၂၀၁၈ ခုနှစ် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲရဲ့ နိုင်ငံစုံက ပွင့်ပွင့်လင်းလင်း LGBT အားကစားသမားများ

တောင်ကိုရီးယားနိုင်ငံ ပြုံချန်မြို့မှာ ဖေဖော်ဝါရီလအတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ ပွင့်ပွင့်လင်းလင်း LGBT အားကစားသမားအရေအတွက် (၁၅) ဦးအထိ ရှိခဲ့ပါတယ်။ ဒီအရေအတွက်ဟာ ၂၀၁၄ ခုနှစ်က ရုရှားနိုင်ငံ ဆိုချီမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲထက် (၂) ဆ ရှိပါတယ်။ ၂၀၁၄ ခုနှစ်က ရုရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ ပွင့်ပွင့်လင်းလင်း LGBT အားကစားသမား အရေအတွက် (၇) ဦးသာ ရှိခဲ့ပါတယ်။

သက်ဆိုင်ရာ နိုင်ငံအသီးသီးကနေ ကိုယ်စားပြုလာရောက် ယှဉ်ပြိုင်ခဲ့ကြတဲ့ အဆိုပါ ပွင့်ပွင့်လင်းလင်း LGBT တွေဟာ အရေအတွက်အရ မပြောပလောက်သာ ရှိပေမယ့် ရလဒ်အနေနဲ့ ရွှေ (၂) ဆု၊ ငွေ (၂) ဆု၊ ကြေး (၃) ဆုအထိ ဆွတ်ခူးရရှိခဲ့ကြတာကို တွေ့ရပါတယ်။

Outsports.com မှာ ဖော်ပြထားချက်အရ ဒီပွင့်ပွင့်လင်းလင်း LGBT အားကစားသမားအရေအတွက်ဟာ သတင်း မီဒီယာတွေကတဆင့် ဒါမှမဟုတ် တနည်းနည်းနဲ့ မိမိတို့ရဲ့ လိင်စိတ်ကိုင်းညွှတ်မှု ကွဲပြားတာကို လူသိထင်ရှား ထုတ်ဖော် ပြောဆိုထားတဲ့သူတွေကိုသာ စာရင်းပြုစုထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီစာရင်းမှာ ဖော်ပြထားတဲ့ LGBT တွေအပြင် နိုင်ငံအသီးသီးက အားကစားအဖွဲ့တွေမှာ အခြားသော LGBT အားကစားသမားတွေ ရှိပေမယ့်လည်း သူတို့တွေဟာ ၎င်းတို့ရဲ့ ဖြစ်တည်မှုနဲ့ ပတ်သက်ပြီး လူသိထင်ရှား ထုတ်ဖော်ပြောဆိုထားတာမျိုး မရှိတဲ့အတွက် ဒီအထဲမှာ ထည့်သွင်း ရေတွက်ထားတာ မရှိဘူးလို့ ဆိုပါတယ်။

ဒီပွင့်ပွင့်လင်းလင်း LGBT အားကစားသမားတွေကတော့ ၎င်းတို့ကိုယ်စားပြုတဲ့ နိုင်ငံနဲ့ အားကစားအမျိုးအစားများအလိုက် အောက်ပါအတိုင်း ဖြစ်ပါတယ်။

Emilia Andersson Ramboldt

သူ (မ) က ဆွီဒင်နိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်တဲ့ ရေခဲပြင်ဟော်ကီ အားကစားသမား ဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ ရေခဲပြင်ဟော်ကီအားကစားမှာ နောက်တန်းသမားဖြစ်တဲ့ သူ(မ)အတွက် ပထမဦးဆုံးပြိုင်ပွဲတော့ မဟုတ်ပါဘူး။ ဒီပြိုင်ပွဲ ဟာ သူ(မ)ရဲ့ နှစ်ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ Anna Ramboldt ဆိုတဲ့ မိန်းကလေး ချစ်သူကို လက်ထပ်ထားပြီးဖြစ်တဲ့အတွက် လူလွတ်တော့ မဟုတ်ဘူးပေါ့နော်။

ယခုနှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာတော့ သူတို့အသင်းဟာ ကွာတားဖိုင်နယ်အထိသာ ရောက်ရှိခဲ့ပြီး နံပါတ် (၇) နေရာမှာပဲ ကျေနပ်ခဲ့ရပါတယ်။

