ညအခါအခွင့်မျှော်လင့်ကြသူများ

သဘာဝအလင်း ကင်းကာ ညမီး အလင်းဖျော့ဖျော့၊ အပင်ငယ်လေးတွေအောက်က ရွှေအိုရောင်အဆင်း မီးအလင်းရောင်လေးတွေကြားမှာ အဆင်အသွေးစုံ၊ ကာလာစုံ၊ ဒီဇိုင်းစုံ၊ ဆံနွယ် အတို၊ အရှည်၊ အမွှေးအကြိုင် အနံ့ပေါင်းစုံနှင့် ဟိုတစ်စု၊ ဒီတစ်စု အဖွဲ့လိုက်တစ်မျိုး၊ တစ်ကိုယ်ရည်တစ်ဖုံ၊ ကျော့လို့ မော့လို့ ကူးချီသန်းချီနှင့် ဟန်ရေးပြ လျှောက်လှမ်းနေကြသည်တို့မှာ စိတ်ဝင်စားစရာကောင်းလှသည်။

“ဟိုမှာ ဟိုမှာ အဆင်လေး လာနေပြီ။ အမိုက်စားလေးနော်။ ဟမလေး ရင်ခုန်လိုက်တာ” လို့ ဆိုလိုက်တဲ့ စကားကြောင့် ဘေးဘီတဝိုက် မျက်စိ ကစားကြည့်လိုက်တော့ ခန္ဓာကိုယ် သွယ်သွယ်လျလျ ၊ ဖြောင့်စင်းတဲ့ ဆံပင်အရှည်နဲ့ ကြည်နူးရွှင်မြူး ပြုံးပျော်နေကြတဲ့ မိန်းမလျာလေး နှစ်ယောက်ကို တွေ့လိုက်ရသည်။ မန္တလေးမြို့က ထိပ်တန်းဟိုတယ်ကြီး တစ်ခုရဲ့ရှေ့ မန္တလေး ကျုံးမြို့ရိုးကြီးဘေးမှာ ရှိုးပွဲတစ်ခုအလား ထင်မှတ်မှားရလောက်အောင် အရောင်အသွေးစုံ၊ ဖက်ရှင်ဒီဇိုင်း အမိုက်စားတွေနှင့် အလှအပ ဟန်ရေးပြသူပြ၊ မျှော်သူကမျှော်၊ သူငယ်တွေနှင့် အကြည်ဆိုက်သူက ဆိုက်နှင့် ညအမှောင်က တစ်ဖြည်းဖြည်း ရင့်သထက်ရင့် မိုက်သထက် မိုက်လာနေပါသည်။

“ကျွန်မတို့ရဲ့ဘဝတွေက နေ့ပိုင်းမှာ သာယာမှု မရှိပါဘူး။ “ဂွမ်း” တဲ့ အချိန်ပေါ့။ ကျွန်မတို့ဆို လှောင်ချင် ပြောင်ချင်ကြတယ်လေ။ အခြောက်တွေနဲ့ သိပ်ပြီး ရင်းရင်းနှီးနှီး မရှိတာလည်း ပါမယ်။ ညနေခင်း ရောက်ရင်တော့ တစ်နေကုန် ဘယ်လောက် ပင်ပန်းပင်ပန်း၊ မိတ်ကပ် လိမ်း၊ အဝတ်အစား ပြင်ဆင်ပြီး ညအချိန် အပြင်ကို ထွက်ချင်နေပြီ။ ရင်ခုန်နေပြီပေါ့နော်။ နေ့လည်ခင်း အချိန်တွေကို အရမ်းမုန်းတယ်” ဟု ပတ်ဝန်းကျင်ကို မျက်တောင် မခပ်စတမ်း သတိထား စောင့်ကြည့်ပြီး ကနွဲ့ကလျ ရင်ဖွင့်လာသူက မြန်မာစာ အဓိကနှင့် ဘွဲ့ရထားသူ၊ မိတ်ကပ် ဖန်တီးရှင် နန်းရှေ့ရတီစိုးပင် ဖြစ်သည်။

“အခြောက်”လို့ ခေါ်ပါက သေလောက်အောင် မနှစ်မြို့၊ ”ဂေး” လို့ ခေါ်ပါမူ ဗိုလ်ဆန်သည့်အတွက် ကျေနပ်ကြပြီး၊ မိန်းမလျာလို့ ခေါ်ပါက အထူးတလည် ပီတိဖြစ်ကြရပါသတဲ့။

