မြိတ်မြို့ရဲ့ ရိုးရာမပျက် ဗုဒ္ဓပူဇနိယ ကဆုန်ညောင်ရေသွန်းပွဲတော်မှာ မြိတ်မြို့နယ်လုံးဆိုင်ရာ LGBT အဖွဲ့ကလည်း ပူးပေါင်းပါဝင်ခဲ့
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရဲ့ (၇၄) ကြိမ်မြောက် ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်အဖြစ် ဒီပင်္ကရာမြတ်စွာဘုရား ဗုဒ္ဓရုပ်ပွားတော်အား ရေသွန်းလောင်းပူဇော်ပွဲကို ဧပြီလ (၂၆)ရက်မှ စတင်ကျင်းပလျက်ရှိရာ မြိတ်မြို့နယ်လုံးဆိုင်ရာ LGBT စေတနာရှင်များအဖွဲ့မှလည်း ပူးပေါင်းပါဝင် ပူဇော်ခဲ့တယ်လို့ သိရပါတယ်။
မြိတ်မြို့မှာ နှစ်စဉ်မပျက် ကျင်းပပြုလုပ်လေ့ရှိတဲ့ ဒီပင်္ကရာမြတ်စွာဘုရား ဗုဒ္ဓရုပ်ပွားတော် မြို့တွင်းလှည့်လည် ရေသွန်းလောင်း ပူဇော်ပွဲအခမ်းအနားကို ဧပြီလ (၂၆) ကနေ မေလ (၅) ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး အဆိုပါ အခမ်းအနားမှာ မြိတ်မြို့နယ်လုံးဆိုင်ရာ LGBT စေတနာရှင်များအဖွဲ့အနေနဲ့ ပူးပေါင်းပါဝင်ခဲ့တာဆိုရင် ဒီနှစ်နဲ့ဆို (၄) ကြိမ်မြောက် ရှိပြီလို့ သိရပါတယ်။
“ကျွန်တော်တို့ LGBT တွေကလည်း ကိုယ့်မြို့ရဲ့ ဘာသာရေးပွဲတော်တွေမှာ အများနည်းတူ ပူးပေါင်းပါဝင် ဆောင်ရွက်ချင်လို့ပါ။ ဒီနှစ်ဆို ကျွန်တော်တို့အဖွဲ့က ပါဝင်တာ (၁၆) ယောက် ရှိပါတယ်။ ဘုရားကို ဘုရားငါးဆူကွင်းမှာ ထားပြီး ရေအပူဇော်ခံတယ်။ မြိတ်က လူတွေက ကားပေါ်ရေစည်တွေတင် သွားပြီးရေသွန်းလောင်းကြတာ။ ကျွန်တော်တို့အနေနဲ့ ဒီဘာသာရေးအခမ်းအနားပွဲမှာ ပါဝင်ပူးပေါင်းလာတာဟာ ဒီနှစ်နဲ့ဆို (၄) ကြိမ် ရှိပါပြီ” လို့ မြိတ်မြို့နယ်လုံးဆိုင်ရာ LGBT စေတနာရှင်များအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ စိုးမိုးကျော် က ပြောပါတယ်။
အဆိုပါပွဲကို မြိတ်မြို့ ဝိုင်အမ်ဘီအေ ဗုဒ္ဓဘာသာ လူငယ်များအသင်းမှ ကြီးမှူးပြီး ဘုရားငါးဆူကွင်းအတွင်းမှာ ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။