Belle Brockhoff 

နှင်းလွှာလျှောစီး (စကိတ်ပြား) အားကစားသမားတစ်ဦးဖြစ်တဲ့ သူ (မ) ဟာ ဩစတြေးလျနိုင်ငံကနေ ကိုယ်စားပြု လာရောက် ယှဉ်ပြိုင်တဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူ(မ)ဟာ နိုင်ငံကိုယ်စားပြုအဖြစ် ရွေးချယ်ခံရခါနီးဆဲဆဲ (၂) လ လောက်မှာတင် ဒူးဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ပေမယ့် ကံကောင်းစွာနဲ့ပဲ နိုင်ငံကိုယ်စားပြုအဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူ (မ) လယ်စဘီယံဖြစ်တယ်ဆိုတာကို ၂၀၁၃ ခုနှစ်မှာ လူသိထင်ရှား စတင်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ရုရှားနိုင်ငံရဲ့ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို ဆန္ဒပြတဲ့အနေနဲ့ အချိန်ကိုက်ပြီး သူမရဲ့လိင်စိတ်ဖြစ်တည်မှုကို ထုတ်ဖော်ခဲ့တာလို့ ဆိုပါတယ်။ LGBT တွေအပေါ် ဖိနှိပ်တဲ့ ဥပဒေတွေကို ရုရှားနိုင်ငံမှာ ပြဋ္ဌာန်းခဲ့တဲ့အတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖင်ကို ဆွဲဆုတ်ပစ်ချင်တယ်လို့လည်း မီဒီယာကနေ လူသိထင်ရှား ပြောဆိုခဲ့သူ ဖြစ်ပါတယ်။

ယခုနှစ် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာတော့ သူ(မ) အနေနဲ့ နံပါတ် (၁၁) နေရာကပဲ ကျေနပ်ခဲ့ရပါတယ်။

Brittany Bowe 

သူ (မ) ဟာ အမေရိကန်ပြည်ထောင်စုနိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်ခဲ့တဲ့ ရေခဲပြင်စကိတ် (အမြန်စီး) အားကစား သမားတစ်ဦး ဖြစ်ပါတယ်။ သူ (မ)ဟာ အရင်က Inline စကိတ်စီး အားကစားသမားတစ်ဦးဖြစ်ခဲ့ဖူးပြီး ကမ္ဘာ့စံချိန်တွေတင်၊ ဆုတံဆိပ်တွေလည်း ရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။ သူ (မ) ဟာ ၂၀၁၄ ခုနှစ်က ရုရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပေမယ့် ဆုတံဆိပ်ရယူနိုင်ခဲ့တာမျိုးတော့ မရှိခဲ့ပါဘူး။ ၂၀၁၈ ခုနှစ် ဆောင်း ရာသီ အိုလံပစ်ပြိုင်ပွဲဟာ လယ်စဘီယံအဖြစ် လူသိထင်ရှား ထုတ်ဖော်ပြောဆိုပြီးတဲ့နောက် ပွင့်ပွင့်လင်းလင်း LGBT အားကစားသမားတစ်ဦးအနေနဲ့ ပထမဦးဆုံး ဝင်ရောက်ယှဉ်ပြိုင်တဲ့ အိုလံပစ်ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ သူ (မ) ဟာ ယခုနှစ်ရဲ့ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ ကြေးတံဆိပ်ဆု ရရှိခဲ့ပြီး အခြားပြိုင်ပွဲတွေမှာလည်း ဆုတံဆိပ်နားတွေအထိ ကပ်ပြီးရောက်ခဲ့ပါတယ်။ မီတာ ၁၀၀၀ ပြိုင်ပွဲမှာ နံပါတ် (၄)၊ မီတာ ၁၅၀၀ ပြိုင်ပွဲမှာ နံပါတ် (၅) နဲ့ မီတာ ၅၀၀ ပြိုင်ပွဲမှာ နံပါတ် (၅) အသီးသီး နေရာတွေ ချိတ်ခဲ့ပါတယ်။

Jorik Hendrickx

ရေခဲပြင်စကိတ် (အလှစီး) အားကစားသမားတစ်ဦးဖြစ်တဲ့ သူဟာ ဘယ်ဂျီယံနိုင်ငံကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒီဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲဟာ သူ့ရဲ့ ဒုတိယအကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ အိုလံပစ်ပြိုင်ပွဲမတိုင်မီ တစ်လအလိုလောက်ကမှ သူ့ရဲ့လိင်စိတ်ကိုင်းညွတ်မှုကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာတော့ သူဟာ တစ်ဦးချင်းပြိုင်ပွဲမှာ နံပါတ် (၁၄) နေရာမှာပဲ ကျေနပ်ခဲ့ရပါတယ်။

