ရထားပေါ်က ဈေးသည်လေး

ကျွန်တော့်နာမည်က လှထွေးပါ။ အလုပ်အကိုင်ကတော့ ရထားပေါ်မှာ ရာသီကုန်တွေ ရောင်းပါတယ်။ ရာသီကုန်ဆိုတာကတော့ လအ လိုက်ပေါ်တဲ့ အသီးအနှံပေါ့။ ဖရဲသီးပေါ်တဲ့အချိန် ဖရဲသီး၊ နာနတ်သီးပေါ်တဲ့အချိန်ဆို နာနတ်သီး၊ မြေပဲတောင့်ပေါ်ချိန်ဆို မြေပဲပြုတ် အဲ့လိုမျိုးရောင်းတာကို ပြောတာပါ။ တခြားအလုပ်ကတော့ ပွဲတွေရှိရင် မိတ်ကပ်လည်းပြင်တယ်။ တစ်ခါတလေ မိတ်ဆွေသူငယ်ချင်းတွေကခေါ်ရင် နတ်ပွဲတွေမှာ နတ်လိုက်ကတယ်။ ဒါပေမဲ့ ပုံမှန်အလုပ်ကတော့ ဈေးရောင်းတာပေါ့။ နတ်ပွဲတွေ မိတ်ကပ်ပြင်တာတွေကတော့ ကြိုကြားကြိုကြား ပြင်တာပါ။ ဒါတွေက ခေါ်တဲ့လူရှိမှ လုပ်လို့ရတာဆိုတော့လေ။

ငယ်ငယ်ကတည်းက မုန့်ဖိုးတွေစုပြီး မိတ်ကပ်တွေဝယ်၊ နှုတ်ခမ်းနီတွေဝယ်၊ လက်သည်းနီပုလင်းတွေဝယ်ပြီး အလှတွေ ပြင်တာကိုး။ နောက်ပြီး အရွယ်လေးရလာတော့ ကိုယ့်ပုံစံက အရမ်းသိသာနေပြီ။ အစ်ကိုတွေကလည်း အိမ်မှာကိုယ့်ကြောင့် အရှက်ရတယ် ဘာညာပြောနေပြီ။

ကျွန်တော်တို့မှာ ညီအစ်ကိုမောင်နှမရှစ်ယောက် ရှိတယ်။ အစ်မအကြီးဆုံးကပဲ မိန်းကလေး၊ ကျန်တာအစ်ကိုတွေ ချည်းပဲ။ ကိုယ်က အငယ်ဆုံး။ ယောကျာ်းတစ်အုပ်ကြီးထဲမှာ ကိုယ်ကအခြောက်ဆိုတော့ အစ်ကိုတွေက ဘယ်လက်ခံမလဲ။ ကိုယ်ကလည်း ပြောရမယ်ဆို မနေ့တနေ့ကမှ ခြောက်တာမဟုတ်ဘူးလေ၊ မွေးကတည်းက ခြောက်တာဆိုတော့ ကျောင်းမှာလည်း ကျောင်းမှာအစအနောက်ခံရသလို ဆရာမတွေက ငြိုငြင်တာလည်း ခံရတယ်။ ဒါကြောင့်မို့ ကျောင်းတက်ရတာလည်း မပျော်တော့ဘူး။ ဒါကြောင့် အစ်မကြီးဈေးရောင်းတဲ့ နောက်လိုက်သွားတယ်။ ဈေးကူရောင်းပေးရင်းနဲ့ ရှစ်နှစ်အရွယ်မှာပဲ ဒီဈေးသည်လောကထဲ ရောက်လာတယ်။ ဒါပေမဲ့ ဈေးရောင်းရတာ ပျော်တယ်။ကျွန်တော် အိမ်မှာမနေချင်ဘူး၊ မပျော်ဘူး။ အိမ်က အစ်ကိုတွေက ကျွန်တော့်ကိုမြင်တာနဲ့ ထိုးမယ်ကြိတ်မယ်တွေပဲ လုပ်နေတာ။