“အခြောက်”လို့ ခေါ်ပါက သေလောက်အောင် မနှစ်မြို့၊ ”ဂေး” လို့ ခေါ်ပါမူ ဗိုလ်ဆန်သည့်အတွက် ကျေနပ်ကြပြီး၊ မိန်းမလျာလို့ ခေါ်ပါက အထူးတလည် ပီတိဖြစ်ကြရပါသတဲ့။ နာမည်အလိုက် အဖျားဆွတ် ခေါ်ပါကလည်း အများစုက သူတို့ ခံစားချက်များကို ရင်ဖွင့်ပြောပြကြသည်။ မိန်းမလျာများတွင် လုံးလုံးလျားလျား ပွင့်သူများ ရှိသလို၊ မပွင့်တစ်ပွင့် (အပုန်း) များလည်း ရှိသည် ဆို၏။ မပွင့်တစ်ပွင့် မိန်းမလျာတွေက နေ့ဘက်မှာ ယောက်ျား တစ်ယောက်အသွင် သွားလာလှုပ်ရှားတတ်ပြီး ညအခါမှ အမျိုးသမီး တစ်ယောက်အသွင် မိတ်ကပ်ခြယ်သ၊ ဖြီးလိမ်းပြင်ဆင်ကာ သွားလာလှုပ်ရှားတတ်ကြသည်။ နေ့ဘက်မှာ ယောကျာ်းတစ်ယောက်အသွင်ဖြင့် ရတနာပုံ တက္ကသိုလ် ရူပဗေဒ ဘာသာ၊ ပထမနှစ်တွင် ပညာသင်ကြားပြီး ညပိုင်း၌ ပီဘိအမျိုးသမီး တစ်ယောက်အသွင် ပြင်ဆင်၍ ကျုံးဘေးတွင် စိတ်လှုပ်ရှားခံစားဖို့ ပျော်စရာ လာရှာတတ်သော “ကြွေရုပ်”က “နေ့ခင်းဘက် ကျောင်း တက်တာကတော့ ယောက်ျားလေးပုံစံ အတိုင်းပဲ။ ဘယ်လောက်ပဲ ယောက်ျားလေးပုံစံ ဝတ်ဝတ်၊ ရင်ထဲ အသည်းထဲမှာတော့ မိန်းကလေး တစ်ယောက်ထက်ကို နူးညံ့နေပါသေးတယ်။

“အခုဆိုရင် ကျုံးဘေးမှာ မိန်းမလျာတွေ များလာသလို၊ သူငယ်တွေလည်း အလာများလာကြတယ်။ ဒါတွေက မိန်းမလျာတွေကို ချစ်တဲ့စိတ်၊ လက်ခံတဲ့စိတ်နဲ့ သူငယ်လေးတွေက လာနေကြတာပါ“ ဟု နဖူးပေါ် ဝဲကျလာသော ဆံပင်အရှည်ကို ဟန်ပါပါ လက်ဖြင့် သပ်တင်ရင်း မခို့တရို့အပြုံးလေးဖြင့် ရင်ဖွင့်ပြောပြရှာပါသည်။ ပျော်ရွင်စရာကောင်းသည့် မိသားစုဘဝ ရရှိရန် မဖြစ်နိုင်မှန်း သိသော်လည်း နောင်ဘဝများတွင်လည်း မိန်းမလျာဘဝကိုသာ တပ်မက်လိုချင်မိကြောင်း မိန်းမလျာဘဝကို ဂုဏ်ယူစွာဖြင့် ကြွေရုပ်ကလေးက ဆက်လက်ရင်ဖွင့်သည်။ မိန်းမလျာများမှာ ရုပ်ရည်ချောမောသူ ယောက်ျားလေးကို (အဆင်လေး)လို့ သုံးနှုန်းကြပြီး ရုပ်ရည်ကြမ်းတမ်း ရုပ်ဆိုးသူကို (ရုက္ခစိုး)ဟူ၍ တင်စားခေါ်ဝေါ်သုံးစွဲကြကြောင်း သူက ရှင်းလင်းပြောပြသည်။ မိန်းမလျာများ စုပေါင်းပြီး ညအချိန် အမှောင်ကို အားပြု၍ ကျုံးဘေး၌ ပျော်ပျော်ရွှင်ရွှင် လာရောက် စုစည်းရခြင်း သည် နေ့ဘက်၌ ပတ်ဝန်းကျင်နှင့် တစ်သားတည်း မရှိသေးသည့်အတွက် လွတ်လွတ်လပ်လပ် နေထိုင်ပြီး ပျော်ရွှင်မှု ရှာကြရန် ဖြစ်ကြောင်း သူတို့ ရင်တွင်း ခံစားချက်များကို မိန်းမလျာများက တစ်ညီတစ်ညွှတ်တည်း ဖွင့်ဟကြသည်။

“ဘုန်းကြီးလူထွက်ပဲ ရှိတယ်။ မိန်းမလျာ လူထွက်ဆိုတာ မရှိသေးဘူး”

