မပြီးဆုံးချင်တဲ့ ကဗျာ

“ငါရည်းစားထားတော့မယ်”

“ဘာ”

“ငါ ယောက်ျားလေးရည်းစားထားတော့မယ်”

“ငါက နင့်ရည်းစားမဟုတ်ဘူးလား”

“နင်နဲ့ငါ ရှေ့ဆက်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့တာ ငါ့ကို ခွင့်လွှတ်ပါတော့”

တစ်ချိန်ချိန် သူမဆီက ဒီလိုစကားမျိုး ကြားရနိုင်တာသိပေမယ့် တကယ်တမ်း ကြားလိုက်ရတဲ့အခါ ကျွန်တော့်ရင်ထဲမှာ လိုအပ်တာထက် ပြိုပျက်သွားခဲ့ရပါတယ်။ ကျွန်တော်နဲ့ သူမရဲ့ဆယ်နှစ်တာ ချစ်ခရီးလမ်းမှာ အကြိမ်ပေါင်းများစွာ လမ်းခွဲစကားပြောဖူးကြပေမယ့် ဒီတစ်ခါ နောက်ဆုံးပြောခြင်းနဲ့ အတည်အတံ့ ပြောခြင်းဆိုတာကိုလည်း အလိုလိုသဘောပေါက်နေပါတယ်။

“နင်ရက်စက်လွန်းတယ်လို့ မထင်ဘူးလား”

“နင်ထင်ချင်သလိုထင်တော့လေ ငါ့ဘက်က အတိုင်းအတာတစ်ခုအထိ စောင့်ခဲ့ပြီးပြီပဲ။ ပြီးတော့ နင်နဲ့ပတ်သက်ပြီး လူကဲ့ရဲ့တာတွေ အပြောအဆိုခံရတာတွေကို ငါသည်းမခံနိုင်တော့ဘူး”

“နင်ပြောတော့ အရာရာကို နှစ်ယောက်အတူ ရင်ဆိုင်မယ်ဆို ငါ့ကိုသိပ်ချစ်တယ်ဆို မခွဲနိုင်ဘူးဆို”

“အဲ့ဒါ အရင်တုန်းကတော့ ဟုတ်တယ်။ အခု ငါ့ဘဝရှေ့ရေးအတွက် ငါကြည့်ရတော့မယ်။ နင်က…”

“ဆက်ပြောလေ နင်က… ဘာဖြစ်လဲ”

သူမ ဆက်မပြောနိုင်တဲ့စကားကို ကျွန်တော်ကြားပါတယ်။ နင်က ငါ့ဘဝအတွက် ဘာလုပ်ပေးနိုင်လို့လဲဆိုတာမျိုးကနေ နင်က ငါဘာမှအားကိုးလို့ မရနိုင်ဘူးဆိုတာအထိ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သူမကို ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကာကွယ်မပေးနိုင်တာတွေ လူကြားထဲ လူရာဝင်အောင် ရှေ့ထုတ်မပြရဲခဲ့တာတွေ သူမရဲ့ တချို့လိုအင်တွေကို ကျွန်တော်မဖြည့်စွမ်းပေးနိုင်ခဲ့တာတွေ စတာတွေအတွက် ကျွန်တော်အမြဲတမ်း အားငယ်နေတတ်မှန်းသိလို့ သူမ မပြောရက်နိုင်ခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ကြံဖန်ကျေးဇူးတင်ရပါတယ်။

