အင်ဒိုနီးရှားနိုင်ငံ Transgender အမျိုးသမီး (၁၂) ဦး အဖမ်းဆီးခံရပြီး လူမဆန်စွာ ပြုမူဆက်ဆံခံခဲ့ရ
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ ဒေသအာဏာပိုင်တွေကနေ ပြုလုပ်ခဲ့တဲ့ လူ့အဖွဲ့အစည်း သန့်စင်ရေး လှုပ်ရှားမှု စစ်ဆင်ရေးကာလအတွင်းမှာ Transgender အမျိုးသမီး (၁၂) ဦး အဖမ်းခံခဲ့ကြရပြီး လူသားမဆန်တဲ့ နည်းလမ်းတွေနဲ့ သိက္ခာမဲ့စွာ ပြုမူဆက်ဆံခံခဲ့ကြရတယ်လို့ သိရပါတယ်။
Pink News သတင်းဌာနရဲ့ ဝဘ်ဆိုက်မှာ ဖော်ပြထားချက်အရ ဒေသအာဏာပိုင်တွေဟာ အဖမ်းခံရတဲ့ Transgender တွေကို ဆံပင်ညှပ်ပစ်ပြီး အများပြည်သူတွေရဲ့ ရှေ့မှောက်မှာ စစ်ရေးပြပုံစံလျှောက်ခိုင်းတာမျိုးတွေ လုပ်ဆောင်စေခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် ရဲတပ်ဖွဲ့တွေဟာ ဖမ်းဆီးထားတဲ့ Transgender အမျိုးသမီးတွေကို ယောက်ျားလေးပုံစံ ဝတ်ခိုင်းပြီး ယောက်ျားလေးအသံ ပီပီသသ ထွက်ပေါ်လာစေတဲ့အထိ သံပြိုင်အော်ခိုင်းတာမျိုးတွေ၊ ပြေးလွှားခိုင်းတာမျိုးတွေကို ပြုလုပ်စေခဲ့တယ်လို့လည်း သိရပါတယ်။
အာချေးပြည်နယ်ရဲ့ ပြည်နယ်ရဲမှူးဖြစ်သူ Ahmad Untung Surianata ကလည်း ရဲတပ်ဖွဲ့က Transgender အမျိုးသမီးတွေကို ဖမ်းဆီးပြီး ဆံပင်အတို ညှပ်ပစ်တာ၊ ယောက်ျားလေးအဝတ်အစား ပြောင်းဝတ်ခိုင်းတာ၊ စစ်ရေးပြ ပုံစံ လုပ်ခိုင်းတာတွေရှိကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။ Transgender အမျိုးသမီးတွေဟာ လူ့အဖွဲ့အစည်း ပျက်စီးယိုယွင်းမှုရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်နေတဲ့အတွက် ယောက်ျားပီပီသသဖြစ်လာအောင် ပြုပြင်ပြောင်းလဲလာဖို့အတွက် ရဲတပ်ဖွဲ့က အထက်ပါအတိုင်း လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း Ahmad Untung Surianata က ခုခံချေပခဲ့ပါတယ်။
အာချေးပြည်နယ်ရဲတပ်ဖွဲ့ရဲ့ လူ့ဂုဏ်သိက္ခာမဲ့စေတဲ့ လုပ်ရပ်ကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက လည်း ရှုတ်ချခဲ့ပါတယ်။ အာချေးပြည်နယ်ဟာ LGBT တွေအတွက် စိုးရိမ်စရာနေရာအဖြစ် တဖြည်းဖြည်း မြင့်တက်လာ နေပြီလို့လည်း နိုင်ငံတကာလွတ်ငြိမ်ချမ်းသာခွင့် အဖွဲ့ကြီးရဲ့ ကြေညာချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။
“အလှပြင်ဆိုင်တွေကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ဖမ်းဆီးတယ်ဆိုကတည်းက Transgender တွေအပေါ် တမင်ပစ်မှတ်ထားတယ်ဆိုတာ ရှင်းနေတာပါပဲ။ Transgender တွေကို ယောက်ျားပုံစံပေါက်အောင်ဆိုပြီး ဆံပင်တိုတို ညှပ်ပစ်တာ၊ ယောကျ်ားလေး အကျႌတွေ အတင်းဝတ်ခိုင်းတယ်ဆိုတာတွေဟာ လူ့ဂုဏ်သိက္ခာမဲ့အောင် ချိုးချိုးနှိမ့်နှိမ့် ပြုရာရောက်စေပါတယ်။ ဒါဟာ အင်ဒိုနီးရှားနိုင်ငံက စောင့်ထိန်းလိုက်နာပါမယ်လို့ နိုင်ငံတကာမှာ ကတိပြုထားတဲ့ တာဝန်ဝတ္တရားတွေကို ချိုးဖောက်ရာလည်း ရောက်နေတယ်” လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ Usman Hamid က ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း အာချေးရဲတပ်ဖွဲ့ရဲ့အထက်ပါလုပ်ရပ်ကို ရှုတ်ချခဲ့ပြီး လူသားမဆန်တဲ့လုပ်ရပ်အဖြစ် ဝေဖန်ခဲ့ပါတယ်။