“မိန်းမလျာတွေကို အထင်အမြင် မသေးအောင် အပြုအမူ၊ အပြောအဆိုကအစ သတိထားရတယ်။ နေ့လည်ခင်းမှာလည်း မိန်းမလျာလိုပဲ ဝတ်တယ်။ ငယ်ငယ်လေးကတည်းက မိန်းကလေး တစ်ယောက်လိုပဲ ဝတ်ချင်နေခဲ့တာ။ စိတ်ကူးနဲ့ ဘဝနဲ့ တစ်ထပ်တည်း ကျတယ်လို့ ပြောရမယ်”ဟု မိတ်ကပ် ဖန်တီးရှင် ပိုးပိုးက သူ့ခံစားချက်ကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောပြသည်။ သူ့ဘဝတွင်လည်း နေ့ခင်းပိုင်းနှင့် ညပိုင်းအချိန်တို့ အလွန်ပင် ကွာခြားလှပြီး နေ့ပိုင်းအချိန်ထက် ညပိုင်းအချိန်ကိုသာ လွန်စွာမှ ခုံမင်စွဲမက် တောင့်တမိကြောင်း ဆက်လက် ရင်ဖွင့်သည်။ မိန်းမလျာ လောကတွင် အပွင့်ဘဝထက် အပုန်းဘဝဖြင့် သွားလာလှုပ်ရှားခြင်းသည် လူမှု ဆက်ဆံရေးများအတွက် ပိုမိုအဆင်ပြေသည်ဟု ယူဆသည့်အတွက် အပုန်းဘဝဖြင့် လက်ရှိ ဖြတ်သန်းနေသော အင်ဂျင်နီယာ တစ်ယောက်ဖြစ်သူ “နွယ်ပင်”က “ကျွန်တော့်မှာ အိမ်က သဘောတူတဲ့ သူလည်း ရှိတယ်။ မိန်းကလေး ချစ်သူလည်း ရှိသလို၊ မိန်းမလျာ ချစ်သူလည်း ရှိတယ်။ ယောက်ျားလေး ချစ်သူလည်း ရှိတယ်။ လိုင်းကတော့ စုံတယ်။ ချွန်လို့ရသမျှ အကုန်ချွန်ပစ်လိုက်တယ်။

“မိသားစုဘဝကို လိုချင်တဲ့အတွက် မိန်းမတော့ ယူမယ်။ ယူမယ့် မိန်းမကလည်း ကိုယ့်ကို နားလည်ပေးနိုင်တဲ့ သူပဲ ဖြစ်ရမယ်။

“ဘုန်းကြီးလူထွက်ပဲ ရှိတယ်။ မိန်းမလျာ လူထွက်ဆိုတာ မရှိသေးဘူး”

“ကိုယ့်ဘဝက တခြားသူတွေနဲ့ မတူတော့ နားလည်ပေးနိုင်မယ့် မိန်းမကိုပဲ ယူမယ်”ဟု ဘဝကို ပွင့်လင်း ရိုးသားစွာ ရယ်ရယ်မောမောနှင့်ပင် ရင်ဖွင့်သည်။ ယခုကဲ့သို့ကျုံးဘေးသို့ရောက်လာခြင်းသည် ငွေကြေးကိစ္စ၊ ယောက်ျားလေးများနှင့် ထွေလာကေလာ ကိစ္စများကြောင့် လာခြင်းမဟုတ်ဘဲ လက်ရှိ ဖြတ်သန်းနေရသည့် ဘဝအတွက် စိတ်အပန်းဖြေရန်နှင့် မိမိအလှအပများကို ဖော်လှစ်ပြသချင်သည့်အတွက်ဖြစ်ကြောင်း နွယ်ပင်က မရှက်တမ်း ဖွင့်ဟပြောဆိုသည်။ မိန်းမလျာတို့၏ အလှအပများ ဖော်ထုတ် ပြသရခြင်းသည် လွယ်လွယ်ကူကူ မဟုတ်ဘဲ ရံဖန်ရံခါ “ရကောက်” (ရဲကိုကို) များ၏ ဖမ်းဆီးစစ်ဆေး မေးမြန်းခြင်းများကိုလည်း ခံရတတ်ကြောင်း မျက်နှာအမူအယာ မာကျောသွားပြီး ခံစားမှုအတွေ့အကြုံများကို ရှင်းလင်းပြောပြသည်။

ညအမှောင်ထုက ပိုလို့ပိုလို့ သိပ်သည်းလာသည်။ တစ်နေ့တာ ပင်ပန်းမှုတွေအတွက် ညဦးပိုင်း သုံး လေးငါးနာရီမျှ အပန်းဖြေ စိတ်အပျော်ရှာကြသော မိန်းမလျာများသည် အလျှိုလျှို အိမ်ပြန်ကြလေပြီ။ အခြား နိုင်ငံများကဲ့သို့ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းနှင့် မိန်းမလျာများ တစ်သားတည်းဖြစ်အောင် အဖွဲ့အစည်းအားဖြင့်သော်လည်းကောင်း၊ တစ်ဦးချင်းအားဖြင့်သော်လည်းကောင်း ဆောင်ရွက်နေကြသည်များ ရှိနေသော်လည်း အချိန်အထိုက်အလျောက် ယူရဦးမည် ဖြစ်သည့်အတွက် လက်ရှိ၌ မိန်းမလျာများမှာ နေ့အလင်းကို ပုန်းရှောင်ပြီး ညအမှောင်ကို ပွေ့ဖက်ပျော်မွေ့ရန် ကြိုးပမ်းအားထုတ်နေကြရသည်သာ ဖြစ်ပါတော့သည်။

ဆူးရဲနီ

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.