ကျမျက်ရည် ကျန်ရစ်လေတော့
မှတ်မှတ်ရရ …
စခဲ့တဲ့ထိုနေ့က မိုးတွေရွာနေခဲ့သလို အဆုံးသတ်ကြရမယ့် ဒီနေ့မှာလည်း မိုးတွေသည်းအောင် ရွာလေတယ်။
♥ ♥ ♥ ♥ ♥
သူနဲ့တွေ့ဆုံခဲ့တာက ဘာမှသိပ်တော့ ထူးဆန်းလွန်းတာမျိုးမဟုတ်။ တစ်ဆယ့်ခြောက်နှစ် ဆယ်တန်းအောင်ပြီးချိန် စာမေးပွဲအောင်လို့ ပျော်လို့ပျော်ရတဲ့ အပျော်ထက် သူ့ကိုမြင်ပြီး ကြည်နူးမိတဲ့ အပျော်က ပိုများတယ်လို့ ပြောရမယ်။ အဲ့နေ့က ဘောလုံးကွက် ချည်ထည်လေးကို ကိုယ်မှာ တင်းကြပ်အချိုးကျအောင်ဝတ်ထားတဲ့ သူ့ကိုယ်ခန္ဓာက လက်ရာမြောက် ဂန္ထဝင်ပန်းပုဆရာက ထုဆစ်ထားသလို အချိုးကျ လှပလွန်းလှတယ်။
ဆယ်တန်း အခုမှအောင်တဲ့ ချာတိတ်အရွယ် ကလေးတစ်ယောက်က ဒီလို စကားတွေပြောနေတယ်ဆိုပြီး အံ့တော့မဩကြပါနဲ့။ ခေတ်ကိုက ဆုတ်ကပ်ဆိုလား ဘာဆိုလားဗျာ။ ဒါကြောင့် မြီးကောင်ပေါက်စ သစ်ရွက်လှုပ်တာကို ကြည့်ပြီးတောင် ရယ်ကြတယ်ဆိုတဲ့အရွယ်၊ သူ့ရဲ့ ကမ္ဘာမှာ ခဏတာ လူလားမြောက်ခွင့်လေးရရင်ကို သေပျော်လောက်တဲ့အထိ အချစ်ရေချိန် တက်ခဲ့တယ်လို့ ပြောရင်လည်းရတယ်။ ဆယ်တန်းအောင်ပြီး နယ်နဲ့ မနီးမဝေးမြို့လေးမှာ အဝေးသင်တက်တယ်။ တက္ကသိုလ်တက်နေဆဲကာလတွေမှာတော့ သူ့ကို စိတ်နဲ့ပဲချစ်ပြီး လျှောက်ပြန်သံပေး ခြေအေးဝမ်းရောင်အဆင့်က မတက်ခဲ့ဘူး။ ဘာလို့လဲဆိုရင် သူက ကျွန်တော်တို့နေတဲ့ ရပ်ကွက်အစွန်းမှာ အလှပြင်ဆိုင် ခပ်သေးသေးလေးဖွင့်ပြီး အဒေါ်အပျိုကြီးနဲ့ နေတာကိုး။
ပန်းကိုလိုလို့ ဝဲလိုက်ကြတဲ့ လိပ်ပြာကြီးကြီးငယ်ငယ်တွေကို သူက အလိမ်မာလေးနဲ့ ငြင်းငြင်းနေပြီး ကျွန်တော်ကိုကြည့်တဲ့ သူ့ရဲ့ မျက်ဝန်းနက်နက်လေးတွေကတော့ ရှေ့ကိုတိုးခဲ့ပါ မောင်..လို့ခေါ်တယ်လို့ကို စိတ်က ထင်နေမိတယ်။ တစ်ဦးနဲ့တစ်ဦး မေတ္တာသစ္စာ ရွှေမန်းသဘင်ထဲက ဇာတ်လမ်းဆင်သလို အပြန်အလှန် အကြည့်ချင်းဖလှယ်ရင်းကပဲ နောက်ဆုံးနှစ် ကျောင်းပြီးခဲ့လေတယ်။
