Eurovision သီချင်းပြိုင်ပွဲကနေ ရိုမေးနီးယားနိုင်ငံကို ထုတ်ပယ်
ရိုမေးနီးယားနိုင်ငံဟာ နိုင်ငံအလိုက် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ Eurovision သီချင်းပြိုင်ပွဲကနေ တရားဝင် ထုတ်ပယ်ခြင်းခံရတဲ့ နိုင်ငံအဖြစ် ပထမဦးဆုံး သမိုင်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။
ရိုမေးနီးယားနိုင်ငံရဲ့ နိုင်ငံပိုင် အသံလွှင့်ဌာနဖြစ်တဲ့ TVR က Eurovision ပြိုင်ပွဲ ဦးစီးကျင်းပတဲ့ သူတွေအပေါ် ပေးဆောင်ရမယ့် ငွေကြေးတွေကို သတ်မှတ်ချိန်အတွင်း ပေးဆောင်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက်ကြောင့် အခုလိုမျိုး ပြိုင်ပွဲကနေ ထုတ်ပယ်ခြင်း ခံခဲ့ရတာပဲ ဖြစ်ပါတယ်။
အဆိုပါ ပေးဆောင်ရမယ့် ငွေကြေးပမာဏ စုစုပေါင်းကတော့ အမေရိကန်ဒေါ်လာ ၁၆.၃သန်း ရှိတယ်လို့ သိရပါတယ်။
European Broadcasting Union အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ “၂၀၁၆ Eurovision သီချင်းပြိုင်ပွဲမှာ TVR အသံလွှင့်ဌာနအနေနဲ့ ပါဝင်ပတ်သက်ခြင်း အလျဉ်းမရှိတော့ပါဘူး။ ဒါကြောင့် Eurovision သတင်းနဲ့ အားကစားသတင်း အပြန်အလှန် ဖလှယ်တာမျိုးတွေ၊ အစိုးရ တာဝန်ရှိသူတွေအပေါ် စည်းရုံးလှု့ံဆော်တာ၊ အားကစားပြိုင်ပွဲ ရုပ်သံလွှင့်ခွင့်တွေ၊ ဥပဒေရေးရာ၊ နည်းပညာနဲ့ သုတေသနဆိုင်ရာ ကူညီပေးတာမျိုး စတာတွေနဲ့ ပတ်သက်ပြီး TVR သတင်းဌာနအနေနဲ့ အကျိုးခံစားခွင့် မရှိတော့ပါဘူး။ အခုလိုမျိုး အရေးယူ အပြစ်ပေးရတာက နည်းနည်းတော့ ဖရိုဖရဲဆန်ပါတယ်။ ဒါပေမယ့် ၂၀၁၆ Eurovision သီချင်းပြိုင်ပွဲနဲ့ ပတ်သက်ပြီးတော့ အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ မရှိစေရဘူးလို့ ကျနော်တို့ အာမခံပါတယ်” လို့ ဖော်ပြထားပါတယ်။
ရိုမေးနီးယားနိုင်ငံဟာ အရည်အသွေး ပြည့်မီတဲ့ ပြိုင်ပွဲဝင် အဆိုရှင် Ovidiu Anton ရဲ့ ‘Moment of Silent’ သီချင်းနဲ့ Eurovision ပြိုင်ပွဲ နောက်ဆုံးအဆင့်အထိ ပါဝင်လိမ့်မယ်လို့ မျှော်မှန်းခံထားရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
၂၀၁၆ Eurovision သီချင်းပြိုင်ပွဲကို ဆွီဒင်နိုင်ငံမှာ လာမယ့် မေလအတွင်း ကျင်းပ ပြုလုပ်သွားမယ်လို့ သိရပါတယ်။