ပဲခူးမြို့ Walks of Life (ဘဝခရီးပြခန်း)ဖွင့်ပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူတွေ တက်ရောက်အားပေးခဲ့
ပဲခူးမြို့မှာ ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ Walks of Life (ဘဝခရီးပြခန်း)ဖွင့်ပွဲ အခမ်းအနားကို LGBT တွေသာမက ပဲခူးမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးနဲ့ ပဲခူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူတွေလည်း တက်ရောက်အားပေးခဲ့ကြပါတယ်။
အဆိုပါ ပြခန်းဖွင့်ပွဲကို ပဲခူးမြို့ရှိ အနောက်ရွှေနံသာဘုန်းကြီးကျောင်း ဓမ္မာရုံမှာ မေလ(၁)ရက်က ပြုလုပ်ခဲ့ပြီး Colors Rainbow အဖွဲ့အ စည်းနဲ့ ပဲခူးမြို့ခံ စေတနာ့အားမာန် LGBT အဖွဲ့တို့ ပူးပေါင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။
“ဒီပွဲကို တက်ရောက်ဖို့ ဖိတ်တယ်။ ဖိတ်စာလေးကို ကြည့်ပြီးတော့ စိတ်ဝင်စားလို့ လာတက်တာပါ။ အရင်တုန်းက မိန်းမလျာတွေဆိုရင် လူတွေက မလေးစားချင်ဘူး။ စချင် နောက်ချင် ပြောင်ချင်တယ်။ ကြီးကြီး ငယ်ငယ်ပေါ့။ စခဲ့ နောက်ခဲ့တဲ့ အထဲမှာလည်း ကျွန်တော်တို့ ကိုယ်တိုင်လည်း ပါဝင်ခဲ့ပါတယ်။ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာက အရမ်းအရေးကြီးတယ်။ လူမှန်သမျှ ကိုယ်ပိုင်ဂုဏ်သိက္ခာ ရှိတယ်။ ငယ်ငယ်တုန်းက မသိလို့ စခဲ့ပေမယ့် ခုချိန်မှာ လေးစားရမယ့် အပိုင်းလေးတွေ သိလာတယ်။ အပြန်အလှန်လေးစားတဲ့အနေနဲ့ ဒီပွဲလေးကို တက်ရောက်တာပါ “လို့ ပဲခူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုမြို့နယ်မှူး ဦးခင်ဇော်သန့်က ပြောပါတယ်။
ဘဝခရီးပြခန်းတွင် နယ်ပယ်ဒေသအသီးသီးမှ LGBT တွေရဲ့ ဘဝဖြတ်သန်းမှု ပုံရိပ်အစစ်အမှန်တွေကို ပြသပေးထားတာဖြစ်ပြီး မေလ(၂) ရက်ထိ နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ အခမဲ့ ဖွင့်လှစ်ပြသခဲ့ပါတယ်။
“ပဲခူးမှာ ဒီပြခန်းလေးကို ပထမဦးဆုံးအကြိမ် ပြသဖြစ်တာပါ။ ပဲခူးက LGBT တွေကို ခွန်အားတွေ ရစေချင်တယ်။ စည်းလုံးစေချင်တယ်။ အခုပွဲမှာ Transgender အမျိုးသားလေးတွေပါ လာကြည့်ကြတယ်။ ပူးပေါင်းလာကြတယ်။ အရင်က ပွဲဆိုရင် Gay တွေ Transgender အမျိုးသမီးတွေပဲ လာကြတယ်။ အခုလို တက်ရောက်လာတာ အရမ်းအားရမိတယ် “စေတနာ့အားမာန် LGBT အဖွဲ့မှ ဥက္ကဌ ကိုဖြိုးက ပြောပါတယ်။
“ဘဝခရီးပြခန်း”ကို ၂၀၁၆ခုနှစ်၊ ဇူလိုင်လကနေ စတင် အကောင်အထည်ဖော်ခဲ့ပြီး ထိုပြခန်းမှတဆင့် LGBT တွေအနေနဲ့ မိမိဖြစ်တည်မှုကို လက်ခံဂုဏ်ယူလာစေဖို့၊ ပတ်ဝန်းကျင် လူထုကလည်း LGBT တွေအပေါ် စာနာနားလည်လာပြီး ခွဲခြားဆက်ဆံမှုတွေ လျော့နည်းလာစေဖို့နဲ့ LGBT လှုပ်ရှားမှု အရွေ့တစ်ခုမှာ သမိုင်းခြေရာအဖြစ် မှတ်တမ်းတင် ကျန်ရစ်စေဖို့ ရည်ရွယ်ပြသတာ ဖြစ်ပါတယ်။