ကျောင်းပြီးတဲ့နှစ်မှာပဲ ကျွန်တော့်ကို မွေးစားခဲ့တဲ့ မွေးစားမေမေ ဆုံးတယ်။ သူ့ကို ချစ်နေခွင့်ရရင်ပဲ ကျေနပ်နိုင်ပါတယ်လို့ တွေးနေမိတဲ့ ကျွန်တော့် အတွေးတွေဟာ အထီးကျန်ဆန်တဲ့ အဖော်မဲ့ခြင်းရဲ့ဒဏ်ကို သိပ်များများ မခံစားနိုင်ခဲ့ပါဘူး။ မှတ်မှတ်ရရ သူ့ဆီသွားတဲ့ ထိုနေ့ညက မိုးတွေရွာနေခဲ့သလို မိုးသံလေသံကြားမှာ သူနဲ့ ချစ်တေးဖွဲ့သီရင်း အချစ်လူလားမြောက်ခွင့်ရခဲ့တယ်။ မိုးသံတိတ်လို့ လူခြေသံတို့ ကြားရတဲ့အခိုက်မှာ သူက ကျွန်တော့်ခါးကို မနာအောင် ဆွဲရင်း…
“လူဆိုးလေး” လို့ ခပ်တိုးတိုးပြောကာ ကျွန်တော်နဲ့ ဆန့်ကျင်ရာကို ပြေးလေတယ်။ ထို့နောက် ထို့နောက်မှာတော့ လောကကြီးဟာ ပန်းပေါင်းစုံရဲ့ မွှေးရနံ့တွေနဲ့ သာယာမှုပေါင်းစုနေခဲ့တယ်။ ဒါဟာ ကိုယ့်ထက် အသက်ပိုတဲ့ သူတစ်ယောက်နဲ့ ချစ်ခွင့်ရတဲ့အခိုက်အတန့်ရဲ့ ကြည်နူးမှုလေးတွေလို့ ပြောရင်လည်း ရနိုင်ပါတယ်။ အချစ်ဟာ ဘဝနဲ့ အချိုးကျနေခဲ့မယ့်လို့ တွေးမထင်ထားတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘဝနုနုထဲကို သဘာဝ ဆန်တဲ့ အချစ်ရဲ့ဂုဏ်သတ္တိ သွေးတွေ တက်ကြွပြီး အချစ်အတွက်မှ အချစ်အတွက်ဆိုပြီး ဖြစ်သွားစေခဲ့ပြန်တယ်။
♥ ♥ ♥ ♥ ♥
“ငွေမရှိတဲ့ ယောက်ျားတစ်ယောက်ရဲ့ ရင်ခွင်မှာ ထာဝရခိုနားနိုင်ပါတယ်ဆိုတာ ခပ်ညံ့ညံ့ဇာတ်ကားထဲက ဒိုင်ယာလော့တွေပါ မောင်ရယ်။ စိတ်ကူးတွေ ယဉ်နေမနေပါနဲ့။ ဒို့ကိုချစ်ရင် ဒို့ပြောစကားကို နားထောင်ပါ။ မောင်က လိမ္မာပါတယ်”
စပါးကြီးမြွေတစ်ကောင်ရဲ့ ညှို့အားပြင်းမျက်ဝန်းနက်လေးတွေနဲ့ စကားလုံးတစ်လုံးတိုင်းရဲ့ အညု၊ မျက်တောင်ကော့လေးတွေရဲ့ အပုတ်အခတ်၊ အိထွေးတဲ့ လက်ဖဝါးလေးရဲ့ အထိအတွေ့၊ ကြင်နာတဲ့ အယုအယတွေမှာ တစ်ဆယ့်ကိုးနှစ်အရွယ် ကောင်လေးတစ်ယောက် ငါးပါးမကမှောက်ကာ ရင်ခုန်သံတွေ တောင်ကျချောင်းရေသံတွေလို ဆူညံနေခဲ့လေတယ်။ စကားလေး ခပ်တိုးတိုးပြောရင်း တစ်ခါတလေ သူက အားမလို အားမရ။ သူ့ရဲ့ လက်ညိုးလေးနဲ့ ကျွန်တော့်ရင်ဘတ်လေးကို လာလာထိုးရင်ကို အသည်းတဆတ်ဆတ်နဲ့ တုန်ခါနေခဲ့တယ်။
ဘာပဲဖြစ်ဖြစ် စွဲမက်ဖွယ် အမို့အမောက်၊ အချိုင့်အဝှမ်း၊ အပြုအစု တီတီတာတာ စကားလုံးလေးတွေ၊ ခုန်ပေါက်ထွက်လာတတ်တဲ့ ခပ်ဖျော့ဖျော့ နှုတ်ခမ်းလေးထက်က ဘယ်စကားတွေ ပဲဆိုဆို ကျွန်တော့်နှလုံးသားက နာခံဖို့ အသင့်အနေအထား ဖြစ်နေခဲ့တယ်။