ငွေကြေးအင်အားတောင့်တင်းမှ ကိုယ်ပိုင်ဘဝတစ်ခုကို ထူထောင်နိုင်မှာမှန်းသိလို့ ကျွန်တော်အမျိုးမျိုး ကြိုးစားခဲ့ပါတယ်။ ကျွန်တော်ကပဲ ညံ့လို့လား၊ ကံကိုကပဲ ဆိုးချင်လို့လား၊ အချိန်ကပဲ နည်းလွန်းလို့လားဆိုတာတော့ ကျွန်တော် မသိနိုင်တော့ဘူး။ “အခုအချိန်မှာ ဘာမှအရေးမကြီးတော့ဘူး၊ ပိုက်ဆံတစ်ခုပဲ အရေးကြီးတော့တယ်” ဆိုတဲ့ သူမရဲ့စကားသံလေးတွေကိုလည်း နားထဲပဲ့တင်ထပ်အောင် ကြားနေရပါတယ်။ တိုက်ဆိုင်လွန်းအားကြီးပုံများကလည်း ကျွန်တော့် ထူထောင်လက်စလုပ်ငန်းတစ်ခု ပျက်စီးသွားတဲ့အချိန်ရယ် သူမ အရေးတကြီး ငွေလိုတဲ့အချိန်ရယ်ဟာ တစ်ထပ်တည်း လာကျရသတဲ့။ နဂိုကတည်းက မိန်းကလေးအချင်းချင်း ကြိုက်နေတယ် ယောက်ျားလျာတစ်ယောက်နဲ့ ကြိုက်နေတယ်ဆိုတာကို လူသိမခံဝံ့ခဲ့တဲ့ သူမဟာ ဘဝတိုက်ပွဲနဲ့ ထိပ်တိုက်တွေ့တဲ့အချိန်မှာ ကျွန်တော့်ကို လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

တစ်ချိန်ချိန် သူမဆီက ဒီလိုစကားမျိုး ကြားရနိုင်တာသိပေမယ့် တကယ်တမ်း ကြားလိုက်ရတဲ့အခါ ကျွန်တော့်ရင်ထဲမှာ လိုအပ်တာထက် ပြိုပျက်သွားခဲ့ရပါတယ်။ ကျွန်တော်နဲ့ သူမရဲ့ဆယ်နှစ်တာ ချစ်ခရီးလမ်းမှာ အကြိမ်ပေါင်းများစွာ လမ်းခွဲစကားပြောဖူးကြပေမယ့် ဒီတစ်ခါ နောက်ဆုံးပြောခြင်းနဲ့ အတည်အတံ့ ပြောခြင်းဆိုတာကိုလည်း အလိုလိုသဘောပေါက်နေပါတယ်။

“နင် တကယ်ဆုံးဖြတ်ပြီးပြီလား ငါ့ကို ဘယ်တော့မှထားမသွားဘူးဆို”

“အေး ငါ့ကို ကတိမတည်တဲ့ သူတစ်ယောက်လို့သာ သတ်မှတ်လိုက်ပါတော့”

“နင် အဲ့လိုမပြောပါနဲ့ဟာ ငါတို့အချစ်က အလွယ်တကူ တည်ဆောက်ခဲ့ရတာ မဟုတ်ဘူးလေ”

“ငါ့ကို မထားခဲ့ပါနဲ့ဟာ…နော်”

“နင်တော်တော် အတ္တကြီးတာပဲ။ ငါ အခု ငါ့မိသားစုစီးပွားရေးအတွက် ဦးဆောင်ရတော့မှာ ကိုယ်တာဝန်မယူနိုင်တဲ့သူကို လွှတ်ပေးလိုက်ပါတော့။ ငါ့ကို လွတ်လပ်ခွင့်ပေးပါတော့”

