ ဖြစ်တယ်။

ယေဘုယျအားဖြင့်ပြောရင် အစဉ်အလာ အာဖရိကလူ့အဖွဲ့အစည်းဟာ လိင်တူဆက်ဆံရေးကို ရန်လိုနေတဲ့ အခြေခံနယ်မြေတစ်ရပ်တော့ မဟုတ်ဘူး။ အနည်းဆုံးအနေနဲ့ ဒီဆက်ဆံရေးကို လက်ခံပေးနိုင်တဲ့၊ နေရာပေးထားနိုင်တဲ့ သီးခြားအမှတ်လက္ခဏာတစ်ရပ် ရှိနေတဲ့ လူ့အဖွဲ့အစည်းဖြစ်တော့ကာ တောင်ပိုင်း လူဖြူအာဖရိကတွေကြားမှာ ပထမဆုံး လိင်တူဆက်ဆံရေး အခွင့်အရေးအတွက် တောင်းဆိုမယ့် အုပ်စုတွေ ပေါ်ပေါက်လာခဲ့တယ်။ ၁၉၆၀ ပြည့်နှစ် နှောင်းပိုင်းမှာ အဲဒီအုပ်စုတွေ ဦးဆောင်ပြီး လှုပ်ရှားမှုအနေနဲ့ ထွက်ပေါ်လာတယ်၊ ဂေးအခွင့်အရေး လှုပ်ရှားမှုကို နိုင်ငံတကာက ရှေ့တန်းတင်လာရေးဆိုတဲ့ ပြတ်သားတဲ့ လမ်းကြောင်းတစ်ရပ်ကို ဒီလှုပ်ရှားမှုတွေက ထင်ဟပ်နေတာ။ တစ်နည်းအားဖြင့် ကမ္ဘာ့မီဒီယာနဲ့ စီးပွားရေး လမ်းကြောင်းတွေနဲ့ ပတ်သက်တဲ့သူတွေကြားထဲမှာ လိင်တူဆက်ဆံရေး အခွင့်အရေးကို ဦးစားပေးကိစ္စအဖြစ် မြင်လာရေးကို ဒီအုပ်စုတွေက အဓိကရည်ရွယ်ထားတာ ဖြစ်တယ်။ အဲဒီလို လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာဖို့အတွက် နောက်ထပ် တွန်းအားတစ်ရပ်ကတော့ သီးခြားပုဂ္ဂလိကဖြစ်စေ၊ သဘောတူမှုအရဖြစ်စေ ပြုလုပ်တဲ့ လိင်ကိစ္စတွေကိုပါ ထည့်သွင်းထားတဲ့ တိုင်းပြည်ရဲ့ ဓမ္မတာနဲ့ဆန့်ကျင် လိင်ဆက်ဆံမှု တားဆီးရေး ဥပဒေတွေကို ပိုကျယ်ပြန့်လာစေမယ့် ဥပဒေအဆိုကြမ်းတစ်ရပ်ပါပဲ။ ဒါပေမဲ့ အဲဒီအဆိုကြမ်းဥပဒေကို ဦးစားပေးနေရာကနေ ဆွေးနွေးဖို့ကိစ္စကို အစိုးရက လက်လွှတ်လိုက်တဲ့အတွက် လှုပ်ရှားမှုဟာ ပျက်ပြယ်သွားတယ်။ ဒါပေမဲ့ ဒီလှုပ်ရှားမှုကနေ မြှင့်တင်ပေးလိုက်နိုင်တဲ့ အရာကတော့ အသက် ၁၉ နှစ်အရွယ်ကို ယောက်ျားချင်း လိင်ဆက်ဆံဖို့ ခွင့်ရအရွယ်အဖြစ် သတ်မှတ်ပေးရေးကိစ္စပဲ ဖြစ်တယ်။ ၁၉၇၀ ပြည့်နှစ်မှာတော့ ဂေးကွန်မြူနတီဆိုတဲ့အမြင်ဟာ ပိုပြီးနက်နဲစွာ ဖြစ်ထွန်းလာတယ်၊ ဒါပေမဲ့ တောင်အာဖရိကမှာက လူတန်းစား၊ လူမျိုးစုနဲ့ လူမျိုးဆိုတဲ့ အသားအရောင် ခွဲခြားမှုတွေ လှိုင်းထနေတဲ့အတိုင်းပဲ ဂေးကွန်မြူနတီဆိုတာမှာတောင် ခွဲခြားမှု ရှိနေသေးတယ်။ လူမည်း လူ့အဖွဲ့အစည်းမှာက ဂေးကွန်မြူနတီဆိုတာကို လူလတ်တန်းစားတွေနဲ့ အများစု ဖွဲ့စည်းထားတယ်၊ ၁၉၈၀ ပြည့်နှစ်ရောက်တော့ သမိုင်းအဆက်အစပ်အရ အရေးကြီးတယ်ဆိုတဲ့ အမြင်နဲ့ ဂေးနဲ့လက်စဘီယံအုပ်စုတွေ ပိုပြီးတော့တောင် ထွက်ပေါ်လာတယ်။ တချို့ကတော့ သိပ်ကြာရှည်မခံလိုက်ဘူး။ တက်ကြွလှုပ်ရှားသူတွေ စုပေါင်းပြီး လက်စဘီယံနဲ့ ဂေးအစည်းအရုံး (OLGA) ကို ဖွဲ့စည်းမိကြတယ်။ ဒီအဖွဲ့ရဲ့အဓိကပန်းတိုင်က လူမည်းလွတ်မြောက်ရေးနဲ့ အသားအရောင် ခွဲခြားအုပ်ချုပ်မှု ပပျောက်ရေးပဲ။ အာဖရိကအမျိုးသား ကွန်ဂရက်ကလည်း ဒီအစည်းအရုံးကို အားပေးထောက်ခံတယ်။ အစည်းအရုံးဟာ ကွန်ဂရက်ရဲ့ နောက်ပိုင်း ဂေးအခွင့်အရေး အားပေးထောက်ခံမှုရဖို့ ကူညီပြီးမျိုးစေ့ချပေးခဲ့ တာ။ ဒါကြောင့် အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ဂေးနဲ့ လယ်စဘီယံအစည်းအရုံးဟာ တက်တက်ကြွကြွ ပါဝင်သလို၊ အစည်းအရုံးဝင်မှုမှာလည်း လူမျိုးပေါင်းစုံကို လက်ခံပေးထားတယ်။

