အစ္စရေးနိုင်ငံမှာ LGBT တွေရဲ့ သွေးလှူဒါန်းခွင့်ကို ကန့်သတ်မှုတွေကနေ လျော့ချပြီး တရားဝင်လက်ခံခွင့်ပြုလိုက်ပြီ
သွေးလှူချင်တဲ့ Bisexual (အမျိုးသား၊ အမျိုးသမီး နှစ်မျိုးစလုံးကို သာယာတပ်မက်သူ) အမျိုးသားတွေနဲ့ လိင်တူ ချစ်သူ အမျိုးသားတွေ လွယ်လင့်တကူ သွေးလှူနိုင်မယ့် အစီအစဉ်သစ်တစ်ရပ်ကို အစ္စရေးနိုင်ငံမှာ မကြာခင် စတင်လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။
အဆိုပါ အစီအစဉ်သစ်အရ သွေးလှူချင်တဲ့ Bisexual အမျိုးသားတွေနဲ့ လိင်တူချစ်သူ အမျိုးသားတွေဟာ သွေးမလှူခင် မည်သည့်အချိန်တွင်မဆို လိင်ဆက်ဆံထားသည်ဖြစ်စေ သွေးလှူဒါန်းခွင့်ရရှိမှာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၀) မှာ ကျန်းမာရေးဝန်ကြီးဌာနက သဘောတူညီခဲ့တဲ့ ဒီအစီအစဉ်ရဲ့ ကနဦး ရှေ့ပြေး အစီအစဉ်ကို ဧပြီလအတွင်းမှာ အစ္စရေးကြက်ခြေနီအဖွဲ့က စတင်စမ်းသပ်ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီအစီအစဉ်အသစ်အရ Bisexual အမျိုးသားတွေနဲ့ လိင်တူချစ်သူ အမျိုးသားတွေ လှူဒါန်းထားခဲ့တဲ့ သွေးတွေကို အေးခဲအောင် လုပ်ပြီး လေးလအထိ အထူးသီးသန့်နေရာမှာ ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လေးလကြာတဲ့အခါမှာ အဆိုပါ သွေးကို လှူထားခဲ့တဲ့ အလှူရှင်တွေဟာ သွေးလှူဌာနဆီ ထပ်လာဖို့တော့ လိုအပ်ပါမယ်။ စမ်းသပ်စစ်ဆေးမှုတွေ အထပ်ထပ် ပြုလုပ်ပြီးတဲ့နောက် ဒီတစ်ကြိမ်မှာလည်း ကူးစက်ရောဂါတွေကနေ ကင်းရှင်းကြောင်း အတည်ပြုနိုင်ခဲ့လျှင် တော့ သူ အရင်ပထမ အကြိမ်က လှူဒါန်းထားခဲ့တဲ့သွေးကို အထွေထွေအသုံးပြုခွင့်အဖြစ် သက်ဆိုင်ရာဌာနက ခွင့်ပြုလိုက် မှာ ဖြစ်ပါတယ်။
ဒီကနေ့ကမ္ဘာမှာ HIV ဗိုင်းရစ်ပိုးလို လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေကို ဖော်ထုတ်နိုင်တဲ့ ခေတ်မီ စက်ကိရိယာပစ္စည်းတွေနဲ့ နည်းပညာတွေ တစိုက်မတ်မတ် တိုးတက်နေတာကြောင့် ဒီအစီအစဉ်ဟာ ဖြစ်နိုင်ချေရှိတယ်လို့ လည်း သုံးသပ်မှုတွေ ရှိပါတယ်။
အစ္စရေးနိုင်ငံဟာ အရင်က ဂေးတွေနဲ့ Bisexual အမျိုးသားတွေကို သွေးလှူဒါန်းခွင့် တားမြစ်ပိတ်ပင်ထားခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇွန်လ (၁) ရက်ကမှသာ သွေးမလှူမီ (၁) နှစ်အတွင်း တခြားတစ်ယောက်နဲ့ လိင်ဆက်ဆံထားတာမျိုး မရှိတဲ့ ဂေးတွေနဲ့ Bisexual အမျိုးသားတွေကို သွေးလှူဒါန်းခွင့် အကန့်အသတ်နဲ့ စတင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်အသစ်က အစ္စရေးနိုင်ငံကို ကမ္ဘာပေါ်မှာ Gay နဲ့ Bisexual အမျိုးသား တွေရဲ့ သွေးလှူဒါန်းမှုကို အကန့်အသတ်နဲ့ ခွင့်ပြုတဲ့ နိုင်ငံတွေကြားမှာ တိုးတက်မှုရှိဆုံးနိုင်ငံအဖြစ် ဗြိတိန်နိုင်ငံနဲ့အတူ ထိပ်ဆုံးမှာ ရပ်တည်နေစေမှာ ဖြစ်ပါတယ်။
