သခင်
ဒီနေ့ သူ့ဘဝက အချုပ်အနှောင်တွေက လွတ်မြောက်တော့မယ့်နေ့။ သခင်က အားလုံးထဲမှာ သူ့ကိုမှရွေးချယ်လိုက်တယ်။
ပျော်လိုက်တဲ့ အပျော်တွေ။ သခင်ရဲ့ တယုတယလေးကြည့်နေတဲ့ မျက်ဝန်းလေးတွေကို ဘောင်ထဲက ထွက်လာလာချင်း ရင်ဆိုင်တွေ့လိုက်တဲ့အချိန်မှာပဲ သိပ်ကိုကြင်နာပြီး ငါ့ကိုတယုတယနဲ့ မြတ်နိုးမယ့်လူပါလားဆိုတာ ကျိန်းသေနေစေမိတယ်။ သခင့်လက်လေးနဲ့ ထိလိုက်တဲ့အချိန်မှာ ငါ့ဘဝတစ်ခုလုံးကို တန်ဖိုးထားမယ့် မိသားစုလေးဆိုတဲ့အသိ ချက်ချင်းကောက်ချက်ချမိတယ်။
”ဟယ်… အဲဒီလောက်ဆို သမီးမှာပါတာနဲ့ မလောက်ဘူး”
”ဒီဟာလေးက မဆိုးဘူးသမီးရဲ့ သုံးပျော်ပါတယ်”
”ဟုတ်တော့ ဟုတ်ပါတယ် ဦးရယ်။ ဒါပေမဲ့…”
သခင်ရယ်။ ကျွန်တော့်ကို တပ်မက်မိနေတဲ့ မျက်ဝန်းတွေကို မလွှဲပစ်လိုက်ပါနဲ့နော်…ဘုရားဘုရား
”သဲ လိုချင်တာလေးပဲ ယူလိုက်လေ”
နတ်ဘုရားအသံလား … ဟုတ်မှာပါ။ ချစ်ခြင်းအပြည့်နဲ့ နူးညံ့မှုတွေနဲ့ သူ့ဘဝကို ဘောင်ထဲက လွတ်မြောက်မှုပေးစေမယ့် တွန်းကန်အားအသံ။
လှမ်းကြည့်လိုက်တော့ သခင့်ဘေးနားမှာ ရပ်နေတဲ့လူတစ်ယောက်။ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ဆွဲဆောင်မှုရှိတဲ့ ကောင်မလေးတစ်ယောက်ဆို ပိုတိကျမလားပဲ။
”ရပါတယ် မောင်ကလည်း သဲ မယူတော့ဘူးလေ”
”မောင်စုထားတာ ရှိပါတယ်။ ယူလိုက်တော့”
”ဦး ဒါလေးပဲယူတော့မယ်။ လိုတာတွေ လုပ်ပေးလိုက်နော်”
ပြတ်သားလိုက်တာ။ သခင်နဲ့ အတူနေရတော့မယ် ကျေးဇူးတင်ပါတယ်ဗျာ…
သခင့်အိမ်လေးက သူ့အတွက် ဘောင်ထဲမှာ နေခဲ့ရသလောက် မအေးတော့ပေမယ့် နွေးထွေးနေတယ်။ သခင်က သူ့ကို လက်ပေါ်ကတောင် လုံးဝမချဘူး။ သူ့ရင်ဘက်က ကလီစာတွေကို ကလိနေတာကလည်း ဗြောင်းဆန်နေရော။ တော်တော်ပျော်နေတာ။ သခင့်မျက်နှာလေးကြည့်ရတာ ပြုံးနေတာပဲ။ သခင်မနှစ်ယောက် သူ့ကိုသုံးပြီး ချစ်ကြိုးသွယ်တဲ့ အချိန်၊ အလွမ်းတွေဖြေနေတဲ့ အချိန်လောက်ဘဝမှာ ကျေနပ်တဲ့အရာ မရှိတော့သလိုပဲ။
