ရန်ကုန်မြို့ LGBT လူငယ်တွေ စုပေါင်းတွေ့ဆုံတဲ့ (Safe Space )စကားဝိုင်းတစ်ခု ပထမဦးဆုံးအကြိမ် ကျင်းပ

ရန်ကုန်မြို့ နေရာအနှံ့မှာ နေထိုင်ကြတဲ့ LGBT လူငယ်တွေ စုပေါင်းတွေ့ဆုံကြတဲ့ (Safe Space ) စကားဝိုင်းတစ်ခုကို Rainbow Alliance အဖွဲ့က ပထမဦးဆုံးအကြိမ် ဦးစီးကျင်းပခဲ့ပါတယ်။

ဒီပွဲလေးကို မတ်လ (၃၁)ရက် နေ့လည်ပိုင်းက စမ်းချောင်းမြို့နယ်၊ ပဒုမ္မာပန်းခြံမှာ ကျင်းပခဲ့ကြတာ ဖြစ်ပြီး LGBT လူငယ်တွေ အပါအဝင် LGBT တွေကို ဝန်းရံကြတဲ့ လူငယ်တွေပါ တက်ရောက်ခဲ့ကြပါတယ်။

“ဒီစကားဝိုင်း တွေ့ဆုံပွဲလေးကနေ LGBT တွေအတွက် ပျော်ရွှင်မှုတွေနဲ့အတူ စည်းစည်းလုံးလုံးနဲ့ လုံခြုံမှုရှိရှိ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သွားဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်”လို့ Rainbow Alliance အဖွဲ့မှ တာဝန်ရှိသူ မခိုင်ဇာသွယ်က ပြောပါတယ်။

ဒီလို တွေ့ဆုံမှုကနေ LGBT လူငယ်အချင်းချင်း ရပ်တည်ပေးရန်၊ LGBT လူငယ်အချင်းချင်းကြား လိုအပ်တဲ့နေ အသိပညာ ဗဟုသုတတွေကို ဖြန့်ဝေပေးရန်နဲ့ LGBT လူငယ်တွေအတွက် စိတ်လုံခြုံတဲ့ နေရာလေးတစ်ခု ဖန်တီးပေးနိုင်ရန် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

“ဒီနေ့ တက်ရောက်လာတဲ့ LGBT လူငယ်တွေနဲ့အတူတူ ဂိမ်းတွေ ကစားကြတယ်။ ပြီးရင် သူတို့ ခံစားနေရတဲ့ ခံစားမှုတွေကို ဝေငှကြတယ်။ နားထောင်ပေးကြတယ်။ သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဝိုင်းဝန်း ဖြေရှင်းပေးကြပါတယ်။ ဒါပြင် ယုံကြည်မှုတွေ ပိုပြီးရှိလာအောင် ကျွန်တော်တို့တွေက ဝိုင်းဝန်းဆွေးနွေး ပေးကြပါတယ်”လို့ Rainbow Alliance အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Rainbow Alliance အဖွဲ့ကို ဖွဲ့စည်းထားတာဟာ တစ်နှစ်ကျော်နီးပါး ရှိပြီဖြစ်ပြီး အဖွဲ့ဝင်ပေါင်း (၄၀)ကျော် ရှိနေပြီလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.