 

တောင်အာဖရိကမှာ ဂေးနဲ့ လက်စဘီယံတွေအတွက် ဥပဒေဆိုင်ရာ တန်းတူညီမျှမှု ရှိပေမယ့် နေ့စဉ်ဘဝမှာ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကတော့ ပျောက်ကွယ်မသွားသေးဘူး။ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်း အတော်များများက လိင်တူဆက်ဆံခြင်းကို အာဖရိကန်သွေဖည်မှုအဖြစ် မြင်ထားနေကြတုန်းပဲ…

၁၉၉၄ မှာ ဂေးနဲ့ လယ်စဘီယံအုပ်စုတွေက ခေါင်းဆောင်တွေစုပေါင်းပြီး ဂေးနဲ့လယ်စဘီယံ တန်းတူညီမျှရေး အမျိုးသားညွန့်ပေါင်းအဖွဲ့တစ်ခု ထူထောင်ဖို့ကို သဘောတူညီခဲ့ကြတယ်။ ဒီအဖွဲ့ရဲ့ရည်မှန်းချက်ကတော့ တောင်အာဖရိကရဲ့ အသားအရောင် ခွဲခြားမှုအလွန် ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ လိင်ပိုင်း တိမ်းညွှတ်ချက်ကို အခွင့်အရေးတစ်ရပ်အနေနဲ့ ထည့်သွင်းပြီး ဥပဒေအရ ကာကွယ်မှုပေးရေးပဲ ဖြစ်တယ်။ ညွန့်ပေါင်းအဖွဲ့ရဲ့ ကြိုးစားမှုဟာ အောင်မြင်မှုရတဲ့အတွက် ၁၉၉၆ တိုင်းပြည်ရဲ့ အဆုံးသတ်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လိင်ပိုင်းတိမ်းညွှတ်ချက်ကို ဦးစားပေး ထည့်သွင်းလာတယ်။ နောက်တစ်နှစ်မှာပဲ ညွှန့်ပေါင်းအဖွဲ့ ဦးဆောင်ပြီး တောင်အာဖရိကရဲ့ ဓမ္မတာနဲ့ဆန့်ကျင် လိင်ဆက်ဆံမှု တားဆီးရေး၊ သဘာဝနဲ့ မညီတဲ့ အပြုအမူများကို တားဆီးရေးနဲ့ အခြားဂေးဆန့်ကျင်ရေး ဥပဒေတွေ အားလုံးကို ဖွဲ့စည်းပုံဥပဒေနဲ့ မညီတဲ့အရာတွေအဖြစ် တရားစွဲတယ်။ ၁၉၉၈ မှာတော့ တောင်အာဖရိကရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကနေ နိုင်ငံမှာသက်ရောက်နေတဲ့ ဂေးဆန့်ကျင်ရေး ဥပဒေတွေဟာ ဖွဲ့စည်းပုံဥပဒေနဲ့ ငြိစွန်းနေတယ်၊ ဒီအတွက် တရားမဝင်ဘူးဆိုပြီး ပယ်ဖျက်ပစ်လိုက်တယ်။ နောက် တစ်နှစ်မှာပဲ ခုံရုံးကနေ လိင်တူဆက်ဆံရေးတွေကို လူဝင်မှုနဲ့ နိုင်ငံသားခံယူမှုဥပဒေထဲမှာ အသိအမှတ်ပြုတဲ့အကြောင်း ပြဋ္ဌာန်းလိုက်တယ်။ ၂၀၀၅ ရောက်တော့လည်း ခုံရုံးက နောက်ထပ် လိင်တူချင်း လက်ထပ်ထိမ်းမြားခြင်း ဥပဒေကို ပြဋ္ဌာန်းတယ်။ အစိုးရကလည်း သဘောတူတယ်။ တောင်အာဖရိကမှာ ဂေးနဲ့ လက်စဘီယံတွေအတွက် ဥပဒေဆိုင်ရာ တန်းတူညီမျှမှု ရှိပေမယ့် နေ့စဉ်ဘဝမှာ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကတော့ ပျောက်ကွယ်မသွားသေးဘူး။ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်း အတော်များများက လိင်တူဆက်ဆံခြင်းကို အာဖရိကန်သွေဖည်မှုအဖြစ် မြင်ထားနေကြတုန်းပဲ။ အကျိုးဆက်ကတော့ မိသားစုတွေရဲ့ ဖယ်ကြဉ်မှု၊ အိမ်နီးနားချင်းတွေရဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုနဲ့ အခြားသော ခွဲခြားဆက်ဆံမှုပုံစံတွေဟာ အသက်ဝင် လှုပ်ရှားနေတုန်းပဲ ဖြစ်နေတော့တာ။

ဒါပေမဲ့ အာဖရိကဒေသတွင်းမှာ တောင်အာ ဖရိကလူ့အဖွဲ့အစည်းမှာသာ လိင်တူဆက်ဆံရေးကိစ္စကို လက်ခံပေးထားပေမယ့် အခြားနိုင်ငံ အတော်များများကတော့ ဓမ္မတာနဲ့ဆန့်ကျင် လိင်ဆက်ဆံမှု တားဆီးရေး ဥပဒေတွေကို ကိုင်စွဲကျင့်သုံးနေတုန်းပဲ ဖြစ်နေတာ။ ယူဂန်ဒါမှာဆိုရင် ဓမ္မတာနဲ့ဆန့်ကျင် လိင်ဆက်ဆံရင် တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချတဲ့အထိပဲ။ အစိုးရဟာ ဂေးအခွင့်အရေးအုပ်စုက ခေါင်းဆောင်တွေ၊ လိင်ပိုင်း လူနည်းစု အုပ်စုတွေကို ရဲအဖွဲ့ရဲ့ နှောင့်ယှက်ဟန့်တားမှု၊ ခြိမ်းခြောက် အကျပ်ကိုင်မှုတွေနဲ့ ဖိနှိပ်ထားတာ။ ဘော့ဆွာနာမှာလည်း ယောက်ျားချင်း လိင်ဆက်ဆံတာကို ထောင်ဒဏ် ၇ နှစ်အထိ ပေးတယ်။ တန်ဇေးနီးယားမှာက ၁၄ နှစ်အထိ ချတယ်။ နိုင်ဂျီးရီးယားက အစ္စလာမ် ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့တွေဟာ လိင်တူဆက်ဆံသူ၊ ဒါမှမဟုတ် သဘာဝအရ သတ်မှတ်ထားတဲ့ လိင်အခန်းကဏ္ဍနဲ့အညီ မနေထိုင်တဲ့သူတွေလို့ ယူဆရတဲ့ပုဂ္ဂိုလ်တွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်တယ်။ နိုင်ငံရဲ့ ပြည်နယ်တစ်ချို့မှာ နိုင်ငံသားတွေကို ရှာရီယာလို့ခေါ်တဲ့ အစ္စလာမ်မိသားစု ထုံးတမ်းဥပဒေတစ်ရပ်နဲ့ ချည်နှောင်ထားတယ်။ ဒီဥပဒေအရ ဓမ္မတာနဲ့ ဆန့်ကျင်ဘက် လိင်ဆက်ဆံမှုကို သေဒဏ်အထိ အပြစ်ပေးထားတယ်။ ဂေးအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တာ၊ ထူထောင်တာ၊ လိင်တူချင်း လက်ထပ်ပွဲ အခမ်းအနားကို တက်ရောက်တာ၊ လိင်တူချင်း မေတ္တာသက်ဝင်နေတဲ့ ကိစ္စကို သွယ်ဝိုက်ပြီး လူသိများအောင် လုပ်တဲ့သူတွေကို ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်တဲ့ဥပဒေကို ပြဋ္ဌာန်းထားတယ်။