“ဒို့ကို ချစ်ရင် စိတ်ချမ်းသာအောင် ထားနိုင်ဖို့ကြိုးစားပေါ့…မောင်ရဲ့”
သူပြောတဲ့ နောက်ဆုံးက “မောင်ရဲ့” ဆိုတဲ့ စကားလေးနှစ်လုံးကကို ကျွန်တော့် ဘဝအတွက် ဘယ်တော့မှမဝင်တော့တဲ့ အချစ်နေဝန်းနီနီကြီးတစ်ခုလို့ ထင်နေမိတယ်။ ဒါဟာ တကူးတက စွဲဆောင်နေစရာမလိုတဲ့ လက်နက်တစ်ခုလို့ပင် မထင်ရလောက်အောင် သူ့ရဲ့အကြင်နာက ကျွန်တော့်ဘဝကို အရူးအမူးစွဲလမ်းစေခဲ့တယ်။ မနီးမဝေးကရနေတဲ့ သူ့ရဲ့ ကိုယ်သင်းရနံ့လေးတွေရဲ့ စက်ကွင်းကနေ ကွေကွင်းရမယ်ဆိုရင်တောင် ကျွန်တော့်ရဲ့ ကမ္ဘာကြီးတစ်ခုလုံး ပျက်သုဉ်းသွားနိုင်လောက်တယ် ထင်ရတယ်။
နောက်ဆုံးနှစ်ဖြေထားတဲ့တစ်ကောင် ကြွက်ထီးလေး ကျွန်တော်..သူနဲ့ မေတ္တာမိုးတို့ သည်းထန်အောင် ရွာချင်နေပြီမို့ ကျောင်းသွားတက်တုန်းက တစ်ခန်းထဲနေခဲ့တဲ့ သူငယ်ချင်းသားထူးနဲ့ ဆက်သွယ်ရင်း ရွှေမှော်ဆိုတဲ့ ဒေသလေးတစ်ခုကို သူ့ကို ပိုင်ဆိုင်လိုစိတ်နဲ့ ရောက်ခဲ့လေတယ်။
ငယ်ငယ်ကတည်းက မိဘတွေဆုံးပါးသွားလို့ မွေးစားမေမေက ပိုးမွေးသလို မွေးခဲ့ပေမယ့်လည်း အချိန်တန်အရွယ်ရောက်လို့ အချစ်ရေချိန် တက်ချိန်မှာ ကျွန်တော့်ကိုယ် ကျွန်တော် တောသုံးတော တောင်သုံးတောင်ကို ပိုင်စိုးတော်မူတဲ့ ခင်္သြေမင်းကြီးတစ်ကောင်လို လည်ဆံမွှေးတဖွားဖွားနဲ့ ရဲရင့်လွန်းနေတဲ့ပုံကို ပေါက်နေတယ်။ ဪ…အချစ်ဆိုတဲ့… သူရယ်…
♥ ♥ ♥ ♥ ♥
မှော်ဆိုတဲ့ စကားအတိုင်း ဒီအရပ်က အရိုင်းဆန်တယ်။ မြေတွေအားလုံးရဲ့ အရောင်ဟာ ရွှေတွေရဲ့ အနုဖျော့အရောင်လို ဝါကျင့်ကျင့်လေးတွေ။ နယ်ဖျားကနေ တသွင်သွင်စီးဆင်နေတဲ့ ချောင်းရေအရောင်မှာလည်း ရွှေတို့ရဲ့ကျိန်စာလို့ဆိုရမယ့် (ဆိုင်ရာနိုက်အဆိပ်) အနည်အနှစ်တွေ မြောက်များစွာ ပါဝင်နေတဲ့ ဒီတိုင်းသောက်သုံးလို့မရနိုင်တဲ့ရေတွေလို့ သူငယ်ချင်းက ကြိုပြောထားတော့ သတိထားပြီး ကြည့်နေမိတယ်။