သခင်က ကျွန်တော့်ကို သူ့နားကနေ ဘယ်တော့မှမခွာဘူး။ သွားလေရာလည်း ယူသွားလို့ သခင်သွားနေကျအရာတွေ၊ စားနေကျအစာတွေ၊ တွေ့နေကျလူတွေတောင် အလွတ်ရနေပြီ။ သခင့်အနားမှာအမြဲ သခင့်အလိုကျ တစ်သွေးတစ်သံ တစ်မိန့်နဲ့ နေရတဲ့ဘဝကိုလည်း ဂုဏ်ယူလိုက်တာ။ သခင့်ကောင်မလေး ကျွန်တော့်ရဲ့ကျေးဇူးရှင်လေးနဲ့တွေ့တိုင်းလည်း ကျွန်တော့်ကို အပျော်တွေကူးစက်နေမိတယ်။ နှစ်ယောက်လုံးကို တအားချစ်တယ်ဗျာ။
”ဟွန်း… ကိုင်တော့ အပေါစားဖြစ်ပျက်နေလိုက်တာ။ သူ့ချစ်ချစ် ဝယ်ပေးထားတာတဲ့။ မဲ့ရွဲ့ပြီးပြောနေလိုက်တာ တံတွေးတွေတောင် လာစင်တယ်”
”နင်သိတယ်မလား။ သူ့ချစ်ချစ်ဆိုတာ Boy မဟုတ်ဘူး Girl ဟ။ သူက မိန်းမချင်းကြိုက်နေတာလေ”
”ဟယ်…တကယ်ကြီးလား ရွံစရာဟယ်”
ဘာတွေပြောနေမှန်း ဘာအဓိပ္ပာယ်မှန်း သူမသိပေမယ့် သခင့်မျက်နှာလေးညှိုးပြီး ခေါင်းလေးငုံ့နေတာကိုတော့ သူတွေ့နေရတယ်။
မုန်းလိုက်တာ ဟွန်း…။ သခင့်အတွက် သူတို့လက်ထဲက ရွှေရောင်မျက်နှာ ပြောင်စပ်စပ်နဲ့ မာန်တက်နေတဲ့ ကောင်နဲ့ယှဉ်ပြီး အကောင်းဆုံးအားအင်တွေနဲ့ ဂလဲ့စားချေပစ်လိုက်ချင်တယ်။
”အင်း…သဲ ပြောလေ မောင်နားထောင်နေတယ်”
”သဲ…မောင်နဲ့ ပြောစရာတွေရှိတယ်။ တွေ့ကြရအောင်။ လမ်းထိပ်ကိုပဲ လာခဲ့လိုက်နော်”
♦ ♦ ♦ ♦ ♦
”လူကြီးတွေ ဇွတ်စီစဉ်တာဆိုတော့ သဲလည်း မပြောတတ်ဘူး မောင်ရယ်”
”မောင် ဘာလုပ်ရမလဲကွာ”
စကားတွေက ကြားတချက် မကြားတချက်။ ကျွန်တော်ငြိမ်ငြိမ်လေးနေနေရတာ တော်တော်တောင်ကြာနေပြီ။
အေးစက်မှောင်မိုက်နေတဲ့ အိတ်ကြီးက သူ့ကို ပိုမွန်းကျပ်နေစေသလိုပဲ။
”အင်း … သခင်မနှစ်ယောက် တော်တော်ဝမ်းနည်းနေကြတဲ့ပုံပဲ စိတ်ညစ်လိုက်တာ”
”သမီး ဒီမှာ ကြည့်စမ်း…သမီးအတွက် ဝယ်လာတာတဲ့”
”မယူချင်ပါဘူး… မေမေရာ”