ဒီအတွက် အာဖရိက နိုင်ငံရေးသမားတွေဟာ လိင်တူဆက်ဆံရေးကို ယဉ်ကျေးမှုဆိုင်ရာ အစဉ်အလာဝါဒအတွက် အန္တရာယ်အဖြစ် ယူဆပြီး ရှုတ်ချတယ်။ အလားတူပဲ ဘာသာရေး ခေါင်းဆောင်တွေကလည်း လိင်တူဆက်ဆံရေးကို ကန့်ကွက်တဲ့အကြောင်း ဟောပြောပို့ချတယ်။ မူဆလင်ခေါင်းဆောင်တွေလည်း ဒီအတိုင်းပဲ။ ရာစုနှစ် လေးပုံတစ်ပုံ ကျော်လောက်အထိ အာဖရိကဒေသမှာ လိင်တူဆက်ဆံရေး အသိပညာ မြင့်မားလာတာတောင် ဒီကိစ္စအပေါ် လက်ခံမှု၊ ဒါမှမဟုတ် သဘောထားကြီးမှုဆိုတာမျိုး ရှိမလာနိုင်သေးဘူး ဖြစ်ခဲ့တယ်။ လိင်တူ ဆက်ဆံရေးမှာ ပါဝင်နေတယ်လို့ ယူဆခံရသူတွေကို ခြိမ်းခြောက်တာ၊ အကြမ်းဖက်တာမျိုးတွေ ဖြစ်နေဆဲပဲ။ ယောက်ျားတွေဟာ လယ်စဘီယံတွေကို သူတို့ရဲ့ လိင်သဘာဝအတွက် အပြစ်ပေးတဲ့အနေနဲ့ မုဒိမ်းကျင့်တယ်။ မိသားစုဝင်ထဲမှာ လိင်တူဆက်ဆံသူပါနေရင် ရောဂါတစ်ခုဝင်သလို ယူဆပြီး ပယောဂဆရာတွေဆီ ခေါ်သွားပြကြတယ်။ အဲဒီမှာ ပယောဂဆရာက ဆေးဘက်ဝင် အပင်တစ်ချို့ကို မီးမြှိုက်ပြီး လူနာမှာ ဒဏ်ရာဖြစ်သွားတဲ့အထိ ပွတ်တိုက်လိမ်းကျံပစ်တာမျိုး လုပ်တတ်ကြတယ်။ ဒီအခြေအနေမျိုးတွေကနေ လွတ်ကင်းအောင်လို့ နိုင်ငံတကာ ဂေးနဲ့ လက်စဘီယံအုပ်စုတွေဟာ လိင်တူဆက်ဆံသူတွေကို ထဲထဲဝင်ဝင် ကာကွယ်မှုပေးနိုင်ဖို့ အတူပေါင်းစည်း လုပ်ဆောင်ကြတယ်၊ ဒါပေမဲ့ အောင်မြင်မှုတော့ သိသိသာသာ မရသေးဘူးလို့ ဆိုရမယ်။

နောင်ချိုသစ်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.