Colors Rainbow အဖွဲ့အစည်းက ထားဝယ်မြို့နယ်က သတင်းသမားတွေအတွက် လူ့အခွင့်အရေးနဲ့ SOGIE ဆိုင်ရာ အမြင်ဖွင့်သင်တန်း ပြုလုပ်
Colors Rainbow အဖွဲ့အစည်းက ထားဝယ်မြို့နယ်အတွင်းရှိ သတင်းမီဒီယာသမားတွေအတွက် လူ့အခွင့်အရေးနဲ့ SOGIE ဆိုင်ရာ အမြင်ဖွင့် (၃)ရက်တာ သင်တန်းကို စက်တင်ဘာလအတွင်း ပြုလုပ်ပေးခဲ့ပါတယ်။
ဒီသင်တန်းက သတင်းသမားတွေနဲ့ ပထမဆုံးအကြိမ်ပြုလုပ်ခဲ့တာဖြစ်ပြီး ထားဝယ်မြို့ ၊ Diamond Crown Hotel မှာ စက်တင်ဘာလ (၁၄) ရက်မှ (၁၆) ရက်အထိ ပြုလုပ်ခဲ့ပါတယ်။
“အရင်လက သတင်းမီဒီယာတွေနဲ့ ဆွေးနွေးပွဲတစ်ကြိမ် လုပ်ခဲ့ဖူးတာကြောင့် သတင်းသမားတွေနဲ့ LGBT က စိမ်းမနေဘူး။ ဒီသင်တန်းမှာ သတင်းမီဒီယာနဲ့ LGBT ဆက်စပ်ပုံ၊ လက်ရှိ အသုံးချလို့ရတဲ့ ဥပဒေပိုင်းဆိုင်ရာတွေကို နားလည်လာကြတယ်။ သူတို့ရဲ့ လုပ်ငန်းစဉ်တွေမှာ အခွင့်အရေးပိုင်းတွေကို နားလည်လာတဲ့အတွက် ရလာဒ်က သတင်းမီဒီယာတွေမှာ LGBT သတင်းတွေကို ဖော်ပြလာကြပါတယ်” လို့ ထားဝယ်မြို့အခြေစိုက် Colors Rainbow အဖွဲ့မှ ဒေါ်အေးမွန်က ပြောပါတယ်။
ဒီသင်တန်းကို ဒေသတွင်း သတင်းဌာနအသီးသီးမှ သတင်းသမားတွေ တက်ရောက်ကြပြီး တက်ရောက်သူအရေအတွက် (၂၅)ယောက် ရှိခဲ့ပါတယ်။
“လှုမှုအဖွဲ့အစည်းအတွင်းမှာ ကျား၊ မ နဲ့ LGBT တွေရဲ့ဖြစ်တည်မှုကို လက်ခံဖို့လိုအပ်တယ်။ ရှေးရိုးစွဲ အမြင်တွေပျောက်ပြီး လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာအရ ထိခိုက်စေနိုင်တဲ့ ပြောဆိုရေးသားခြင်း၊ လွှဲမှားစွာ ပုံဖော်ခြင်းမျိုး ရှောင်သင့်ပါတယ်။ အနာဂတ်ကာလမှာ LGBT တွေအပေါ်သက်ရောက်နေတဲ့ စိန်ခေါ်မှုတွေကို သတင်းမီဒီယာရှုထောင့်မှ ရေးသားပုံဖော်ခြင်းဖြင့် သူတို့အရေး မြှင့်တင်ရာမှာ ကူညီနိုင်ပါလိမ့်မယ်”လို့ ဟင်္သာမီဒီယာမှ သတင်းထောက် ကိုတင်လွင်က ပြောပါတယ်။
သင်တန်း (၃)ရက်တာအတွင်း လူ့အခွင့်အရေးအကြောင်းနဲ့ လူ့ဂုဏ်သိက္ခာဆက်စပ်ပုံ၊ အုပ်စုလိုက်အခွင့်အရေး၊ LGBT နဲ့ပတ်သက်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ လိင်နဲ့လိင်အခြေပြုအမြင် (Sex & Gender) အကြောင်း၊ SOGIE (လိင်စိတ်ကိုင်းညွတ်မှု၊ လိင်ဝိသေသခံယူမှုနဲ့ ဖော်ထုတ်ပြသမှု)ဆိုင်ရာ အယူအဆတွေ၊ ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ LGBT တွေအပေါ် မှားယွင်းတဲ့ ပုံစံခွက်သတ်မှတ်ထားခြင်း၊ LGBT တွေအပေါ် အကြောင်းမဲ့သက်သက် ရွံရှာမုန်းတီးခြင်း၊ LGBT တွေအပေါ် ခွဲခြားနှိမ့်ချဆက်ဆံခြင်းနဲ့ အကြမ်းဖက်ခြင်း၊ LGBT တွေနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေ၊ LGBT တွေ နဲ့ ပတ်သက်တဲ့ ဥပဒေတွေစတဲ့ အကြောင်းအရာတွေကို ဆွေးနွေးသင်ကြားပေးခဲ့ပါတယ်။