LGBTတွေက အရမ်းချစ်ရသော အရမ်းခင်ရသော သူငယ်ချင်းတွေပါလို့ ပြောတဲ့ ဒါရိုက်တာ ကိုပေါက်
ကဗျာရေး၊ ဇာတ်ညွှန်းရေး၊ သရုပ်ဆောင်လည်းလုပ်တဲ့ ဒါရိုက်တာ ကိုပေါက်က ရုပ်ရှင်လောက LGBT တွေဟာ သူရဲ့အရမ်းချစ်ရသော အရမ်းခင်ရသော သူငယ်ချင်းတွေပါလို့ ပြောလိုက်ပါတယ်။
သူက LGBT တွေကလည်း လူသားအချင်းချင်းမို့ ရုပ်ရှင်လောကမှာသာမက အပြင်မှာလည်း အားလုံးကို အပြန်အလှန်လေးစားပါတယ်လို့လည်း ပြောလိုက်ပါသေးတယ်။
“ကျွန်တော်တို့ ရုပ်ရှင်လောကမှာ မိတ်ကပ်အလှဖန်တီးရှင်တွေဆိုတာ ကျွန်တော်တို့နဲ့ အရမ်းရင်းနှီးတဲ့ ကျွန်တော် အရမ်းချစ်သော၊ အရမ်းခင်ရသော သူငယ်ချင်းတွေပါ။ သူတို့တွေဆို ရှုတင်မှာ အရမ်းချစ်တယ်။ သူတို့က ရယ်စရာတွေလည်း ပြောတတ်တယ်။ ကျွန်တော့်အမျိုးသမီးကလည်း အရမ်းချစ်တယ်။ သူတို့ဆီက စကားအသုံးအနှုန်း အသစ်အဆန်းတွေ ကြားရတယ်။ ချစ်တယ်။ ဒါက လူသားအချင်း ချင်းပဲ။ အပြင်မှာလည်း ကျွန်တော်က အားလုံးကို အပြန်အလှန်လေးစားမှု ရှိပါတယ်ဗျ”လို့ ဒါရိုက်တာ ကိုပေါက်က ပြောပါတယ်။
ဒါရိုက်တာ ကိုပေါက်အနေနဲ့ ပြေတီဦး အပါအဝင် သရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ Lady Boy ရုပ်ရှင်ဇာတ်ကားကိုလည်း မြန်မာနဲ့ထိုင်းပူးပေါင်း ရိုက်ကူးနေပြီး LGBT ဇာတ်ကောင်စရိုက်အတွက် ပြင်ပက LGBT တွေကို သီးသန့်ကွင်းဆင်းလေ့လာတာမျိုး မရှိပါဘူးလို့ ပြောပါတယ်။
“သီးသန့်လေ့လာတာမျိုးတော့ မရှိဘူး။ Lady boy ဇာတ်ကားက အခြောက်ကားလည်း မဟုတ်ပါဘူး။ အခြေအနေကြောင့် ပြည်ပမှာ ဘာ သာစကားမကျွမ်းကျင်လို့ ရပ်တည်မှုကြောင့် အဆင်ပြေအောင်နေကြရတဲ့ ဇာတ်မျိုးပါ။ ဘယ်သူ့ကိုမှ ဒီအထဲမှာ ရှုတ်ချနှိပ်ကွပ်တာတွေ တစ်ခုမှ မပါဘူး”လို့ ကိုပေါက်က ပြောပါတယ်။
သူ့အနေနဲ့ LGBTတွေအပေါ်မှာထားတဲ့ အမြင်ကို အားလုံးကတော့ ကိုယ့်ယုံကြည်ချက်၊ ကိုယ့်စတိုင်နဲ့ ကိုယ့်အိုင်ဒီယာအတိုင်း ဖြတ်သန်း နေကြသူတွေမို့လို့ ဘယ်သူ့ကိုမှ မဝေဖန်ချင်ပါဘူးလို့ ဆိုထားပါတယ်။