ရွှေညောင်မြို့၊ နဝရတ်ခန်းမမှာ Walks of Life (ဘဝခရီးပြခန်း)ကို (၃)ရက်တာ ဖွင့်လှစ်ပြသ

ရွှေညောင်မြို့၊ ဘူတာရုံလမ်းရှိ နဝရတ်ခန်းမမှာ Colors Rainbow အဖွဲ့အစည်းနဲ့ ရွှေညောင်မြို့အခြေစိုက် Love Gay အဖွဲ့တို့ ပူးပေါင်းကာ Walks of Life (ဘဝခရီးပြခန်း)ကို (၃)ရက်တာ ဖွင့်လှစ်ပြသခဲ့ပါတယ်။

 

Walks of Life (ဘဝခရီးပြခန်း)ကို ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်မှ (၁၂)ရက်နေ့အထိ နံနက် (၁၀)နာရီမှစတင်ကာ ညနေ(၅)နာရီအထိ ပြသခဲ့ပါတယ်။

“ဘဝခရီးပြခန်းမှတဆင့် LGBT တွေအနေနဲ့ မိမိဖြစ်တည်မှုကို လက်ခံဂုဏ်ယူလာစေရန်၊ ပတ်ဝန်းကျင် လူထုကလည်း LGBT တွေအပေါ် စာနာနားလည်လာပြီး ခွဲခြားဆက်ဆံမှုတွေ လျော့နည်းလာစေဖို့နဲ့ LGBT လှုပ်ရှားမှုအရွေ့တစ်ခုမှာ သမိုင်းခြေရာတွေကို မှတ်တမ်းတင် ကျန်ရစ်စေရန်အတွက် ရည်ရွယ်ပြသတာ ဖြစ်ပါတယ် ”လို့ Walks of Life (ဘဝခရီးပြခန်း)ရဲ့ တာဝန်ခံ ကိုသားကိုက ပြောပါတယ်။

Works of Life ဖွင့်ပွဲအခမ်းအနားကို LGBT တွေက ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ကြပြီး Love Gay အဖွဲ့ရဲ့ ဥက္ကဌဖြစ်သူ ကိုမိုးက LGBT အခွင့်အရေးအတွက် ရှေ့လုပ်ငန်းစဉ်များကို Colors Rainbow ကဲ့သို့ မိတ်ဖက်အဖွဲ့အစည်းများဖြင့် လက်တွဲပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Colors Rainbow အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဒေါ်ခင်မမအေးကလည်း LGBT တွေအနေဖြင့် တန်းတူအခွင့်အရေးရရှိရေးအတွက် ကြိုး စားကြရာတွင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင် ဆောင်ရွက်ကြရန် ၊ LGBT တွေအပေါ် လူထုလက်ခံလာစေဖို့ အပြုအမူကောင်းများဖြင့် ရပ်တည်ကြရန်နဲ့ လူငယ်များအနေဖြင့် မိမိတို့၏ဖြစ်တည်မှုအပေါ် ရဲရဲရင့်ရင့် လက်ခံ၍ ပွင့်ပွင့်လင်းလင်း နေထိုင်ကြရန်ကိုလည်း ပြောကြားခဲ့ပါတယ်။

ရွှေညောင်မြို့ရှိ နဝရတ်ခန်းမတွင် Walks of Life (ဘဝခရီးပြခန်း)အပြင် & PROUD အဖွဲ့ကလည်း LGBT မှတ်တမ်းရုပ်ရှင်တွေကို ပြသသွားခဲ့ပါတယ်။

LGBT တွေရဲ့ဘဝဖြတ်သန်းမှု ပုံရိပ်အစစ်အမှန်တွေကို ပြသပေးနေတဲ့ “ဘဝခရီးပြခန်း”ကို ၂၀၁၆ခုနှစ်၊ ဇူလိုင်လကနေ စတင်အကောင် အထည်ဖော်ခဲ့ကာ ပထမဆုံးအကြိမ် ရန်ကုန်၊ မန္တလေး၊ ပြည်၊ မော်လမြိုင်၊ လာရှိုးမြို့နဲ့ တောင်ပြုန်းပွဲတော်တို့မှာ ပြသခဲ့ပါတယ်။

နောက်ထပ် ဒုတိယအကြိမ် “ဘဝခရီးပြခန်း” ပြပွဲကို ၂၀၁၇ခုနှစ်မှာ မန္တလေး၊ မော်လမြိုင်၊ ပြည်၊ လားရှိုးနဲ့ မုံရွာ စတဲ့မြို့တွေမှာ ပြသပေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.