ငြင်းဆန်နေတဲ့ သခင့်နှုတ်ခမ်းနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သခင့်မျက်ဝန်းတွေကိုကြည့်ပြီး ကျွန်တော့်စိတ်ထဲ ထူးဆန်းလာတယ်။ သခင့်မေမေလက်ထဲက ပစ္စည်းအပေါ် သူ့အကြည့်တွေ အလိုလို ရောက်သွားမိတယ်။
ဟင်… ဟိုတစ်ခါ တွေ့လိုက်ရတဲ့ ကောင်လိုမျိုး ရွှေရောင်ပြောင်စပ်စပ် ကောင်ပါလား။
ဒီကောင်က မီးရောင်ကြောင့် ပိုပြောင်နေသလိုလို။ သူ့ဘေးက ဘူးခွံကြီးကြောင့်ပဲ ပိုသားနားနေသလိုလို။ လက်မခံနဲ့သခင်။ အဲဒီအထဲမှာ သခင့်ချစ်သူရဲ့ ချစ်ခြင်းတွေမပါဘူး။ အဲဒီအထဲမှာ သခင့်ချစ်သူရဲ့ စွန့်လွှတ်မှုတွေမပါဘူး။ အဲဒီအထဲမှာ သခင့်ချစ်သူရဲ့ နူးညံ့မှုတွေမပါဘူး။ အဲဒီအထဲမှာ သခင့်ချစ်သူရဲ့ နွေးထွေးတဲ့အကြင်နာမပါဘူး။
သိမ်းပိုက်မှုတွေ၊ မက်လုံးပေးမှုတွေ၊ ရယူပိုင်ဆိုင်လိုမှုတွေ၊ ဟန်ဆောင်နေမှုတွေ ထုနဲ့ဒေး တွေ့နေရတယ် သခင်။
”စားပွဲပေါ်သာ တင်ထားလိုက်တော့ မေမေရယ်၊ သမီးရေချိုးမလို့”
အနားရောက်လာတဲ့ အဲဒီကောင်က ကျုပ်ကိုမတူသလိုမတန်သလို မျက်လုံးစင်းပြီး လာကြည့်တယ်။ ကျွန်တော်ကလည်း ဘယ်ရမလဲ ဂရုမစိုက်သလို ဒီဘက်လှည့်နေလိုက်တယ်။
မှတ်ထားကွ။ ငါက သခင့်ရဲ့ အချစ်တော်။ သခင်လာပြီ။ သူ့ရှေ့မှာထိုင်ပြီ လက်လှမ်းနေပြီ။ တွေ့ပြီမှတ်လား မင်းကိုယောင်လို့တောင်မထိဘူး ဟား…ဟား။ ဆတ်ကနဲ စားပွဲပေါ်ကနေ ခေါင်းအုံးပေါ် သူဘယ်လိုရောက်သွားမှန်းမသိဘူး။
ဟင်… သူ့ကိုပစ်တင်ပြီး ဟိုကောင့်ကို တယုတယကိုင်နေတဲ့ သခင်။ ဟိုကောင့် ရင်ခွင်ကိုတို့ကာထိကာနဲ့ ကလူနေတဲ့ သခင်။ ကျွန်တော့်ကို ယောင်လို့တောင် မထိတော့တဲ့ သခင်။ သခင်မှ ဟုတ်ပါလေစ။
ဪ … ငါကပူနေလို့ ခဏအနားပေးထားတာ နေမှာပါလေ။ သခင့်ကိုမျှော်နေမယ်နော်။ သခင့်ချစ်သူကောင်မလေးရဲ့ အငွေ့အသက်တွေနဲ့အတူသခင့်ဘေးနားမှာ တိတ်တိတ်လေး ရှိနေမယ်နော်။
သခင်က သိပ်တန်ဖိုးထားခဲ့တဲ့ သခင့်ချစ်သူကောင်မလေးရဲ့ ချစ်ခြင်းတွေလိုပဲ ကျွန်တော်ရင်နာနာနဲ့ သခင့်အပါးမှာ ငြိမ်ငြိမ်လေးနေပေးနေမယ်နော်။
