အချိုများရင် ဘဝမခေါ်ကြေး
လျှောက်နေတဲ့ ခြေထောက်က ရှေ့မရောက်
လမ်းပေါ်မှာတင် နောက်ကောက်ကျနေရ။
မိုးမလင်းခင် မိုးချုပ်ချုပ် သွားသလို
ဒုက္ခတွေနဲ့နေသားတကျ ဖြစ်လို့
ဘဝတွေက အမှောင်ကို အမှောင်မှန်းမသိတော့။
တစ်ဘဝစာကြိုတွေးဖို့ မပြောနဲ့
တခဏစာတောင် မသေခြင်းများ အပြည့်။
ဖြောင့်တန်းနေရင် လမ်းမဟုတ်ဘူးတဲ့
ဘယ်ပညာရှိပြောခဲ့တဲ့ စကားလဲ။
သိပ်မှန်တယ်
အဆင်းက နည်းနည်း
အတက်တွေက မိုးမဆုံး မြေမဆုံးနိုင်။
ပန်းတိုင်လား..
ရောက်ချင်လို့ သွားပေမယ့်လည်း
ချည်တိုင်မှာတင် ကြိုးက အထပ်ထပ်
ဘယ်လိုမျိုး ဖြတ်ထွက်ရမလဲ စဉ်းစားတုန်း။
သစ္စာလေးပါးထဲမှာမှ
ဒုက္ခသစ္စာက လူ့ပြည်မှာ အပျော်ဆုံးများလား။
အဂ္ဂမိုး