ကျွန်တော့်သူငယ်ချင်းသားထူးက ငယ်ငယ်ကတည်းက မှော်ထဲမှာပဲမွေး မှော်ထဲမှာပဲ ကြီးပြီးနေလာသူမို့ သူပြောပြတဲ့ မက်မောဖွယ် ငွေကြေးတွေကို ကံကောင်းထောက်မစွာ ပိုင်ဆိုင်ခွင့်ရခဲ့မယ်ဆိုရင် သူ့ရဲ့ကမ္ဘာမှာ လူလားမြောက်ခွင့်ရခဲ့တဲ့ ကျွန်တော့်ရဲ့ အချစ်အဖူးအပွင့်လေးတွေ မြင်တွေ့ခွင့်ရပြီ။
“ငနာ စိတ်ကူးတွေနဲ့ တော်တော် ပျော်နေတယ်ပေါ့လေ။ ငါ မင်းကို ပြောထားပြီးပြီးနော်။ ရမှာတွေပဲ မတွေးနဲ့၊ ဒီနယ်က မင်းကို ငါ ခဏခဏပြောဖူးတဲ့ မှော်”
လူပုံစံဖြူဖျော့ဖျော့နဲ့ ကျွန်တော့်ကို သူငယ်ချင်းရဲ့ ဦးလေးတစ်ဝမ်းကွဲပိုင်တဲ့ ရွှေတွင်းအလုပ်သမားတွေက ကွက်ကြည့်ကွက်ကြည့်လုပ်နေလို့ ကျွန်တော့် မှာကြိတ်ပြီး ရှက်ရသေးတယ်။ ကိုယ့်လို ပိုးဟတ်ဖြူလို လူလေးက ဒီလိုရွှေမှော်မှာ အင်း… ဆင်း (အင်း = လူတစ်ယောက် ခြေထောက်ကားပြီး ဆင်းလို့ရသည့် ရွှေတူးသည့်နေရာ၊ သို့မဟုတ် ကြီးမားနက် ရှိုင်းသည့် မြေကျင်း၊) အမှန်တော့ ကျွန်တော်လည်း ဒီလောက်နက်တဲ့ တွင်းမျိုးကို တစ်ခါမှ မမြင်ဖူးပေ။
မှော်အခေါ် အင်းက လွယ်လွယ်ပြောရရင် ရွှေတူးတဲ့ မြေကျင်းတစ်ခုပါပဲ။ ခြေထောက်ကန်ပြီး ဆင်းလည်းရသလို အရမ်းနက်တဲ့ အင်းတွေဆိုရင် ကြိုးတွေနဲ့ တက်ရဆင်းရ အဆင်ပြေအောင် ဆောင်ရွက်ပေးထားသလို မီးကအစ ရေအဆုံး အင်းအပေါ်မှ လူများက အောက်က ရွှေတူးကြတဲ့သူများကို ထောက်ပံ့ပေးကြတယ်။ တချို့အင်းတွေဆိုရင် ပေရာချီနက်ကြတယ်။ ဒါကြောင့် လေမပြတ်အောင် အပေါ်ကစက်များနဲ့ လေကို အောက်ထဲအထိ ပို့ပေးကြရသလို အောက်မှ ထွက်နေတဲ့ရေကိုလည်း အပေါ်ကို စုပ်ထုတ်ကြရတယ်။ ဒါမှပဲ ရွှေပါတဲ့ မြေကို တူးဖို့ အိပ်ထဲထည့်ဖို့ အချိန်ရကြတယ်။
ကျွန်တော်တို့စိမ်းသက်တဲ့ စကားတစ်လုံးဖြစ်တဲ့ ဗြုန်းဆိုတဲ့ စကားလုံးကလည်း ရွှေမှော်လောကမှာ လူပြောအများဆုံးပါ။ ရွှေပါတဲ့မြေဟာ အဝါရင့် ရောင် ကန့်များနဲ့ ကျောက်တွေရောနှော နေကြတယ်တဲ့။ ဒါတွေကို ဂန်းလို့ခေါ်တဲ့ စက်တစ်မျိုးနဲ့ ထိုးပြီးဖောက်ကြ၊ ထိုးကြ ရွှေပါတဲ့မြေတွေ ကျောက်တွေကို ယူကြရတယ်။