Daniela Iraschko-Stolz 

ဩစတြီးယားနိုင်ငံ ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ သူ (မ)ဟာ နှင်းလျှောစီး အမြင့်ခုန် အားကစားသမား တစ်ဦး ဖြစ်ပါတယ်။ တောင်ကိုးရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ဒီ ၂၀၁၈ ခုနှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲဟာ သူမအတွက် ဒုတိယအကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆိုချီဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ ငွေတံဆိပ်ဆု ရရှိခဲ့ဖူးတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ယခုနှစ်မှာတော့ နံပါတ် (၆) နေရာကပဲ ကျေနပ်ခဲ့ရပါတယ်။

Barbara Jezeršek 

နှင်းလွှာလျှောစီး (တောတွင်းဖြတ်သန်းခြင်း) အားကစားသမားတစ်ဦးဖြစ်တဲ့ Barbara Jezersek ဟာ ဒီတစ်ကြိမ်မှာတော့ ဩစတြေးလျနိုင်ငံကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က ရုရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဆောင်းရာသီ အိုလံပစ်ပွဲမှာတော့ ဆလိုဗေးနီးယားနိုင်ငံကို ကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။ ယခုနှစ် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲဟာလည်း သူ့အတွက် ရလဒ်တွေ မကောင်းခဲ့ပါဘူး။ ပြိုင်ခဲ့သမျှ ပွဲစဉ်အားလုံးမှာ နောက်ဆုံးကနေပဲ လိုက်ခဲ့ရပါတယ်။

Gus Kenworthy  

အမေရိကန်ပြည်ထောင်စုနိုင်ငံကို ကိုယ်စားပြုတဲ့ နှင်းလွှာလျှောစီး (ဆင်ခြေလျှော အလွတ်ခုန်) အားကစားသမား တစ်ဦးဖြစ်တဲ့ သူဟာ ၂၀၁၄ ခုနှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာလည်း ငွေတံဆိပ်ရခဲ့ဖူးသူ ဖြစ်ပါတယ်။ ယခုနှစ် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကတော့ သူ့အတွက် ကံမကောင်းတဲ့နှစ်ပါပဲ။ ပြိုင်ပွဲဝင်နေစဉ်အတွင်း ပေါင်ကြိုးပြီး တင်ပါး နာခဲ့တဲ့အတွက် နံပါတ် (၁၂) နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

Cheryl Maas 

နှင်းလွှာလျှောစီး (စကိတ်ပြား) အားကစားသမားတစ်ဦးဖြစ်တဲ့ သူမဟာ နယ်သာလန်နိုင်ငံ ကိုယ်စားပြုတစ်ဦး ဖြစ်ပါတယ်။ တောင်ကိုးရီးယားမှာ ပြုလုပ်ခဲ့တဲ့ ဒီဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲဟာ သူမအတွက် တတိယအကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်မှုလည်း ဖြစ်ပါတယ်။ ယခုနှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲဟာလည်း သူမအတွက် ကံမကောင်းခဲ့ပါဘူး။

Simona Meiler

နှင်းလွှာလျှောစီး (စကိတ်ပြား) အားကစားသမားတစ်ဦးဖြစ်တဲ့ဟာ သူမဟာ ဆွစ်ဇာလန်နိုင်ငံကိုယ်စားပြုပြီး ၂၀၁၈ ခုနှစ် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီအကြိမ်ဟာ သူ(မ)ရဲ့ တတိယအကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်မှုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲမှာ နံပါတ် (၂၂) နေရာကပဲ ရပ်တည်ခဲ့ရပါတယ်။


Kim Meylemans  

ဘယ်ဂျီယံနိုင်ငံသားတစ်ဦးဖြစ်တဲ့ Kim Meylemans ဟာ နှင်းလွှာလျောစီး (Skeleton) အားကစားသမားတစ်ဦး ဖြစ်ပါတယ်။ ယခုနှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ နံပါတ် (၁၄) နေရာမှာသာ သူ ရပ်တည်နိုင်ခဲ့ရပါတယ်။

Sarka Pancochova 

ဒီဆောင်းရာသီအိုလံပစ်ပြိုင်ပွဲဟာ Sarka Pancochova အတွက် အိုလံပစ်ပြိုင်ပွဲတွေမှာ ချက်သမ္မတနိုင်ငံကို ကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိင်ခဲ့တဲ့ တတိယအကြိမ်မြောက် ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲကတော့ သူ(မ)အဖို့ ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူ အားကစားသမားအဖြစ် ပါဝင်ယှဉ်ပြိုင်တဲ့ ပထမဦးဆုံးပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ယခုနှစ်မှာ ကျင်းပတဲ့ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာတော့ သူ(မ)ပြိုင်ခဲ့တဲ့ ပြိုင်ပွဲနှစ်မျိုးစလုံးမှာ နံပါတ် (၁၆) နဲ့ (၁၉) သာ အသီးသီး ရရှိခဲ့ပါတယ်။