၂၀၁၇ ဇူလိုင်လမှာ ဗြိတိန်နိုင်ငံကတော့ Gay နဲ့ Bisexual အမျိုးသားတွေရဲ့ သွေးလှူဒါန်းခွင့်အတွက် နောက်ဆုံး လိင်ဆက်ဆံထားတဲ့ ကာလကို (၁) နှစ်ကနေ (၃)လအထိ လျှော့ချသတ်မှတ်ခဲ့ပါတယ်။ Gay နဲ့ Bisexual အမျိုးသားတွေ ရဲ့ သွေးလှူဒါန်းမှုကို အကန့်အသတ်နဲ့ ခွင့်ပြုတဲ့ ကမ္ဘာ့နိုင်ငံအများစုဟာ အနည်းဆုံး (၁) နှစ်အထိ လိင်မဆက်ဆံထားတဲ့ Gay နဲ့ Bisexual အမျိုးသားတွေကိုသာ သွေးလှူခွင့်ပြုထားတာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း အလားတူ အနည်းဆုံး(၁) နှစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
အစ္စရေးနိုင်ငံမှာ ဒီအစီအစဉ်အသစ် ဖြစ်လာဖို့အတွက် အစ္စရေးကြက်ခြေနီအဖွဲ့ကြီးနဲ့အတူ ကြိုးစားဆောင်ရွက်ခဲ့ သူ တစ်ဦးဖြစ်တဲ့ Meirav Ben-Ari ကလည်း ဒါဟာ တန်းတူညီမျှမှုအတွက် အရေးပါတဲ့ သမိုင်းဝင်ခြေလှမ်းတစ်ရပ်ဖြစ်ပြီး LGBT တွေရဲ့ သွေးလှူဒါန်းခွင့်ကို ရရှိဖို့အတွက် ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တဲ့ ကျန်းမာရေးဝန်ကြီးနဲ့ သက်ဆိုင်ရာ ဝန်ထမ်း အားလုံးကိုလည်း ချီးကျူးဂုဏ်ပြုကြောင်း ပြောဆိုခဲ့ပါတယ်။
နှစ်ပေါင်းများစွာ LGBT တွေရဲ့ သွေးလှူဒါန်းခွင့်ကို ပိတ်ပင်ထားတဲ့ စိတ်ပျက်ဖွယ်အခြေအနေမျိုးတွေ ရှိခဲ့ ကြောင်း၊ မည်သို့ပင် တားမြစ်ပိတ်ထားသော်လည်း သွေးလှူလိုသူ LGBT တစ်ချို့ဟာ ၎င်းတို့ရဲ့ လိင်စိတ်ကိုင်းညွတ်မှုကို လိမ်ညာ၍ လှူခဲ့ကြသည်များလည်းရှိကြောင်း Meirav Ben-Ari က ပြောဆိုခဲ့ပါတယ်။ Meirav Ben-Ari ဟာ အစ္စရေးနိုင်ငံမှာ ပါလီမန်အမတ် အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။
အစ္စရေးကြက်ခြေနီအဖွဲ့ချုပ်ကြီးရဲ့ ဒါရိုက်တာဖြစ်သူ ပရော်ဖက်ဆာ Eilat Shinar ကလည်း ဒီအစီအစဉ်သစ်က သွေးလှူဒါန်းလိုသူ LGBT တွေနဲ့ သွေးလှူဘဏ်ဌာနကြားမှာ တံတားခင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
အစ္စရေးနိုင်ငံ LGBT အလုပ်အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ Chen Ariely ကလည်း LGBT တွေရဲ့ သွေးလှူဒါန်းခွင့်ကို ငြင်းပယ်တာဟာ စော်ကားမှုတစ်ရပ်သာဖြစ်ကြောင်း၊ ဒါပေမဲ့ ဒီနေ့မှာ ဒါဟာ နိဋ္ဌိတံသွားပြီ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။