Botex မထိုးမီ အချိန်ယူ စဉ်းစားသင့်တဲ့ အချက်တွေ

Botex ဘယ်လောက်ကောင်းတယ်၊ ဘယ်လို အသက်အရွယ် အနေအထားမှာ ထိုးသင့်တယ်ဆိုတာမျိုးတွေကို ကြားဖူးပြီးသား ဖြစ်မှာပါ။ အထူးသဖြင့် သင့်မျက်နှာမှာ အရေးအကြောင်းတွေ ပေါ်လာတဲ့အခါ ဘာလုပ်ရင် ကောင်းမလဲဆိုတာကို တွေးတောရင်းနဲ့ Botex ကိစ္စကို မေးမြန်းလေ့လာပြီး ဖြစ်ရင်ဖြစ်မှာပေါ့။ ဒါပေမဲ့ Botex ထိုးဖို့ မထိုးဖို့ဆိုတာနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်လေးတွေ ရှိနေပါတယ်။ ဒါတွေက သင့်ကို Botex ထိုးတာနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။

ကျွမ်းကျင်မှု

Botex ထိုးဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် အဓိကအရေးကြီးဆုံး အချက်တစ်ချက်က Botex ထိုးပေမယ့်သူရဲ့ ကျွမ်းကျင်မှုပါ။ Botex က အထူးအရေးကြီးတဲ့ ဆေးကုသရေး လုပ်ဆောင်ချက် မဟုတ်တဲ့အတွက် သူ့အတွက် အထူးသီးသန့် ကျွမ်းကျင်သူဆိုပြီး ခွဲမထားကြပါဘူး။ အကောင်းဆုံးကတော့ သူတို့ ကောင်းကောင်း လုပ်နိုင်တယ်ဆိုတာကို သက်သေပြနိုင်တဲ့သူ တစ်ဦးဦးကို သိထားတာပေါ့။

ဓာတ်ပုံတွေ

Botex ထိုးအပြီး ဆိုးဆိုးရွားရွား ဖြစ်သွားတဲ့ ဓာတ်ပုံတွေကိုလည်း သင်မြင်ဖူးမှာပါ။ ဒါကြောင့် သင့်ကို ထိုးပေးမယ့် ဆရာဝန်ဆီကနေ Before & After ပုံတွေနဲ့ လူနာမှတ်တမ်းကို ပြသပေးဖို့ တောင်းဆိုတာပါပဲ။ ဒီပုံတွေကြည့်ပြီး သင့်ရဲ့ Botex ထိုးအပြီး ပြောင်းသွားမယ့် မျက်နှာကို မှန်းဆကြည့်လို့ ရတာပေါ့နော်။ ပုံတွေထဲက ရလဒ်ကို သဘောမကျခဲ့ရင်တော့ တခြားဆေးခန်းကို ပြောင်းရှာသင့်ပါတယ်။

ကျန်းမာရေး

Botex မထိုးမီ သင့်ရဲ့ အခြေခံ ကျန်းမာရေး ကောင်းနေဖို့လည်း လိုပါတယ်။ ဦးနှောက်နဲ့ အာရုံကြောရောဂါ ခံစားနေရတဲ့သူတွေက Botex ထိုးဖို့ အဆင်မပြေပါဘူး။ ကိုယ်ဝန်ဆောင်နဲ့ မျက်နှာမှာ ပိုးဝင်ရောဂါ ဖြစ်နေသူတွေကလည်း Botex လုံးဝ မထိုးသင့်ပါဘူး။ ဒီလိုမှ မဟုတ်ရင် Botex ထိုးပြီးတဲ့အခါ နောက်ဆက်တွဲ စိတ်ညစ်စရာတွေ ကြုံလာရနိုင်တာပေါ့နော်။

အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာများ

ဒါကိုလည်း မစဉ်းစားမဖြစ် ထည့်စဉ်းစားရမှာပါ။ Botex ဆိုတာ အဆိပ်တစ်မျိုးဖြစ်ပြီး သင့်အရေပြားထဲကို ထိုးသွင်းရတာမို့ အန္တရာယ်ဖြစ်နိုင်တာကို မမေ့ပါနဲ့၊ Botex မထိုးနဲ့လို့ ပြောတာ မဟုတ်ဘူးနော်။ ဒီလို မလုပ်မီ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကိုတော့ အလုံးစုံ သေချာသိထားသင့်တယ်လေ။ အမေရိကန် ပလပ်စတစ်ဆာဂျရီများ အဖွဲ့ရဲ့ သတိပေးချက်အရ Botex ထိုးခြင်းကြောင့် အရေပြားနီရဲတာ၊ သွေးခြည်ဥတာ၊ ခေါင်းကိုက်တာ၊ တုပ်ကွေးမိလက္ခဏာတွေ၊ ပျို့ခြင်း၊ မျက်နှာအကြော အားနည်းခြင်းနှင့် မျက်ခွံပိကျခြင်း၊ အသက်ရှု၊ အစာမျိုနဲ့ စကားပြော ခက်ခဲခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် Botex မထိုးမီ သင့်အနေနဲ့ ဒီအကျိုးဆက်တွေကို ကြိုသိပြီး သေသေချာချာ ဆုံးဖြတ်ချက်ချဖို့ လိုတယ်နော်။

အမျိုးသမီးတွေရဲ့ မျှော်လင့်ချက်တွေ

ကျွန်မအပါအဝင် အမျိုးသမီးတော်တော်များများက အလှကုန်နဲ့ အလှအပရေးရာ ပြုပြင်မှုတွေဟာ ကျွန်မတို့ ရုပ်သွင်တွေကို မှော်ဆန်ဆန် လုံးဝပြောင်းလဲပေးနိုင်တယ်လို့ ထင်နေကြတာပါပဲ။ တကယ့်လက်တွေ့မှာ မျှော်မှန်းထားသလို ဖြစ်ချင်မှ ဖြစ်လာမှာပါ။ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တာမျိုးလည်း ဖြစ်နိုင်တယ်ဆိုတာကို Botex မထိုးမီ ကြိုသိထားသင့်ပါတယ်။ ဒါကြောင့် Botex ထိုးလိုက်တာနဲ့ ချက်ချင်းလက်ငင်း ထိပ်တန်းမော်ဒယ်တစ်ယောက်လို ပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတာကို နားလည်ထားပေါ့။

ထပ်ခါထပ်ခါ လုပ်ပေးရမယ်

Botex ဆိုတာ အမြဲတမ်းအတွက် အာမခံ မဟုတ်ဘူးနော်။ သင့်ရဲ့ နုပျိုတဲ့ရုပ်သွင်ကို အမြဲတမ်း ထိန်းထားနိုင်ဖို့ လအနည်းငယ် ကြာတဲ့အခါ နောက်တစ်ကြိမ် ပြန်ထိုးပေးဖို့ လိုပါတယ်။ ဒါကြောင့် Botex ထိုးတဲ့အခါ ကုန်ကျမယ့် ငွေကြေးနဲ့ အချိန်သတ်မှတ်ချက်တွေကို သိထားဖို့ လိုသလို ထိုးထားတဲ့ Botex ရဲ့ အာနိသင်ပြယ်စမှာ အတွေ့အကြုံပြည့်တဲ့ ဆရာဝန်ဆီ ပြန်တွေ့ဆုံဖို့ မမေ့ပါနဲ့။ အမျိုးသမီးတိုင်း ပြစ်ချက်ကင်းတဲ့ အလှနဲ့ ပြည့်စုံကြပါစေနော်။

YZ (NOW)

Now Weekly Magazine တွင် ဖော်ပြထားသည့်ကို ပြန်လည် ကူးယူဖော်ပြခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.