သူမရဲ့ ဒေါသတကြီး အော်ဟစ်မှုတွေကြားမှာ ကျွန်တော်တကယ်ကို ဆွံ့အသွားခဲ့ရပါပြီ။ သူမဟာ ကျွန်တော့်ကို အကြင်နာတရားကြီးမားသူ၊ ကိုယ်ချင်းစာစိတ်ကြီးမားသူ၊ အတ္တနည်းလွန်းသူလို့ပဲ အမြဲမြင်ခဲ့တဲ့သူပါ။ “မောင်ကသိပ် လေးစားဖို့ကောင်းတာပဲ” ဆိုတဲ့ စကားတွေကိုသာ ပြောတတ်တဲ့သူမက အခုတော့ အတ္တကြီးတယ်ဆိုတဲ့စကားကိုလည်း ပြောရက်နေနိုင်ပါပြီ။ ပြီးတော့ လွှတ်ပေးရမယ်တဲ့။ ကျွန်တော်ဟာ သူ့ကို ချုပ်နှောင်ထားတဲ့သူလားဗျာ။ ကျွန်တော့်ကို အနှောင့်အယှက်တစ်ခုလို့ သူမ မြင်နေပါပြီ။ “မောင်” လို့ သူမ မြတ်မြတ်နိုးနိုးခေါ်ခဲ့တဲ့ ကျွန်တော့်ကို အရင့်သည်းဆုံး စကားလုံးတွေ ပြောနေနိုင်ပါပြီ။

ကျွန်တော်သဘောပေါက်လိုက်ပါပြီ။ သူမရဲ့မေတ္တာတရားကို နောက်ထပ်လိုချင်သေးတယ်ဆိုရင် ကျွန်တော်လမ်းခွဲပေးလိုက်တဲ့နည်းက အကောင်းဆုံးပဲဆိုတာကို နာနာကျင်ကျင် သဘောပေါက်လိုက်ပါပြီ။ ကျွန်တော့်ကြောင့် ဆွေမျိုးအသိုင်းအဝိုင်းတွေရဲ့ ငြိုငြင်ခြင်းကိုလည်း ခံရစရာအကြောင်းမရှိတော့ဘူးပေါ့။ ကျွန်တော် နားလည်ဝမ်းနည်းစွာနဲ့ပဲ သူမကို ပြောလိုက်ပါတယ်။

“အေးပါ နင်ဒီလောက်ခံစားနေရမှတော့ ငါနောက်ဆုတ်လိုက်ပါတော့မယ် အဆင်ပြေအောင်နေနော်”

“ငါလည်း ဒီလိုအဖြစ်ဆိုးမျိုး မဖြစ်ချင်ပါဘူးဟာ”

“ငါ့ကိုဖြတ်တဲ့ အကြောင်းပြချက်က ဒါအကုန်ပဲလား”

“အမေ့ရဲ့ ဆန္ဒသဘောထားတွေကို မလွန်ဆန်ချင်တော့တာကြောင့်လည်း ပါမယ်ထင်ပါတယ်”

သက်ပြင်းမောတစ်ချက်ကိုပဲ ကျွန်တော် ရှိုက်ထုတ်လိုက်တော့တယ်။ ကျွန်တော်နဲ့ပတ်သက်ပြီး နောက်ပိုင်းမှာ သူမဟာ မိသားစုရဲ့ ငြိုငြင်ခြင်းကို ခံခဲ့ရတယ်။ ကျွန်တော့်တစ်ယောက်ကို စွန့်လွှတ်နိုင်ရင် တခြားအရာအားလုံးကိုပြန်ရရှိမယ့် အခြေအနေဖြစ်နေပါပြီ။ ကျွန်တော် ဘယ်လိုအင်အားမျိုးနဲ့ သူမကို ထပ်ဆွဲထားရမှာလဲဗျာ။ ကျွန်တော်တို့ လိုလူမျိုးတွေ၊ ကျွန်တော်တို့ကဲ့သို့သော ချစ်ခြင်းမျိုးတွေကို မစာမနာ ရှုံ့ချလွန်းတဲ့ လူတွေကိုပဲ စိတ်နာနေမိတယ်။ သူမနဲ့ပတ်သက်ရင် ကျွန်တော့်ပါးစပ်က ကျင့်သားရနေတဲ့ စကားပဲထွက်သွားခဲ့ပါတယ်။

“အေးပါဟာ နင့်ဘဝ ဖြောင့်ဖြူးသာယာလှပပါစေ”

