LGBT တွေကို ဖိနှိပ်တဲ့မူဝါဒတွေကြောင့် ဟောင်ကောင်မှာ ကျင်းပမယ့် Mr Gay World ပြိုင်ပွဲ ပျက်သွားခဲ့
ဟောင်ကောင်မှာ ကျင်းပမယ်လို့ ကြေညာထားခဲ့တဲ့ Mr Gay World 2019 ပြိုင်ပွဲကို ပယ်ဖျက်လိုက်ပြီလို့ Mr Gay World ပြိုင်ပွဲကျင်းပရေးကော်မတီက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မူလကတော့ Mr Gay World 2019 ပြိုင်ပွဲကို ဟောင်ကောင်မှာ ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်မယ်လို့ ဇူလိုင်လက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
“တရုတ်ပြည်မကြီးရဲ့ ပေါ်လစီတွေအောက်မှာ ကျွန်တော်တို့ရဲ့ မိတ်ဆွေဖြစ်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကြောင့် Mr Gay World ပြိုင်ပွဲကို ဟောင်ကောင်မှာ ကျင်းပနိုင်ခြင်း မရှိတော့ဘူးလို့ အကြောင်းကြားလာတဲ့အတွက် အင်မတန် စိတ်မကောင်းဖြစ်ရပါတယ်” လို့ Mr Gay World ပြိုင်ပွဲ ကျင်းပရေးအဖွဲ့ ဝဘ်ဆိုက်ဒ်စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။
“ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေးက အရေးကြီးဆုံးပါ” လို့ Mr Gay World ပြိုင်ပွဲရဲ့ ဥက္ကဌလည်းဖြစ်ပြီး တည်ထောင်သူလည်းဖြစ်သူ Eric Butter က မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။
အမှန်တကယ်အားဖြင့် ဟောင်ကောင်မှာ ကျင်းပပြုလုပ်မယ်လို့ ကြေညာထားခဲ့တဲ့ အဆိုပါပြိုင်ပွဲနဲ့ပတ်သက်ပြီး Mr Gay World ရဲ့ တရားဝင် လူမှုကွန်ယက်စာမျက်နှာတွေပေါ်ကနေ စီးပွားရေးကြော်ငြာတွေ၊ ပြိုင်ပွဲဝင်ဖိတ်ခေါ်တာတွေ၊ ပြိုင်ပွဲအစီအစဉ်တွေကိုတောင် တရားဝင်ထုတ်ပြန်မှုတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။
သို့သော်လည်း အင်တာနက်စာမျက်နှာတွေပေါ်မှာ LGBT တွေနဲ့ပတ်သက်ပြီး ရေးသားဖော်ပြမှုတွေကို တားမြစ်ပိတ်ပင်ဖို့ တင်းတင်းကြပ်ကြပ် ကိုင်တွယ်လာတဲ့ တရုတ်ပြည်မကြီးရဲ့ ပေါ်လစီတွေကြောင့် ပြိုင်ပွဲကို မူလက လက်ခံကျင်းပဖို့ သဘောတူထားတဲ့ Mr Gay World ပြိုင်ပွဲရဲ့ ဟောင်ကောင်ဒေသခံ အဖွဲ့အစည်းအနေနဲ့ စိုးရိမ်မှုတွေ ဖြစ်လာခဲ့ပါတယ်။
၎င်းအစား Mr Gay World 2019 ပြိုင်ပွဲကို တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့မှာ သတ်မှတ်ထားတဲ့ အစီအစဉ်တွေ အတိုင်း ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်နေ့အထိ ရွှေ့ပြောင်း ကျင်းပသွားမှာဖြစ်ကြောင်း ၎င်းတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။