LGBT တွေကို အချိန်တန်ရင် အကုန်အကောင်းပြန်မြင်သွားကြမှာပါလို့ ပြောလိုက်တဲ့ ဟာသသရုပ်ဆောင် ဂျိုကာ

မြန်မာ့ရုပ်ရှင်နဲ့ ဗီဒီယိုတွေမှာ ရိုက်ကူးတင်ဆက်နေတဲ့ LGBT ဇာတ်ရုပ်တွေကြောင့် အပြင်လောကမှာ LGBT တွေကို လှောင်ပြောင်စရာအဖြစ် ထင်မြင်လွဲမှားနေတာတွေဟာ အချိန်တန်ရင် အကုန်အကောင်း ပြန်မြင်သွားကြမှာပါလို့ ဟာသသရုပ်ဆောင် ကိုဂျိုကာက ပြောလိုက်ပါတယ်။

“အကုန်လုံးက သူဘက် ကိုယ့်ဘက်လေး ရှိတယ်လို့ ထင်တာပဲ။ ဒီဘက်မှာလည်း အဲလိုတရားလွန်ကြီးတွေ လုပ်ပြနေတာမျိုးထက် အဓိက ပျော်ရွှင်မှုမြောက်စေချင်တဲ့ စေတနာကြောင့်ရယ် အမြင်မှားသွားတာကြောင့်ရယ် ဖြစ်မှာပါ။ အဲလိုမျိုးကြီးတွေလို သူတို့လောကကြီးကို အဲလိုအမြင်စောင်းစေမယ့် စိတ်တွေတော့ မရှိပါဘူး။ ဒါက နားလည်မှု လွဲမှားတာလေးလို့ မြင်ပါတယ်။ အချိန်တန်ရင် အကုန်အကောင်းပြန်မြင်သွားကြမှာပါ”လို့ ဟာသသရုပ်ဆောင် ကိုဂျိုကာက ပြောပါတယ်။

ဟာသသရုပ်ဆောင် ကိုဂျိုကာအနေနဲ့ လက်ရှိမှာ ထိုင်းနဲ့မြန်မာနှစ်နိုင်ငံ ပူးပေါင်းရိုက်ကူးသွားမယ့် Lady boy ရုပ်ရှင်ဇာတ်ကားမှာ ထိုင်းမိန်းမလျာတစ်ယောက်အဖြစ် ပထမဆုံးအကြိမ် သရုပ်ဆောင်သွားဖို့ရှိပြီး ဒီကာရိုက်တာက ပျော်ရွှင်မှုရသကိုပေးတဲ့ ဇာတ်ရုပ်ဖြစ်တယ်လို့ ဆိုပါတယ်။

“ထိုင်း မိန်းမလျာမကြီးပေါ့။ အဆောင်ငှားစားတဲ့ အဆောင်မှူးကြီး၊ မိန်းမလျာတွေပဲ လက်ခံတယ်။ မြန်မာလူမျိုးတွေကို ချစ်တတ်တဲ့ မိန်းမလျာမကြီး။ ထိုင်းနဲ့မြန်မာ ပေါင်းရိုက်တော့မယ်ဆိုတော့ ဒိုင်ယာလော့ခ်ပိုင်းတွေ ကြိုကျင့်ရမယ်။ ထိုင်းမကြီးတွေ ထိုင်းမိန်းမလျာကြီးတွေ သွားလာလှုပ်ရှားမှုတွေ၊ စကားပြောဟန်တွေကို ဘန်ကောက်သွားလည်ရင်း လေ့လာဖြစ်ပါတယ်။ မိန်းကလေးပစ္စည်းတွေ ခေါင်းအစခြေအဆုံးကို တော်တော်ကို ရှာရတယ်”လို့ သူက ထပ်ပြောပါတယ်။

သူ့အနေနဲ့ LGBT တွေကလည်း လူသားတွေ ဖြစ်သလို ကမ္ဘာကြီးပေါ်မှာ နေထိုင်ကြတဲ့သူတွေအားလုံးကလည်း ချစ်တတ်ကြတဲ့သူတွေဖြစ်လို့ အားလုံးချစ်ချစ်ခင်ခင်နဲ့ပဲ ရှိတာကောင်းတယ်လို့ သူ့အမြင်ကို ပြောလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.