“နိုင်ငံသားတိုင်း မည်သူမဆို ဥပဒေရဲ့အကာအကွယ် ရယူပိုင်ခွင့်နဲ့ တန်းတူညီမျှ ဆက်ဆံခံရဖို့ အခွင့်အရေး ရှိတယ်” လို့ အင်ဒိုနီးရှားနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်နာဖြစ်သူ Beka Ulung Hapsara က ပြောပါတယ်။
LGBT တွေဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် အန္တရာယ်အဆိပ်အတောက်ဖြစ်ပြီး အာချေးပြည်နယ်မှာ LGBT တွေ တိုးပွားလာတာကို တားမြစ်လိုတဲ့အတွက် စစ်ဆင်ရေးအသွင်ဆောင်တဲ့ ဒီလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း Ahmad Untung Surianata က ပြောပါတယ်။
အာချေးပြည်နယ်ဟာ အင်ဒိုနီးရှားနိုင်ငံမှာ အစ္စလာမစ် ရှာရီယာဥပဒေကျင့်သုံးတဲ့ တစ်ခုတည်းသော ပြည်နယ် ဖြစ်ပြီး ရှာရီယာဥပဒေအရ လိင်တူချစ်တာကို တင်းကြပ်စွာ တားမြစ်ထားတာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက LGBT တွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတစ်ရပ်ကို အာချေးပြည်နယ်မှာ ပြုလုပ်ခဲ့ ပါတယ်။ ဆန္ဒပြပွဲမှာ ဒေသအတွင်း ဩဇာကြီးမားတဲ့ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့ဝင်တွေပါ တက်ရောက်ခဲ့ကြပြီး LGBT တွေအပေါ် ဆန့်ကျင်တဲ့ သဘောထားကြေညာချက်တွေကို ထုတ်ပြန်ခဲ့ကြပါတယ်။ ၎င်းအပြင် ၂၀၁၇ ခုနှစ် မေလတုန်းကလည်း လူငယ်နှစ်ဦးကို လိင်တူချင်း ဆက်ဆံတဲ့ပြစ်မှုနဲ့ လူမြင်ကွင်းမှာ ကြိမ်ဒဏ် (၈၃) ချက် ရိုက်နှက်ပြီး အပြစ်ပေးခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ LGBT တွေအပေါ် ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေဟာ မကြာသေးခင် နှစ်တွေအတွင်း တဖြည်း ဖြည်း မြင့်မားလာခဲ့တာကို တွေ့ရပါတယ်။ ကလေးသူငယ်တွေကို လိင်ပိုင်းအမြတ်ထုတ်မှုတွေကနေ အကာအကွယ်ပေးဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ လိင်တူချစ်သူ ဝဘ်ဆိုက်ဒ်တွေ၊ ဖုန်းအယ်ပလီကေးရှင်းတွေကို အသုံးပြုလို့မရအောင် ပိတ်ပင် တာမျိုးတွေကို ၂၀၁၆ ခုနှစ််အတွင်း လုပ်ဆောင်ခဲ့ပါတယ်။ အစိုးရကနေ အလုပ်အကိုင်အခွင့်အလမ်းတွေ ခေါ်ယူရာမှာ လည်း LGBT တွေကို လျှောက်ထားခွင့်မပြုဘူးဆိုပြီး ပွင့်ပွင့်လင်းလင်း ရေးသားဖော်ပြမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ရုပ်သံကဏ္ဍနဲ့ ရုပ်သံထုတ်လွှင့်တဲ့ ဌာနတွေကိုလည်း LGBT တွေကို အမွှမ်းတင်ဖော်ပြထားတဲ့ ဇာတ်လမ်းတွေ၊ ဇာတ်ကောင်စရိုက်တွေကို ဖော်ပြခွင့်မပြုဖို့ ရုပ်ရှင်ဆင်ဆာအဖွဲ့က ထုတ်ပြန်ခဲ့တာ ရှိပါတယ်။
အင်ဒိုနီးရှားအစိုးရအဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကိုယ်တိုင် အင်ဒိုနီးရှားနိုင်ငံမှာ LGBT တွေအတွက် နေရာ မရှိဘူးလို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။