“ငါတို့ သူငယ်ချင်းတွေအဖြစ် အဆက် အသွယ်ရှိကြဦးမှာလား”

စက်ရုပ်တစ်ရုပ်လို နှလုံးသားရှိ ဟန်ဆောင်ပြီး သူမ မေးပါတယ်။ ပြတ်သားတဲ့စိတ်ရှိယောင်ဆောင်ပြီး ကျွန်တော်ဖြေဖြစ်တယ်။

“နင့်ရှေ့မှာ ငါ နောက်တစ်ခေါက် ပေါ်လာတော့မယ် မထင်ဘူး”

ကျွန်တော့်စကားအဆုံးမှာ သူမ ပြုံးနေကျ အလှဆုံးအပြုံးကို ပြုံးပြပါတယ်။ သူမရဲ့ နဖူးလေးကိုနမ်းပြီး ကျွန်တော် နှုတ်ဆက်လိုက်ပါတယ်။ ထွက်ခွာသွားတဲ့ သူမရဲ့ နောက်ကျောကိုကြည့်ပြီး ကျွန်တော်အတောမသတ်နိုင်အောင် ကြေကွဲငိုကြွေးခဲ့ရပါတယ်။ ဒီဒဏ်ရာဟာ နှစ်တွေဘယ်လောက်ကြာကြာ မပျောက်ပျက်နိုင်တဲ့ဒဏ်ရာဆိုတာ အလိုလိုသိနေခဲ့ပါတယ်။

“ကံကြမ္မာတွေက ဆန်းကြယ်ပါတယ်ဟာ”
“ငါ့ကို နောက်ဆုံးတစ်ခေါက်လောက် မောင်လို့ခေါ်ပါလား”
အတန်ကြာတိတ်ဆိတ်နေပြီးမှ
“နောက်ဆုံးပဲနော်”
“တော်ပါပြီဟာ အဲ့ဒီနောက်ဆုံး တစ်ခွန်းကို အခုမခေါ်ပါနဲ့တော့။ ငါ အကြွေး မှတ်ထားလိုက်တော့မယ်”

ကျွန်တော့်စကားအဆုံးမှာ သူမ ပြုံးနေကျ အလှဆုံးအပြုံးကို ပြုံးပြပါတယ်။ သူမရဲ့ နဖူးလေးကိုနမ်းပြီး ကျွန်တော် နှုတ်ဆက်လိုက်ပါတယ်။ ထွက်ခွာသွားတဲ့ သူမရဲ့ နောက်ကျောကိုကြည့်ပြီး ကျွန်တော်အတောမသတ်နိုင်အောင် ကြေကွဲငိုကြွေးခဲ့ရပါတယ်။ ဒီဒဏ်ရာဟာ နှစ်တွေဘယ်လောက်ကြာကြာ မပျောက်ပျက်နိုင်တဲ့ဒဏ်ရာဆိုတာ အလိုလိုသိနေခဲ့ပါတယ်။ သူမကိုဆုံးရှုံးရတာဟာ ဘဝမှာ ဘာမှမကျန်တော့လောက်အောင် အရာရာကို နှုတ်ယူခံလိုက်ရသလို ဆုံးရှုံးမှုမျိုး ဆိုတာကိုလည်း သူမသိအောင် မပြောပြဖြစ်တော့ပါဘူး။ ရင်ထဲက အက်အက်ကွဲကွဲ ထပ်တလဲလဲနဲ့ စာတိုလေးတစ်ပိုဒ်ကို ရွတ်နေမိတယ်။

“ငါ့ရင်ကို ထက်ခြမ်းခွဲပြီးမှ တည်ဆောက်ထားတဲ့ မင်းဘဝမှာ ပျော်အောင်နေခြင်းဖြင့် ငါ့ကိုကျေးဇူးဆပ်ပါ”

မှော်ရုံသစ်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.