”ဘာ… အဲဒီတော့ သဲက လက်ခံလိုက်ပြီပေါ့။ မောင့်ကိုထားခဲ့တော့မှာပေါ့ မောင့်ကိုမချစ်တော့ဘူးလား။ မောင့်မျက်ရည်တွေကို မငဲ့နိုင်တော့ဘူးလား”
”သဲလည်း ဘာမှမတတ်နိုင်တော့ဘူးမောင်ရယ်။ မေမေတို့က မောင့်ကိုဘယ်နည်းနဲ့မှ လက်ခံမှာမဟုတ်ဘူး။ မိန်းကလေးချင်း ကြိုက်တာကိုလည်း သဘောတူမှာ မဟုတ်ဘူး။ ပြီးတော့ ပတ်ဝန်းကျင်ဆိုတာလည်း ရှိသေးတယ်လေ”
”တော်ပါကွာ သဲမောင့်ကို ကြိုက်တုန်းက ပတ်ဝန်းကျင်ဆိုတာ ရှိလို့လား။ ဂရုကောစိုက်ခဲ့လို့လား။ အခုဟာက ဟိုအစ်ကိုကြီးက အရမ်းချမ်းသာနေလို့မလား”
”နင် ငါ့သိက္ခာကို မစော်ကားနဲ့။ မဆီမဆိုင်တာတွေလည်း ထည့်မပြောနဲ့။ နင်နဲ့ ငါ လမ်းခွဲမယ်။ ရော့ဒီမှာ နင်နဲ့ပတ်သတ်တဲ့ အရာတွေ။ ကျန်သေးတယ်…ရော့ ဒီမှာ နင်ဝယ်ပေးထားတဲ့ ဖုန်း… တစ်ခါတည်းယူသွား”
”ငါက ဘာလုပ်ရမှာလဲ။ မင်းစိတ် ကြိုက်သာလုပ်။ ပြန်မယူဘူး”
”ရတယ်လေ ကဲ…ဒီမှာကြည့်”
”ဝှစ်…ခွမ်း…”
အား…ခေါင်းထဲမှာ မူးလိုက်တာဗျာ ရင်ဘတ်တွေ တစစီပြုတ်ထွက်သွားသလိုပဲ မျက်နှာတွေလည်း ကွဲကြေကုန်ပါပြီ။ ရေးရေးလေးမြင်နေရတဲ့ သခင့်ကျောပြင်၊ လမ်းမပေါ် အသိစိတ်မရှိတဲ့ လူတစ်ယောက်လိုထိုင်နေတဲ့ သခင့်ချစ်သူ။ အရာရာအားလုံးက မှုန်တိမှုန်ဝါး။ ကျုပ်ကို အနက်ရောင်ကမ္ဘာကြီးက တဖြည်းဖြည်းဆွဲခေါ်နေပြီ။
သခင်… သခင် မထားခဲ့ပါနဲ့ သခင်။ အရင်လို ချစ်ခြင်းတွေ၊ အရင်လိုပျော်ရွှင်မှုတွေ၊ အရင်လိုကြင်နာမှုတွေ၊ အရင်လိုပြတ်သားမှုတွေ၊ အရင်လို ရဲရင့်မှုတွေ၊ အရင်လို နူးညံ့မှုတွေ၊ သခင့်ချစ်သူ ကောင်မလေးနဲ့ ချစ်ကြိုးတွေ သွယ်ပေးပါရစေ။ စကားတွေ ဆောင်ကျဉ်းပေးပါရစေ။ အနမ်းတွေ ဖလှယ်ပေးပါရစေ။ လေလှိုင်းလေးထဲမှာ ခုံမင်နေပါရစေ။ သခင်မထားခဲ့ပါနဲ့ မရက်စက်ပါနဲ့…။