Eric Radford 

ကနေဒါနိုင်ငံကိုယ်စားပြု အလှပြစကိတ်စီး (စုံတွဲ) အားကစားသမား ဖြစ်ပါတယ်။ ဒီအိုလံပစ်ပြိုင်ပွဲဟာ Eric Radford အတွက် ဒုတိယအကြိမ်မြောက် ပြိုင်ပွဲလို့ဆိုပေမယ့် LGBT အဖြစ် လူသိထင်ရှား ဖော်ထုတ်ပြောဆိုပြီးနောက်ပိုင်း ပွင့်ပွင့်လင်းလင်း LGBT တစ်ဦးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပထမဦးဆုံးပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ယခုနှစ် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာတော့ သူဟာ တစ်ဦးချင်းမှာ ကြေးတံဆိပ်ရခဲ့ပြီး အသင်းလိုက်ပြိုင်ပွဲ အမျိုးအစားမှာတော့ ရွှေတံဆိပ်ဆု ရရှိခဲ့တဲ့အတွက် ရွှေ (၁) ဆု၊ ကြေး (၁) ဆုစီ ရရှိခဲ့တာ ဖြစ်ပါတယ်။

Adam Rippon 
ပထမဦးဆုံး ပွင့်ပွင့်လင်းလင်း LGBT ရေခဲပြင်စကိတ် (အလှစီး) သမားတစ်ဦးအဖြစ် ထင်ရှားတဲ့ Adam Rippon ဟာ အမေရိကန်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ သူ့ရဲ့ လိင်စိတ်ကိုင်းညွှတ်မှုအမှန်ကို လူသိထင်ရှား ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ယခုနှစ် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာတော့ အသင်းလိုက်ပွဲစဉ်မှာ ကြေးတံဆိပ် ရရှိခဲ့ပြီး တစ်ဦးချင်းပြိုင်ရတဲ့ ပွဲစဉ်မှာတော့ နံပါတ် (၁၀) သာ ချိတ်ခဲ့ပါတယ်။

Sophie Vercruyssen
နှင်းလွှာပေါ် ဘလိတ်ပြားတပ်ထားတဲ့ ယာဉ်စီးပြီး ပြိုင်ရတဲ့အားကစားမှာ ဘယ်ဂျီယံနိုင်ငံကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Sophie Vercruyssen ဟာ ဘယ်ဂျီယံနိုင်ငံသားတစ်ဦး ဖြစ်ပါတယ်။ ချစ်သူအမျိုးသားတစ်ဦးနဲ့ ငါးနှစ်လောက် တွဲလာခဲ့တာမို့ သူ ဘယ်သူဘယ်ဝါဆိုတာ ပြောစရာမလိုလောက်တော့ဘူး ထင်ပါတယ်လို့ ZiZo နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ဖူးပါတယ်။ သူဟာ ယခုနှစ် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာတော့ နံပါတ် (၁၃) နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Ireen Wüst 
နယ်သာလန်နိုင်ငံကို ကိုယ်စားပြုလာရောက်ယှဉ်ပြိုင်ခဲ့တဲ့ Ireen Wüst ဟာ ရေခဲပြင်စကိတ် (အမြန်စီး) အားကစားသမား တစ်ဦးဖြစ်ပြီး ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတစ်လျှောက် အတောက်ပဆုံး LGBT အားကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု (၂)ဆုနဲ့အတူ ငွေတံဆိပ်ဆု (၃) ဆု ရရှိခဲ့ပါတယ်။ အလားတူ ၂၀၀၆ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတွေမှာလည်း ရွှေတံဆိပ်ဆုတွေ ဆွတ်ခူးရရှိခဲ့သူ ဖြစ်ပါတယ်။ ရွှေတံဆိပ်ဆုတွေ တောက်လျှောက် ဆွတ်ခူးလာခဲ့တဲ့ သူ (မ)ဟာ ယခုနှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာလည်း မီတာ ၁၀၀၀ ပြိုင်ပွဲ ရွှေတံဆိပ်ဆု (၁) ဆုနဲ့အတူ မီတာ ၃၀၀၀ ပြိုင်ပွဲ (ငွေတံဆိပ် (၂)ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။ Ireen Wüst ဟာ ပွင့်ပွင့်လင်းလင်း ဘိုင်ဆယ်ချူရယ်တစ်ဦး ဖြစ်ပါတယ်။

https://www.outsports.com

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.