ဇွန်လကို LGBT တွေအတွက် ပျော်ရွှင်ဂုဏ်သိက္ခာရှိတဲ့ လဖြစ်စေဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ဆုတောင်းဆန္ဒပြု

ဇွန်လကို LGBT တွေအတွက် ပျော်ရွှင်ဖွယ်ရာ ဂုဏ်သိက္ခာရှိတဲ့ လတစ်လဖြစ်စေဖို့ ဆုတောင်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ facebook စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

Facebook စာမျက်နှာပေါ် ဇွန်လ ၁ ရက်နေ့က တင်ထားတဲ့ စာမှာ အောက်ပါအတိုင်း ဆန္ဒပြု ရေးသားထားတာကို တွေ့ရပါတယ်။

“လိင်စိတ်ဝိသေသလက္ခဏာကွဲပြားသူများ (LGBT) ၏ ပျော်ရွှင်ဖွယ်ရာ ဂုဏ်သိက္ခာလ ဖြစ်ပါစေကြောင်း အမေရိကန်သံရုံးက ဆုတောင်းပါတယ်”

၎င်းအပြင် Pride Month အထိမ်းအမှတ်အနေနဲ့ အမေရိကန်သမ္မတ အိုဘားမားရဲ့ ၂၀၁၅ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်ထဲက စာပိုဒ်တစ်ခုကိုလည်း အောက်ပါအတိုင်း အကိုးအကားအနေနဲ့ ရေးသား ဖော်ပြထားတာကို တွေ့ရှိရပါတယ်။

“မည်သူမဆို လိင်ဖြစ်တည်မှု သို့မဟုတ် လိင်တိမ်းညွှတ်မှု မည်သို့ပင်ဖြစ်စေကာမူ ဂုဏ်သိက္ခာနှင့် လေးစားမှုနှင့် နေထိုင်ခြင်း၊ အကြမ်းဖက်မှုနှင့် ကြောက်ရွံ့ခြင်းတို့မှ ကင်းဝေးခြင်းနှင့်၊ ခွဲခြားဆက်ဆံခံရခြင်းမှ အကာအကွယ်ပေးခြင်းတို့ကို ခံစားပိုင်ခွင့် ရှိသည်။ လိင်တူချစ်သူများ၊ လိင်တူလိင်ကွဲဆက်ဆံသူများနှင့် လိင်ပြောင်းထားသူများ ဂုဏ်သိက္ခာမြှင့်တင်သော လအတွင်း မိမိတို့ နိုင်ငံအတွင်း မြင်တွေ့နေရနေကျ ဂုဏ်ယူဖွယ် LGBT များအတွက် မိမိတို့ အောင်ပွဲခံသည်။ မိမိတို့ပြည်ထောင်စု ထွန်းပြောင်အောင် တိုက်ပွဲဝင်ခဲ့သော သူများကို ဂုဏ်ပြုသည်။ မိမိတိုင်းပြည်က မိမိတို့ကို ကျောထောက်နောက်ခံ ပြုပေးနေသည်။ တိုင်းပြည်က သူတို့အတွက် ဂုဏ်ယူနေသည်။ သူတို့ရဲ့ ပကတိအခြေအနေ အမှန်အတိုင်းအတွက် နေရာပေးသည်ဟူသော အသိဖြင့် ကလေးငယ်တိုင်း ကြီးပြင်းလာမည့် လူ့အဖွဲ့အစည်းကို မိမိတို့ ဆက်လက် တည်ဆောက်လျက် ရှိသည်” – (အမေရိကန်ပြည်ထောင်စုသမ္မတ အိုဘားမား၏ ၂ဝ၁၅ LGBT ဂုဏ်သိက္ခာလ အတွက် ကြေညာချက်မှ)

၁၉၆၉ ခုနှစ်က အမေရိကန်နိုင်ငံ နယူးယောက်မြို့က မင်ဟက်တန်မှာရှိတဲ့ စတုန်းဝေါ အင်းကနေ LGBT တွေဟာ ရဲတွေရဲ့ မတရားတဲ့ ဖိနှိပ်မှုတွေ၊ ဖမ်းဆီးအနိုင်ကျင့်မှုတွေကို သွေးတွေ၊ နာကျင်မှုတွေ၊ မျက်ရည်တွေနဲ့ လက်ချင်းချိတ် အံတုခဲ့ကြတာကို အထိမ်းအမှတ်ပြုတဲ့အနေနဲ့ ဒီလကို Pride Month အဖြစ် သတ်မှတ်ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒီအံတုမှုဟာ LGBT တွေရဲ့ သမိုင်းတစ်ခေတ်မှာ စတုန်းဝေါ အရေးအခင်းလို့ ခေါ်စမုတ်ပြုခဲ့ရပြီး ၎င်းတို့ရဲ့ မတရားလုယူခြင်း ခံနေရတဲ့ လူသားဂုဏ်သိက္ခာတွေ ပြန်လည်ရယူနိုင်ဖို့ အလှည့်အပြောင်းကြီးတစ်ခု ဖြစ်ခဲ့တယ်။ စတုန်းဝေါအရေးအခင်းကနေတဆင့် LGBT တွေဟာ အခွင့်အရေးဆိုင်ရာ တောင်းဆို လှုပ်ရှားမှုတွေကို အရှိန်အဟုန်ပြင်းပြင်းနဲ့ လုပ်ဆောင်လာခဲ့ကြပါတယ်။

အဆိုပါ စတုန်းဝေါ အရေးအခင်းကတဆင့် ကမ္ဘာ့အရပ်ရပ်မှာ တည်ရှိနေကြတဲ့ LGBT တွေ အားလုံးအတွက် တိုက်ပွဲခေါ်သံတစ်ခု ဖြစ်စေခဲ့တယ်။ ၎င်းတို့ရဲ့ မိန်းမောနေတဲ့ စိတ်တွေကို လှုပ်နှိုးစေနိုင်ခဲ့ပြီး အခွင့်အရေးနဲ့ လူသားသိက္ခာတွေ ပြန်လည်ရရှိအောင် လုပ်ဆောင်မယ်ဆိုတဲ့ ပြတ်သားတဲ့ စိတ်ဓာတ်တွေ၊ ခံယူချက်တွေ ဖြစ်စေခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။

LGBT တွေဟာ ဇွန်လအတွင်း အမေရိကန်နိုင်ငံရဲ့ မြို့ကြီးအသီးသီးတွေမှာ ကြီးကျယ်တဲ့ ချီတက်ပွဲတွေ၊ ပြပွဲတွေကို ပြုလုပ်ခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီလကို အမေရိကန်နိုင်ငံ တစ်ခုတည်း မဟုတ်ပဲ တခြားနိုင်ငံတွေ၊ ဒေသအသီးသီးမှာလည်း ဂုဏ်ပြု အသိအမှတ်ပြုလာကြပါပြီ။ မနှစ်ကဆိုရင်လည်း ရန်ကုန်က အမေရိကန်သံရုံးမှာ ရိမ်းဘိုးအလံကို လွှင့်ထူပြီး ဇွန်လကို ဂုဏ်ပြုခဲ့ကြတယ်။ အမေရိကန်နိုင်ငံနဲ့ ကမ္ဘာ့တခြားနေရာတွေမှာလည်း အလားတူပဲ ဇွန်လကို ဂုဏ်ပြုတဲ့အနေနဲ့ ရိမ်းဘိုးအလံတွေကို လွှင့်ထူရင်း LGBT တွေရဲ့ လူသားသိက္ခာနဲ့အညီ ရပိုင်ခွင့်တွေကို အသိအမှတ်ပြုကြောင်း ပြခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.