ကျွန်တော့်ကိုတော့ သားထူးက အင်းထဲထိ မဆင်းခိုင်းဘဲ အပေါ်က ထောက်ပံ့ရေးအဖွဲ့သားတွေနဲ့သာ နေခိုင်းတယ်။ သူကတော့ ငယ်ငယ်ကတည်းက ဆင်းနေသူမို့ အင်းကို တက်လိုက်ဆင်းလိုက်ပါပဲ။ အင်းအောင်လို့ ရွှေများပါပြီဆိုရင် နေ့ဆိုင်း၊ ညဆိုင်းခွဲပြီး အသည်းအသန် အင်းဆင်းကြတယ်။ ညဆိုင်းဆင်းပြီးလို့ မနက်အင်းပေါ်တက်လာတဲ့ မျက်နှာတွေဟာ ကျွန်တော့်အမြင်မှာ ပင်ပန်းနေတယ်လို့ကို မထင်ရဘဲ ပြုံးနေတယ်လို့ ထင်လို့ မေးမိတော့ “ဒီည ရွှေပါတာများ မယ်ထင်တယ် ပိုးဟတ်လေးရ” လို့ အင်းဆင်းသူတွေက ပြောကြတယ်။
ကျွန်တော့်ကိုက စားစရိတ်ငြိမ်း လခစားမို့ အနည်းဆုံး သုံးနှစ်လောက် လုပ်ပြီးရင်တော့ သူနဲ့ နှစ်ယောက်တစ်ကမ္ဘာတည်ဆောက်လို့ရပြီ။ သူ့ကို ပိုင် ဆိုင်ရမှ ဆေးလိပ်ကလေးဖွာပြီး သူ့ရဲ့ အလှကို ညရဲ့လရောင်အောက်မှာ မြည်းမယ်။ ကျွန်တော့်ရဲ့ အိပ်မက်စိတ်ကူးတွေကို သားထူးကို ပြောပြတော့
“မိန်းမမဟုတ်တဲ့ သူတစ်ယောက်အတွက်နဲ့များ မင်းမို့ ဒီလောက်အပင် ပန်းခံနေတယ်” လို့
ခပ်ရွဲ့ရွဲ့ပြောလေတယ်။ ဟုတ် တော့လည်း ဟုတ်တယ်။ မှော်ထဲရောက်ပြီး ကျွန်တော်ဟာ ဟိုအရင်လို ဖြူစင်တဲ့ ပိုးဟတ်လေးကနေ ပညာတွေစုံလာတယ်။ ပင်ပန်းတယ်အကြောင်းပြပြီး အသောက်အစားလေးကလည်း တစ်ခါတလေ ပါလာတတ်တယ်။ ဘဝပျက်လောက်အောင်တော့ ကျွန်တော်မမိုက်ပါဘူး။ ဘာလို့လဲဆိုရင် သူက ကတိပေးထားတယ်။ တင့်တောင့်တင့်တယ်ထားနိုင်ရင် သူ့ရဲ့ ညတွေက မောင့်အတွက်ပါတဲ့။ အဟား…
♥ ♥ ♥ ♥ ♥
“သားထူး ငါဒီနေ့ အင်းထဲလိုက် ဆင်းရမလားလို့”
ကျွန်တော့်ရဲ့ စကားအဆုံးမှာ အရှေ့တောင်ထိပ်မှာ ညို့နေတဲ့ မိုးကောင်းကင်က တိမ်အမည်းတွေကို ကြည့်နေရင်းက ကွက်ကနဲ ကျွန်တော့်မျက်နှာကို ကြည့်တယ်။ သားထူးရဲ့အကြည့်ကို ကျွန်တော် သဘောပေါက်တယ်။ ကျွန်တော်က လခပဲစားရသူမို့ သားထူးတို့ထက် ဝင်ငွေကနည်းတယ်။ အပေါ်မှာနေသူတွေထက် အင်းအောက်ဆင်းသူတွေက ခွဲတမ်းစားမို့ ရွှေပါရင်ပါသလို တစ်ညထဲနဲ့ တစ်ဖွဲ့ကို သိန်းဆယ်ချီ ခွဲယူရတာမျိုးရှိတယ်။ ငွေများများရရင် သူရှိတဲ့ အရပ်ကို မြန်မြန်ပြန်နိုင်ပြီလေ။
“အင်း..လိုက်ဆင်းလေ ငါအဖွဲ့ခေါင်းဆောင်ကို ပြောလိုက်မယ်။ ဒါပေမဲ့ မင်းငါ့စကားကို နားထောင်ရမယ်နော် ငါ့ နောက်မှာပဲနေ”
