မယ့်လိမ့်လုံစားသောက်ဆိုင်ဝန်ထမ်းကို လိုပြသက်သေအဖြစ် ဧပြီလ(၃)ရက်မှာ ထပ်မံ စစ်ဆေးသွားမည်
မယ့်လိမ့်လုံ စားသောက်ဆိုင်အမှုအတွက် တရားလိုဖြစ်သူ စားသောက်ဆိုင်ဝန်ထမ်းကို တောင်ဥက္ကလာပမြို့နယ် တရားရုံးမှာ လိုပြသက်သေအဖြစ် ဧပြီလ(၃)ရက်မှာ ထပ်မံ စစ်ဆေးသွားမယ်လို့ သိရပါတယ်။
ထိုပြင် မတ်လ (၂၁) ရက်ကလည်း စွဲချက်တင်ခံရသူဘက်မှ ပြန်ခေါ်သက်သေ (၇)ဦးကို ပြန်စစ်ဆေးပေးရန် တရားရုံးတော်ကို မတ်လ (၁၄)ရက်က လျှောက်ထားချက်အရ တရားလိုဖြစ်သူ စားသောက်ဆိုင်ဝန်ထမ်းကို တောင်ဥက္ကလာပမြို့နယ်တရားရုံးမှာ လိုပြသက်သေအဖြစ် စစ်ဆေးခဲ့ပါတယ်။
“စွပ်စွဲခံရသူ ရှေ့နေက တရားလိုဖြစ်တဲ့သူကို ပြန်ခေါ်မေးခွန်းတွေ မေးတယ်။ တရားလိုကို ပြန်ခေါ်သက်သေနဲ့ ခေါ်တယ်။ ပြန်စစ်တာ။ ပထမ ပြန်လှန်မေးတုန်းက ကျန်ခဲ့တဲ့ အရာလေးတွေကို ပြန်ခေါ်မှာ ပြန်မေးတာ။ တရားလိုရဲ့ ရဲထံတိုင်ထားတဲ့ တိုင်စာမှာ ရေးထားတဲ့ အကြောင်းအချင်းအရာလေးတွေ တရားရုံးမှာ ကျမ်းကျိန်ထွက်ဆိုတဲ့ အကြောင်းအချင်းအရာတွေကို သူက ပြန်မေးတာပေါ့။ တရားရုံးမှာတော့ ထွက်ဆိုထားတယ်။ သို့သော် ဒီထွက်ဆိုချက်သည် တိုင်စာမှာတော့ မပါဘူး။ ဒါကိုပဲ တစ်ဖက်ရှေ့နေက မေးတာ”လို့ တရားလိုဘက်မှ အမှုလိုက်ပါ ဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးနိုင်လင်းမြင့်က ပြောပါတယ်။
လက်ရှိတွင် မယ့်လိမ့်လုံစားသောက်ဆိုင်ပိုင်ရှင် အမျိုးသားကို တောင်ဥက္ကလာပမြို့နယ် တရားရုံးက ဓမ္မတာနဲ့ ဆန့်ကျင် အဓမ္မပြုကျင့်မှု ပုဒ်မ ၃၇၇ ဖြင့် ၂၀၁၉ ခုနှစ်၊ မတ်လ (၁၄)ရက်မှာ စွဲချက်တင်လိုက်ပြီးနောက် အခုလို ဆက်လက် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။