“ဝက်ဝက်ကွဲအောင် ပွင့်” ရုပ်ရှင်ဇာတ်ကားဟာ LGBT တွေအပေါ် သရော်နှိပ်ကွပ်တာမျိုး မရှိဘူးလို့ အကယ်ဒမီ ရန်အောင်က ပြောကြား

“ဝက်ဝက်ကွဲအောင်ပွင့်” ရုပ်ရှင်ဇာတ်ကားကြီးဟာ LGBT တွေအပေါ် သရော်ချင်တာ နှိပ်ကွပ်ချင်တာ တစ်ခုမှ မပါဘူးလို့ ဖေဖော်ဝါရီလ (၁၉)ရက်က Junction City ရှိ JCGV ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ ဇာတ်ကားကြီးရဲ့ အထူးပွဲပြသမှု အခမ်းအနားမှာ အကယ်ဒမီ ရန်အောင်က ပြောပါတယ်။

“ဇာတ်ကားကတော့ ဖျော်ဖြေရေး ကားလေးပါ။ ရိုက်ကတည်းက LGBT တွေကို စော်ကားထားတာ တစ်ခုမှ မပါဘူး။ ဖျော်ဖြေရေးအနေနဲ့ ရိုက်တာပါ။ သရော်ချင်တာတို့ နှိပ်ကွပ်ချင်တာတို့ တစ်ခုမှ မပါဘူး။ အဲလိုပါရင် လက်မခံဘူး”လို့ အကယ်ဒမီ ရန်အောင်က မီဒီယာတွေနဲ့တွေ့ဆုံစဉ်မှာ ပြောပါတယ်။

ဒီဇာတ်ကားဟာ LGBT တွေရဲ့ ဇာတ်ရုပ်နဲ့ပတ်သက်ပြီး သဘာဝလွန် ရိုက်ကူးထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ LGBT အသိုင်းအဝိုင်းတွေကြားမှာ ဝေဖန်မှုတွေ မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။

“မြန်မာကားတွေမှာ တွေ့မြင်နေကျ Gay တွေကို နှိမ့်ချ၊ ဟာသတစ်ခုအနေနဲ့ ရိုက်ထားတဲ့ ဇာတ်ကား မဟုတ်ဘူး။ ဇာတ်ကလည်း အဲလိုတည်ထားတာ မဟုတ်ဘူး။ အကုန်လုံးက သူရဲ့နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ Gayတွေအနေနဲ့ သရုပ်ဆောင်တာ။ ဒီကားလေးက ဖျော်ဖြေရေးသက်သက်ဆိုပေမယ့် ပျော်စရာ၊ ချစ်စရာ တကယ့် Real Life လေးကို ထင်ဟပ်စေတဲ့ ဇာတ်ကားလေးပါ။ ကျွန်တော် မိန်းမလိုဝတ်ထားတဲ့ ဇာတ်ဝင်ခန်းက တကယ်က အရွဲ့တိုက်တဲ့ ဇာတ်ဝင်ခန်းပါ။ သိတဲ့သူတွေကျတော့ ချစ်စရာလေးလို့ ပြောကြပေမယ့် မသိတဲ့ သူတွေကျတော့ ကျွန်တော်ကို ဒီလိုမျိုးလေး ရိုက်တယ်ဆိုပြီး အထင်လွဲကြတာပေါ့။ အဲကြောင့် တောင်းပန်ပါတယ်။ ရုံတင်လို့ သွားကြည့်ရင် အဲဒီအခန်းပေါ်လာရင် LGBT တွေက ကျေနပ်တယ်လို့ ဖြစ်သွားပါလိမ့်မယ်” လို့ ဥက္ကာမင်းမောင်က ပြောပြထားပါတယ်။

အဆိုပါ ဇာတ်ကားမှာ သရုပ်ဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့တဲ့ ပြေတီဦးကလည်း ဒီဇာတ်ကားကို မကြည့်ရသေးလို့သာ ဝေဖန်မှုတွေ ရှိနေခဲ့တာဖြစ်ပြီး အပြုသဘောဆောင်စွာ ရိုက်ကူးထားတာဖြစ်တဲ့အတွက် တကယ်ကြည့်ရတဲ့အခါ အကြိုက်တွေ့ကြမှာပါလို့လည်း အဆိုပါ အထူးပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ပြောကြားခဲ့ပါတယ်။

ဒီဇာတ်ကားမှာ ဖက်ရှင်လုပ်ငန်း၊ ဒီဇိုင်နာလုပ်ငန်း၊ မော်ဒယ်လ်အေဂျင်စီလုပ်ငန်း၊ ကန္နားစီးအလုပ်တွေနဲ့ အသက်မွေးဝမ်းကျောင်းပြု လုပ် ကိုင်ကာ အောင်မြင်နေကြတဲ့ Transgender အမျိုးသမီးတွေရဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို သရုပ်ဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ ဥက္ကာမင်းမောင်၊ ရန်အောင်၊ ပြေတီဦး၊ ဝတ်မှုံရွှေရည်၊ စိုးမြတ်သူဇာ၊ မိုးပြည့်ပြည့်မောင်၊ နန်းခင်ဇေယျာ၊ ရွှေပိုးအိမ်၊ ယွန်းရွှေရည်၊ ထွန်းလွင်အောင်၊ အရိုင်း၊ ညောင်ညောင်နဲ့ ဝေလျှံအစရှိတဲ့ အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်)က စိတ်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားကို ဖေဖော်ဝါရီလ(၂၂)ရက်မှာ စတင်ရုံတင်ပြသသွားမှာဖြစ်ပြီး ပိုပို ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.