ကျွန်တော်ကလည်း ငယ်ငယ်ကတည်းက မုန့်ဖိုးတွေစုပြီး မိတ်ကပ်တွေဝယ်၊ နှုတ်ခမ်းနီတွေဝယ်၊ လက်သည်းနီပုလင်းတွေဝယ်ပြီး အလှတွေ ပြင်တာကိုး။ နောက်ပြီး အရွယ်လေးရလာတော့ ကိုယ့်ပုံစံက အရမ်းသိသာနေပြီ။ အစ်ကိုတွေကလည်း အိမ်မှာကိုယ့်ကြောင့် အရှက်ရတယ် ဘာညာပြောနေပြီ။ နောက်ဆုံးအတူနေတဲ့ အကိုအကြီးဆုံးက ငြိုငြင်လာပြီး အိမ်မှာတောင်မထားချင်တဲ့ ပုံစံပြောလာတော့ အဖေနဲ့အမေက ကိုယ့်လက်ကိုဆွဲပြီး အိမ်ခွဲလိုက်တာ။ အဖေနဲ့အမေက ကိုယ့်ကို သိပ်ချစ်တာလေ။ အစ်ကိုကလည်း အမေတို့အဖေတို့ကို မငြိုငြင်ပါဘူး။ ကိုယ့်ကိုသာ ဒီလိုဖြစ်နေလို့ဆိုပြီး ရှက်တာ။

အဲ့ဒီမှာ အတွေးတစ်ခုလည်း ဝင်လာတယ်။ သိလည်း သိသွားတယ်။ မိန်းမလျာဘဝမှာ ကိုယ်ပိုင်ငွေရှာနိုင်မှ ဖြစ်မယ်ဆိုပြီး အလုပ်ထဲမှာ စိတ်ကိုနှစ်ထားခဲ့တယ်။ တော်ကြာ သူတို့ကိုမှီခိုပြီးနေရင် တချိန်ကျ အမေ့သားက အ ခြောက်လည်း ဖြစ်နေသေးတယ် ဘာအလုပ်မှလည်း မလုပ်ဘူးဆိုပြီး လက်ညိုးထိုးလာမယ်။ ဒါကြောင့် ကိုယ်က အလုပ်ကို ပိုကြိုးစားတယ်။ ပြောရမယ်ဆိုရင် အခြောက်တစ်ယောက်ဖြစ်လာတာနဲ့ ဆင်းရဲရဲ ချမ်းသာသာ ကိုယ်ပိုင်ဝင်ငွေလေးတစ်ခုတော့ ရှိမှဖြစ်မယ်။ အဲဒါနဲ့ပဲ အစ်မတွေနဲ့ဈေး လိုက်ရောင်းဖြစ်ခဲ့တာပေါ့။

နောက်ပိုင်း ကိုယ့်ဝင်ငွေနဲ့ကိုယ် ရပ်တည်လာနိုင်တော့ သူတို့လည်း ဘာမှမပြောတော့ပါဘူး။ မိသားစုထဲမှာ ကိုယ့်ကိုနားလည်ပေးနိုင်တာက အကိုလတ်ပေါ့။ သူက စစ်သား တစ်ယောက်ဖြစ်ပေမယ့် ကျွန်တော့်ကို ချစ်လည်း ချစ်တော့ တစ်ခုခုဆို ရှေ့က နေပေးတယ်။ ကိုယ်လိုချင်တဲ့ အလှအပပစ္စည်းတွေဆိုလည်း သူ့မုန့်ဖိုးလေးနဲ့စုပြီး ဝယ်ပေးတယ်။ ကြီးလာတော့လည်း သူ့လစာထဲက အဝတ်အစားလှတာလေးတွေ ဝယ်ပေးတာပဲ။ သူကတော့ ပြောပါတယ်။ ကိုယ်ပေးဆပ်စရာရှိရင် ဒီဘဝမှာ အပြီးပေးဆပ်ခဲ့တဲ့။ စိတ်ထားကိုတော့ ကောင်းအောင်ထားဖို့ အမြဲပြောတယ်။ ကျွန်တော် အဲ့ဒီစကားတခွန်းနဲ့ လောကကြီးကို ရင်ဆိုင်ခဲ့တာ။ အရင်က တော့ အဖေရော အမေပါ ရှိတာပေါ့။ အခုတော့ အဖေဆုံးသွားတာ (၃)နှစ်လောက်ရှိပြီ။ ညီကိုမောင်နှမတွေလည်း အကုန်အိမ်ထောင်ကွဲကုန်ပါပြီ။

