ဒဂုံတက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ LGBT နဲ့သက်ဆိုင်တဲ့ ဟောပြောပွဲကို ကျောင်းသား၊ ကျောင်းသူပေါင်း ရာနဲ့ချီပြီး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်က ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်မှာ “LGBT and Myanmar Youth Society” ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့တဲ့ LGBT ဆိုင်ရာ ဟောပြောပွဲကို ကျောင်းသား၊ ကျောင်းသူ (၆၀၀) နီးပါး တခဲနက်တက်ရောက်ခဲ့ကြပြီး မထင်မှတ်လောက်အောင် အောင်မြင်မှုတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

“လူ (၆၀၀) ကျော်လောက် လာတက်တာကို တွေ့ရတယ်။ ငွေကြေးအခက်အခဲတွေနဲ့ အခြားခြားသော အခက်အခဲတွေ အမျိုးမျိုးရှိတဲ့ ကြားကနေ ဒီပွဲဖြစ်မြောက်အောင် ကြိုးစားဆောင်ရွက်နိုင်ခဲ့တယ်” လို့ အဆိုပါ ဟောပြောပွဲဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့သူတစ်ဦးက ပြောပါတယ်။

အဆိုပါ LGBT ဆိုင်ရာ ဟောပြောပွဲကို ဒဂုံတက္ကသိုလ်ရဲ့ Theatre 1 မှာ Youth Club (Dagon University)၊ Power of True Love နဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂတို့မှ ပူးပေါင်းကျင်းပခဲ့တာဖြစ်ပြီး စာရေးဆရာ အညို၊ မော်ဒယ်သရုပ်ဆောင် Transgender အမျိုးသား ပိုင်စိုးစံ ၊ LGBT အရေးလှုပ်ရှားသူ ရှင်းသန့်နဲ့ မျိုးကိုကိုစန်းတို့လည်း ဟောပြောသူတွေအဖြစ် ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

“ဒီပွဲကို လာတက်ဖြစ်တာကတော့ ကျွန်တော် အခုလိုနေတာ အိမ်က မိဘတွေက သဘောမတူဘူး။ ဒီပွဲလေး တက်လိုက်ခြင်းအားဖြင့် ဘာတွေ လေ့လာလိုက်ရလဲဆိုတော့ မိဘတွေနဲ့ ဘယ်လို အဆင်ပြေအောင် နေထိုင်ရမလဲ၊ ဘာတွေကို ဘယ်လိုဆင်ခြင်ရမလဲဆိုတဲ့ ဗဟုသုတတွေ ရလိုက်တယ်။ LGBT တစ်ယောက်အနေနဲ့ ခွန်အားတွေရအောင် လာတက်တာ ဖြစ်ပါတယ်” လို့ ပထဝီမေဂျာနဲ့ ပထမနှစ် အဝေးသင်တက်ရောက်နေတဲ့ Transgender အမျိုးသား ကိုရှိုင်းက ပြောပါတယ်။

ဒီပွဲမှာ LGBT တွေရဲ့ ဘဝဖြစ်တည်မှုနှင့် လူ့အသိုင်းအဝိုင်းကြား အခက်အခဲများအကြောင်းကို တက်ရောက်ဟောပြောသူနဲ့ ကျောင်းသား ကျောင်းသူတွေကြားမှာ ဆွေးနွေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

“ထိုင်ခုံနေရာတွေ မလောက်တဲ့အထိအောင် ကျောင်းသား၊ ကျောင်းသူတွေဆို တကယ့်ကို အများကြီးပဲ။ ဒီလောက်အများကြီးရှိတဲ့ လူတွေကြားမှာ LGBT အကြောင်းကို ပြောရတာ သိပ်တော့ မလွယ်လှဘူးပေါ့။ အခက်အခဲတွေ အမျိုးမျိုးရှိတဲ့ကြားကနေ ဒီဟောပြောပွဲလေးကို ဖြစ်မြောက်အောင် စီမံပြီး LGBT လူငယ်တွေဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့အတွက် အားလုံးကို အရမ်းကျေးဇူးတင်မိပါတယ်” လို့ အဆိုပါဟောပြောပွဲမှာ ဟောပြောသူတစ်ယောက်အဖြစ် ပါဝင်ခဲ့တဲ့ ရှင်းသန့်က ပြောပါတယ်။

One thought on “ဒဂုံတက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ LGBT နဲ့သက်ဆိုင်တဲ့ ဟောပြောပွဲကို ကျောင်းသား၊ ကျောင်းသူပေါင်း ရာနဲ့ချီပြီး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.