“အေးပါကွာ မင်းကလည်း ငါ့ကို အထင်သေးလိုက်တာ။ ငါလည်း တော်တော်သိနေပါပြီဟ”
ကျွန်တော်ပြောလို့သာ သူနဲ့အတူ လိုက်ဆင်းဖို့ သဘောတူလိုက်တာ။ သားထူးက ကျွန်တော့်ကို အင်းထဲလိုက်ဆင်းတာကို သဘောကျပုံတော့မရ။ ကျွန်တော်နဲ့ သားထူးတို့ စကားပြောနေတုန်းမှာပဲ အရှေ့တောင်ဘက်က မိုးတို့ ထစ်ချုန်းလေတယ်။
အင်းထဲရောက်တော့ သားထူးက သူ့နားမှာပဲနေစေပြီး သူ့ကို ကူဖော်လောက်ဖက်သဘောလောက်သာ ဘေးက ကူစေတယ်။ သူကတော့ ဗြုန်းကြောရှိတဲ့ နောက်ကို အသာလေးလိုက်ရင်း ရွှေများများပါလောက်တဲ့ မြေတွေကို ကျွန်တော့်ဘက်ကို ပေးတယ်။ ရွှေပါတဲ့ မြေတွေကို လက်နဲ့အသာထိပြီး ကျွန်တော့်အတွေးထဲကို သူ့ရဲ့ ချစ်မြတ်နိုးဖွယ်ကောင်းတဲ့ အပြုံးလေးတွေ မြင်နေမိတဲ့အချိန်မှာ
“ဟိတ်ကောင် သတိထား”
ဆိုတဲ့ သားထူးရဲ့ အသံနဲ့အတူ ဝေါ…ဆိုတဲ့ မြေပြိုသံကို ကြားလိုက်ရပြီး သူ့ရဲ့ မှော်ကမ္ဘာမှ ကျွန်တော်ခဏတာ လွတ်မြောက်ခွင့်ရတယ်။
♥ ♥ ♥ ♥ ♥
ဝင်သက်နဲ့ထွက်သက် ဘယ်အသက်က ထွက်ရခက်ခဲမယ်ဆိုတာကို မသိနိုင်တော့ပေမယ့် ဆေးရုံခန်းကျဉ်းလေးမှာ သူ့ရဲ့ရှိုက်သက်က ကျွန်တော့်ကို ပိုပြီးခက်ခဲနေစေတယ်။ သူ့ကို ချစ်မိလို့ သူ့ အလိုကျနီးစပ်ဖို့ မှော်ဆိုတဲ့ စကားလုံးနဲ့ စိမ်းသက်တဲ့ ကျွန်တော်ကတော့ သူ့ရဲ့ အချစ်မှော်ရုံတောမှာ မေ့မေ့မောမော ချစ်ခွင့်မရနိုင်ခဲ့။
ကျွန်တော့်ရဲ့ ရုပ်ခန္ဓာကိုကိုင်ပြီး သူက
“ဖြစ်မှဖြစ်ရလေ မောင်လေးရယ်” လို့ ခပ်တိုးတိုးရေရွတ်နေသံကို ကျွန်တော်စိတ်ဇောနဲ့ ဘေးကနေကြားရပေမယ့် သူ့ရဲ့ အဖြူရောင်မျက်ရည်တွေကို မကြည့်ရက်နိုင်တဲ့ သူ့ဘေးက လူတစ်ယောက်ကလည်း ကျွန်တော့်ကိုကော၊ သူ့ကိုပါ မကြည့်ရက်နိုင်စွာနဲ့ မျက်နှာလွဲနေတယ်။ ဟိုအရင်က မောင်လို့ တစ်ခွန်းသာ အမြဲသုံးခဲ့တဲ့သူက ဘေးနားက သူ့ရဲ့ လူကိုငဲ့ကွက်ပြီး လေးဆိုတဲ့ မေတ္တာစကားလုံးလေးကို ထည့်ကာထည့်ကာ သုံးလေတယ်။
♥ ♥ ♥ ♥ ♥
မှတ်မှတ်ရရ …
စခဲ့တဲ့ ထိုနေ့က မိုးတွေရွာနေခဲ့သလို အဆုံးသတ်ကြရမယ့် ဒီနေ့မှာလည်း မိုးတွေသည်းအောင် ရွာလေတယ်။
ဇော်ညီညီ (နေပြည်တော်)