အခုတလောက အရောင်းအဝယ်မကောင်းဘူး။ ရထားစီးရေကလည်း နည်းသွားတော့ ပိုက်ဆံက အရင်လိုမရတော့ဘူး။ ဟိုအရင်က တစ်ရက်ကို တစ်သောင်းကျော် မြတ်ပေမယ့် အခုကျတော့ တစ်နေ့လေးငါးထောင်မြတ်အောင် ရထားတစ်စီးနဲ့တစ်စီး အပြေးအလွှားကူးပြီး ရောင်းရတာ အရမ်းပင်ပန်းတယ်။

ငယ်ဘဝကတော့ ပျော်စရာလည်း ကောင်းခဲ့တယ်။ စိတ်ညစ်၊ စိတ်မကောင်းစရာတွေလည်း ရှိတယ်။ ပျော်စရာဆိုတာကတော့ ငယ်လည်းငယ်သေးတော့ ကိုယ့်လိုမိန်းမလျာတွေနဲ့ ဟိုနားတရုန်းရုန်း ဒီနားတရုန်းရုန်း သွားကြစားကြနဲ့ပျော်ခဲ့ရတာပေါ့။ စိတ်ညစ်ရတာကတော့ တချို့ သူငယ်ချင်းတွေကြောင့်ပါ။ သူတို့က ကျွန်တော်နဲ့အပြင် အတူတူမသွားချင်ဘူး။ မင်းကအခြောက် ငါတို့နဲ့မလိုက်နဲ့ဆိုပြီး ခွဲခြားခံရတယ်။အဲ့ဒီအချိန်က အိမ်မှာရောအပြင်မှာပါ ခွဲခြားခံရတော့ ကိုယ့်အပေါ်နားလည်တဲ့ ဘဝတူတွေနဲ့ပဲ ပိုပြီးပေါင်းဖြစ်လာတယ်။ ငယ်တုန်းက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရဖူးတယ်။ အရက်သမားတွေက အုပ်စုဖွဲ့ပြီး အနိုင်ကျင့်တာ။ လိုက်ခဲ့၊မလိုက်ရင် ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီးတော့ပေါ့။ ကိုယ်က တစ်ယောက်ချင်းဆို မကြောက်ပေမယ့် အုပ်စုဖွဲ့ကြီးကျတော့ ကိုယ့်ကိုသတ်သွားမှာကြောက်တာပေါ့။ အဲ့လိုနဲ့ အနိုင်ကျင့်ခံခဲ့ရတယ်။ အခုတော့ အရွယ်လည်းရောက်လာပြီ အန္တရာယ်လည်း ရှောင်တတ်ပြီဆိုတော့ အဲ့လိုမျိုးအနိုင်ကျင့်ခံရတာ မရှိတော့ပါဘူး။

ရထားပေါ်မှာ အသီးအနှံရောင်းတာက (၁၈)နှစ်လောက်ရှိပြီ။ဈေးစရောင်းတော့ ရှစ်နှစ်လောက်ပဲ ရှိသေးတယ်။ မမကို ထမင်းချိုင့် လိုက်ပို့ပေးရင်းကနေ ဈေးရောင်းတတ်လာတာဆိုတော့ တော်တော့ကိုကြာပြီလို့ ပြောလို့ရမယ်။ ဈေးရောင်းတာကလည်း ကြာနေပြီဆိုတော့ ဘယ်အချိန် ဘာရောင်းရမယ်ဆိုတာတော့ သိနေပါပြီ။ ဈေးရောင်းရတာကို မရှက်ဘူး။ ပျော်တောင်ပျော်သေးတယ်။ ဘဝတူတွေထဲမှာ ကိုယ့်ကိုခွဲခြားတာမျိုး မရှိဘူး။ စလိုက်နောက်လိုက်နဲ့ပဲ နေကြတာဆိုတော့ စာသင်ခန်းထဲ ခွဲခြားခံနေရတာထက် ပိုပျော်ခဲ့တာပေါ့။

