လားရှိုးမြို့တွင် “မြန်မာနိုင်ငံရှိ LGBT အခွင့်ရေးများကို တိုးတက်မှုရှိစေမည့် နည်းဗျူဟာနှင့် နည်းလမ်းကျင့်ဝတ်”စာအုပ် မိတ်ဆက်ပွဲကျင်းပ

လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်တွင် Colors Rainbow အဖွဲ့က ထုတ်ဝေသည့် “ မြန်မာနိုင်ငံရှိ LGBT အခွင့်ရေးများကို တိုးတက်မှုရှိစေမည့် နည်းဗျူဟာနှင့် နည်းလမ်းကျင့်ဝတ်”စာအုပ် မိတ်ဆက်ပွဲကို မေလ(၁၀)ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ စာအုပ်မိတ်ဆက်ပွဲကို Colors Rainbow က လားရှိုးမြို့ခံ LGBT အဖွဲ့အစည်းဖြစ်တဲ့ Lasio Tomboy and Lesbian Group၊ အ လင်းမီးအိမ်တို့နဲ့ ပူးပေါင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။

“ဒီစာအုပ်က မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ LGBTတွေရဲ့ အခွင့်အရေးတွေကို တရားဥပဒေစိုးမိုးတဲ့ဘက်က မြှင့်တင်မယ်ဆိုရင် ဘာတွေလိုက် နာရမလဲ၊ ဘယ်လို နည်းလမ်းတွေရှိမလဲ၊ ဘယ်လို နည်းဗျူဟာတွေရှိမလဲ၊ LGBT အခွင့်ရေးလုပ်နေတဲ့သူတွေအနေနဲ့ ဘယ်လိုနည်းဗျူးဟာတွေ ရှိလဲ။ ပြီးရင် အခြား CSO အဖွဲ့စည်းတွေအနေနဲ့ အခန်းကဏ္ဍက ဘာတွေလဲ၊ ဘယ်လို ပူးပေါင်းပါဝင်လို့ရမလဲ၊ အုပ်ချုပ်ရေးဆိုင်ရာ တရားဥပဒေစိုးမိုးပိုင်းဆိုင်ရာ အစိုးရအဖွဲ့တွေကရော ဘယ်လိုမျိုးနည်းဗျူးဟာတွေ အခန်းကဏ္ဍတွေရှိလဲ။ နည်းလမ်းတွေရှိပြီး ဘယ်လိုအားတွေ ထည့်လို့ရမလဲဆိုတာတွေကို တကန့်ချင်းစီခွဲပြီးတော့ အခန်းကဏ္ဍအလိုက် ပြုစုထားတဲ့ စာအုပ်ဖြစ်ပါတယ်’’လို့ Colors Rainbow မှ Deputy Director လှမြတ်ထွန်းက ပြောပါတယ်။

အဆိုပါ စာအုပ်တွင် မြန်မာနိုင်ငံရှိ LGBTတွေအပေါ် ခြိမ်းခြောက်နေသည့် ခေတ်ကာလနဲ့ မလျော်ညီတော့သော ဥပဒေများကို ပြောင်းလဲပြင်ဆင်ရန်၊ အသစ်ရေးဆွဲနိုင်စေရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေးများနှင့် လူ့အခွင့်ရေးကြေညာစာတမ်းပါ အခွင့်အရေးများကို ရရှိခံစားနိုင်စေရန်အတွက် အကူညီပေးနိုင်မယ့် အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေကို ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရေးသားဖော်ပြပေးထားပါတယ်။

“ပြည်သူလူထုလက်ထဲမှာရော တခြားဥပဒေဆိုင်ရာ၊ အုပ်ချုပ်ရေးပိုင်းတွေပဲဖြစ်ဖြစ် ဒီစာအုပ်လေး လက်ထဲရောက်သွားမယ်ဆိုရင် LGBT တွေ အတွက် နည်းနည်းလေးများ အခွင့်ရေးပိုပြီးတော့ ရမလားပေါ့နော်။ ဒါမှမဟုတ်ရင်လည်း ပြောင်းလဲမှု တစ်ခုခုလေးများ ဖြစ်သွားမလားဆိုပြီး ရည်ရွယ်ကျင်းပတာပါ”လို့ Lasio Tomboy and Lesbian Group မှ စီမံကိန်းညှိနှိုင်းရေးမှူး မယုယုက ပြောသည်။

အဆိုပါ စာအုပ်ကို Colors Rainbow ၊ Harvard Law Schoolနဲ့  မြန်မာ LGBT ကွန်ရက် ဥပဒေအကြံပေးအဖွဲ့တို့မှ ပူးပေါင်းကာ ၂၀၁၇ ခုနှစ်တွင် စတင်ပြုစုခဲ့ကြပြီး  ၂၀၁၈ ခုနှစ်တွင် ရန်ကုန်မြို့၊ မန္တလေးမြို့တို့၌ စတင်မိတ်ဆက်ခဲ့ကြပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.