LGBT တွေအပေါ် ထိန်းချုပ်စောင့်ကြပ်မှုတွေ ဆောင်ရွက်မယ့် အထူးအဖွဲ့တစ်ရပ်ကို အင်ဒိုနီးရှားနိုင်ငံ မြို့တော်တစ်ခုမှာ အစပျိုး လုပ်ဆောင်ပြီ

LGBT အသိုင်းအဝိုင်းကို ထိန်းချုပ်စောင့်ကြပ်မှုတွေ လုပ်ဆောင်မယ့် အထူးအဖွဲ့တစ်ရပ်ကို အင်ဒိုနီးရှားနိုင်ငံက မြို့တော်တစ်ခုမှာ မကြာသေးခင်ကမှ စတင်ဖွဲ့စည်းလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဂျာဗားပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဒီပို့ခ် Depok မြို့မှာ ဖွဲ့စည်းလိုက်တဲ့ အဆိုပါ အထူးအဖွဲ့မှာ လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့သူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ဘာသာရေးဆိုင်ရာ ခေါင်းဆောင်တွေပါဝင်ပြီး အင်အား (၂၀၀) မျှ ရှိတယ်လို့ သိရပါတယ်။ အဆိုပါ အထူးအဖွဲ့အနေနဲ့ လူငယ်တွေကြားထဲမှာ လိင်တူချင်း ချစ်ခင် နှစ်သက်မှုတွေ တိုးပွားလာနေတာကို တားဆီးကာကွယ်မှုတွေ ဆောင်ရွက်နိုင်စေဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အထူးအဖွဲ့ ဖွဲ့စည်းတဲ့အကြောင်းကို ဒီပို့ခ် (Depok) မြို့ရဲ့ ဒုတိယမြို့တော်ဝန်ဖြစ်သူ မိုဟာမက် အိုက် ဒရစ် (Muhammad Idris) က ဖေဖော်ဝါရီလ (၁၉) က တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အဆိုပါ အထူးအဖွဲ့ဟာ အခြားသော ဌာနဆိုင်ရာအသီးသီးနဲ့ ပူးပေါင်းပြီး LGBT တွေကို လမ်းညွှန်ထိန်းကျောင်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဒုတိယမြို့တော်ဝန်က ပြောကြားခဲ့ကြောင်း Kompas သတင်း ဌာနမှာ ဖော်ပြထားပါတယ်။

လိင်တူချင်း ချစ်ခင်စုံမက်မှုကို ပိတ်ပင်တားဆီးဖို့ ကြိုးစားတာဟာ ဘာသာတရားအဆုံးအမနဲ့လည်း ကိုက်ညီတဲ့ အတွက် ဒီပြဿနာကို ဥပဒေနည်းလမ်းနဲ့အညီ ကြိုးစားကျော်ဖြတ်သွားမယ်လို့ ဒုတိယမြို့တော်ဝန်က ပြောပါတယ်။

အထူးအဖွဲ့တွေ ဖွဲ့စည်းတည်ထောင်ပြီး LGBT တွေကို ဆန့််ကျင်တားဆီးတဲ့ လှုပ်ရှားမှုတွေဟာ ဒီပေါ့ခ် (Depok) မြို့ တစ်မြို့တည်းမှာသာ မဟုတ်ဘဲ အနောက်ဂျာဗားပြည်နယ်တစ်ခုလုံးမှာလည်း ပြီးခဲ့တဲ့လတွေအတွင်းမှာ အလားတူ ဆောင်ရွက်ခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့မွတ်ဆလင်လူဦးရေအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း လိင်တူချင်း ပေါင်းသင်းဆက်ဆံမှုကို အင်ဒိုနီးရှားနိုင်ငံရဲ့ ဒေသအများစုမှာ ရာဇဝတ်မှုအဖြစ် ဥပဒေနဲ့ သတ်မှတ်ပြဋ္ဌာန်းထားတာမျိုး မရှိပါဘူး။ ဒါပေမဲ့ LGBT တွေအပေါ် နှိပ်ကွပ်မှုတွေ၊ ပြောဆိုလှုပ်ရှားမှုတွေဟာ မကြာသေးခင် ကာလတွေအတွင်းမှာ ဆက်တိုက် တိုးမြှင့်လာခဲ့တာကို တွေ့ရပါတယ်။ ညစ်ညမ်းစာပေနဲ့ ရုပ်သံဗွီဒီယိုများတိုက်ဖျက်ရေး ဥပဒေဟာ LGBT တွေကို ပစ်မှတ်သဖွယ် ဖြစ်နေစေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က မြို့တော် ဂျာကာတာမှာ ဖွင့်လှစ်ထားတဲ့ Gay ချွေးထုတ်အခန်းလို့ နာမည်ကြီးတဲ့ ချွေးထုတ်ခန်းတစ်ခုကို ရဲတွေက ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တဲ့ သာဓကရှိခဲ့ပါတယ်။ ၎င်းအပြင် မကြာသေးခင် ကာလကလည်း အာချေးပြည်နယ်မှာ ဒါဇင်နဲ့ချီပြီး အရေအတွက်ရှိတဲ့ Transgender အမျိုးသမီးတွေကို ဖမ်းဆီးခဲ့ပြီး လူသားဂုဏ်သိက္ခာမဲ့စေတဲ့ နည်းလမ်းတွေနဲ့ ပြုမူဆက်ဆံခဲ့ကြတာကို တွေ့ရပါတယ်။

ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကနေ အကာအကွယ်ပေးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ LGBT ဝဘ်ဆိုက်ဒ်တွေ၊ ဖုန်းအယ်ပလီကေးရှင်းတွေကို အသုံးပြုလို့မရအောင် ပိတ်ပင်တာမျိုးတွေကို ၂၀၁၆ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ ရုပ်သံကဏ္ဍနဲ့ ရုပ်သံထုတ်လွှင့်တဲ့ ဌာနတွေကိုလည်း LGBT အသားပေး ဇာတ်လမ်း တွေကို မထုတ်လွှင့်ဖို့ ရုပ်ရှင်ဆင်ဆာအဖွဲ့က အမိန့်ထုတ်ပြန်ခဲ့တာ ရှိပါတယ်။ အစိုးရကနေ အလုပ်အကိုင်အခွင့်အလမ်း တွေ ထုတ်ပြန်ရာမှာလည်း LGBT တွေကို လျှောက်ထားခွင့် မပြုဘူးဆိုပြီး ပွင့်ပွင့်လင်းလင်း ရေးသားဖော်ပြမှုတွေ ပြုလုပ်ခဲ့ တာကို တွေ့ရပါတယ်။

၎င်းအပြင် အင်ဒိုနီးရှားအစိုးရအဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကိုယ်တိုင် အင်ဒိုနီးရှားနိုင်ငံမှာ LGBT တွေအတွက် နေရာမရှိဘူးလို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ LGBT တွေဟာ နျူးကလီးယားစစ်ပွဲထက် ပိုဆိုးရွားပြီး ကြောက်စရာကောင်းတယ်လို့ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးက ၂၀၁၆ ခုနှစ်မှာ လူသိရှင်ကြား ပြောဆိုခဲ့ဖူးပါတယ်။

LGBT အရေး တက်ကြွလှုပ်ရှားနေသူတွေကတော့ အင်ဒိုနီးရှားနိုင်ငံမှာ LGBT တွေအပေါ် ဆန့်ကျင်တဲ့ အယူအဆတွေ တိုးပွားလာနေတာကို စိုးရိမ်နေကြပြီး ဒီလိုအထူးအဖွဲ့တွေ ပေါ်ပေါက်လာခြင်းက ၎င်းတို့ရဲ့စိုးရိမ်နေတာတွေဟာ အကြောင်းမဲ့ မဟုတ်ဘူးဆိုတာ ပြသနေပါတယ်။

လက်ရှိမှာလည်း လိင်တူချင်းဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး အရေးယူမှုတွေ လုပ်ဆောင်နိုင်မယ့် ဥပဒေမူကြမ်းတစ်ရပ်ကို အင်ဒိုနီးရှားပါလီမန်လွှတ်တော်မှာ တင်သွင်းထားပါတယ်။ ဒီဥပဒေမူကြမ်းသာ အတည်ဖြစ်လာခဲ့ ရင် အခြား LGBT မဟုတ်သူ ချစ်သူစုံတွဲတွေရဲ့ လက်မထပ်ဘဲ အတူနေထိုင်ပေါင်းသင်းတာဟာလည်း ဒီဥပဒေအရ ရာဇဝတ်မှုအဖြစ် သတ်မှတ်အရေးယူခံရမှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ လိင်တူချင်း ပေါင်းသင်းဆက်ဆံမှုကို အနောက်ဖက်လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုဆိုင်ရာ သွတ်သွင်းမှုအဖြစ် ယူဆထားပြီး ဒီအပေါ် သည်းမခံနိုင်တော့ဘူးဆိုတာကို လှစ်ဟပြသလိုက်တာ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးဖြစ်သူ Zeid bin Ra’ad Zeid al-Hussein က တယ်လီဂရပ်စ်သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

LGBT ဆန့်ကျင်တဲ့ စည်းရုံးဟောပြောမှုတွေရဲ့ နောက်ကွယ်မှာ မရိုးသားတဲ့ နိုင်ငံရေးရည်ရွယ်ချက်နဲ့ တွန်းအားတွေ ရှိနေပြီး မလိုလားအပ်တဲ့ ကွဲလွဲတွေ၊ နာကျင်မှုတွေကို ဖန်တီးရာ ရောက်စေလိမ့်မယ်လို့လည်း Zeid bin Ra’ad Zeid al-Hussein က သူ့ရဲ့အမြင်ကို ပြောဆိုခဲ့ပါတယ်။

www.advocate.com

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.