အားယူပြီး မနည်းဖွင့်ကြည့်နေရတယ်။ အရာရာက အရင်လို လန်းဆန်းမှုတွေ၊ တက်ကြွမှုတွေ မရှိတော့ဘူး။ သခင့် မျက်နှာလေးမြင်ရရင် ကျေနပ်ပါပြီ။
ဟော… အရင်ဆုံးမြင်လိုက်ရတာ တအားကို ညိုးငယ်နေပြီးငိုထားတဲ့ သခင့်ချစ်သူ ကောင်မလေးမျက်နှာ၊ မျက်လုံးတွေ ဖောင်းအစ်နေလိုက်တာ ကျွန်တော့်လိုပဲ အားအင်တွေပျောက်နေပါ့လား။ မငိုပါနဲ့ သခင်ရယ်။ ကျုပ်လည်း သခင့်လို အစွန့်ပစ်ခံပါ။ ကျုပ်က သခင်တို့ လူသားတွေလို စကားတွေ မပြောတတ်ပါဘူး သခင်။ သခင်ခံစားနေရတဲ့ ခံစားချက်တွေနဲ့ ကျုပ်နားမလည်ခဲ့တဲ့ သခင့်သူငယ်ချင်းတွေပြောနေတဲ့ ဟိုစကားလုံး အဓိပ္ပာယ်တွေ ကျုပ်နားလည်ပါပြီ။ တကယ်တော့ သခင့်ကောင်မလေးက သခင့်ကိုမချစ်တာမဟုတ်ခဲ့ပါဘူး။ ပတ်ဝန်းကျင်ကို ပိုချစ်ခဲ့မိတာပါ။ မိဘတွေရဲ့ သမီးအလိမ္မာလေး ဖြစ်ခဲ့တာပါ။ မက်လုံးပေးမှုတွေကို ရှုံးနိမ့်သွားခဲ့တာပါ။ သစ္စာရှိမှုတွေကို ပျက်ရယ်ပြုခဲ့တာပါ။
ကျွန်မရဲ့ချစ်သူဟာ သူမပါလို့ သခင့်ကို မပြရဲခဲ့တာထက် ဟိုရွှေရောင်ပြောင်ပြောင်အကောင်ကိုကိုင်ပြီး မော်ကြွားချင်ခဲ့ယုံလေးပါ။ သတ္တိမနည်းခဲ့ပါဘူး။ အချစ်တွေ မခိုင်မာခဲ့တာပါ။ ပတ်ဝန်းကျင်ကို ဂရုမစိုက်ခဲ့ပါဘူး။ အချစ်တွေ ယိုင်လဲသွားခဲ့တာပါ။ သခင့်ကိုလည်းမထားခဲ့ပါဘူး။ ကျုပ်ကိုလည်းမထားခဲ့ပါဘူး။ သူမကိုယ်တိုင် စွန့်ခွာသွားခဲ့တာပါ။ သခင့်ရဲ့တုန်ရီနေတဲ့ လက်တွေနဲ့ ကျုပ်ရဲ့ယိုယွင်းနေတဲ့ ခန္ဓာကိုယ်ကို ကိုင်ပေးထားပါ။
သခင့်အငွေ့အသက်တွေ၊ သခင့်ရယ်မောနေသံတွေ၊ သခင့်ချစ်ခြင်းတွေ၊ သခင့်ပုံရိပ်တွေကို ကျုပ်ရင်ဘတ်ထဲမှာ သိမ်းထားပါတယ်။ ကျုပ်ဆီကနေရသလောက် သခင့်ကို အလွမ်းပြေစေရပါ့မယ်။
မင်းဆိုတဲ့ ကောင်မလေးတစ်ယောက် ကျုပ်လိုတော့ တစစီမပြိုကွဲလိုက်ပါနဲ့၊ ကျုပ်လိုတော့ တစစီ မယိုယွင်းလိုက်ပါနဲ့၊ ကျုပ်လိုတော့ တစစီ မပျက်စီးလိုက်ပါနဲ့၊ ငါ့လိုတော့ ငါ့လိုတော့ … ငါ့လိုတော့ …
ဟန်နီ