ဒါကြောင့်လည်း ပညာရေးက ဒီလောက်ပဲဖြစ်ခဲ့တာ။ နတ်ကဖြစ်တာကတော့ ကိုယ့်မိတ်ဆွေတွေထဲမှာ နတ်ဆရာတွေရှိတယ်။ သူတို့က လာလိုက်ခဲ့ဆိုတော့လည်း လိုက်သွားရင်း နတ်ကဖြစ်သွားတာပေါ့။ ဝါသနာ အတူတူရှိနေရင် စိတ်က လုံခြုံတယ်။ အဲ့ဒါကြောင့် လိုက်သွားဖြစ်တာ။ အဲလို လိုက်သွားရင်း ဆရာတစ်ယောက်နဲ့တွေ့ပြီး မိတ်ကပ်ပညာကို သင်ခွင့်ရလာတယ်။ ဆရာကတော့ မိတ်ကပ်ပိုင်ပိုင် (အလုံ)ပါ။ ဆရာနောက်လိုက်ပြီး ပညာယူရတာပေါ့။ ဆရာကလည်း စေတနာအပြည့်နဲ့ သင်ပေးပါတယ်။ စစခြင်းတော့ မိတ်ကပ် အကူအနေနဲ့ပဲ။ အခုတော့ သေသေချာချာ လိမ်းတတ်နေပြီ။ ဒါပေမဲ့ ဆိုင်တော့ မဖွင့်နိုင်သေးပါဘူး။ ဆိုင်တစ်ဆိုင်ဖွင့်ဖို့က အရင်းအနှီးအများကြီးလိုတာဆိုတော့ ကြာလိမ့်ဦးမယ်။

ငွေကတော့ စုနေတာပဲ။ ရသမျှလည်း အမေ့ကိုအကုန်ပြန်အပ်ပြီး တစ်နေ့ငါးရာလောက်ပဲ တောင်းသုံးတာ။ ဒါပေမဲ့ အခုတလောက အရောင်းအဝယ်မကောင်းဘူး။ ရထားစီးရေကလည်း နည်းသွားတော့ ပိုက်ဆံက အရင်လိုမရတော့ဘူး။ ဟိုအရင်က တစ်ရက်ကို တစ်သောင်းကျော် မြတ်ပေမယ့် အခုကျတော့ တစ်နေ့လေးငါးထောင်မြတ်အောင် ရထားတစ်စီးနဲ့တစ်စီး အပြေးအလွှားကူးပြီး ရောင်းရတာ အရမ်းပင်ပန်းတယ်။ အခုဆို အပြင်တောင် သိပ်မထွက်ဖြစ်ဘူး။ ဈေးရောင်းက ပြန်လာရင် ရေမိုးချိုးပြီး အမေချက်ပေးတဲ့ ထမင်းစားပြီးရင် တန်းအိပ်တာပဲ။

အခုတော့ ချစ်သူလည်းရှိပါတယ်။ သူက ကျွန်တော့ထက် ငါးနှစ်ငယ်တယ်။ သူက စော်ဘွားကြီးကုန်းဘက်က စက်ဘီးဆိုင်မှာ အလုပ်လုပ်တယ်။ ညနေပိုင်း အလုပ်ဆင်းရင်တော့ ကျွန်တော့်ဆီလာတာပေါ့။ ပြီးရင်စကားပြောပြီး ပြန်ကြတာ။ မအားတဲ့ရက် တစ်ရက်တစ်လေပဲ မလာတာ။ သူက သဝန် တိုတတ်တယ်။ ဒါပေမဲ့ ကျွန်တော့်ကို ချစ်တယ်။ တခြားဟာတွေတော့ အများကြီး လိုချင်တာမရှိပါဘူး။ ဘုရားက ပေးသလောက်ပဲ နေရမယ့်ဘဝမှာ ကြီးကြီးမားမား ဖြစ်ချင်တာမရှိပါဘူး။ အဖေကျန်းမာရေး မကောင်းတဲ့အချိန်က ကိုယ်က အလုပ်အကိုင်ကောင်းတော့ သေချာပြုစုခွင့်လေးရခဲ့တယ်။ အမေ့ကိုလည်း အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်နေစေချင်တယ်။ ဒီလောက်ပါပဲ။ ကိုယ့်အတွက်ကတော့ ဘာမှမလိုဘူး။ ကိုယ့်ဘဝအစစ်ကိုတောင် ကိုယ်မရနိုင်သေးတာ တခြားဆုတောင်းချင်တာလည်း မရှိပါဘူး…။ ငြိမ်းငြိမ်းချမ်းချမ်းလေးပဲနေပြီး ငြိမ်းငြိမ်းချမ်းချမ်းပဲ သေချင်တယ်… ဒါပါပဲ။

                                                                                                                                                                       အညို   

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.