အညှီအဟောက်နဲ့ အိပ်စက်ခြင်း

ကျွန်တော့်အသက် (၁၂) နှစ်။

စာဖတ်တတ်တယ်ဆိုတဲ့အရွယ်ကတည်းက စာအုပ်မျိုးစုံကို ဖတ်ခဲ့တယ်။ ကာတွန်း၊ ရုပ်ပြ၊ ဝတ္ထုစတဲ့ စာပေအမျိုးအစားတွေအပြင် ကျွန်တော့်အသက် (၁၂) နှစ်အရွယ်လောက်ကတည်းက ကျောက်ကွင်းအရေးတော်ပုံစာအုပ်ကို ဖတ်ဖူးခဲ့တယ်။ သူများက ကောင်းတယ်ညွှန်းလို့ ဖတ်ကြည့်ရင်း ဖတ်ဖူးတာမျိုး မဟုတ်ပါဘူး။ အဖြစ်ကဒီလိုပါ။ ကျွန်တော်တို့ မိသားစုက ဆင်းရဲပါတယ်။ ထမင်းနပ်မမှန်တဲ့အထိဆင်းရဲခဲ့ကြတာပါ။ အဲ့ဒီလို ထမင်းနပ်မမှန်တော့ ကျွန်တော်လည်း အလိုအလျှောက်အိမ်ခေါင်းရင်းက ဘုန်းကြီးကျောင်းကို ရောက်ခဲ့ရတယ်။

ဘုန်းကြီးကျောင်းမှာ ဆွမ်းခံတယ်။ ကျောင်းဝေယျာဝစ္စလုပ်တယ်။ ကျောင်းမှာပဲ စားတယ်။ ဘုန်းကြီးကျောင်းကနေပဲ စာသင်ကျောင်းတက်တယ်။ ကျောင်းအိပ်ကျောင်းစားဘဝနဲ့ ကျွန်တော်က ဝမ်းရေးကို ဖြေရှင်းတယ်။ တစ်ခါတလေ ကျောင်းကပိုတဲ့ ထမင်းကျန်ဟင်းကျန်လေးတွေကို အိမ်ကို ပြေးပေးရင်း မိသားစုကိုလည်း ကူညီနိုင်ခဲ့တယ်။ ထူးထူးခြားခြား ဆရာတော်ခိုင်းတာ တစ်ခုရှိတယ်။ ဗီရိုထဲကစာအုပ်တွေကိုထုတ်ပြီး နေ့တိုင်းလှမ်းရတယ်။ ဗီရိုထဲပြန်ထည့်ပြီး သိမ်းရတယ်။ အဲဒီအလုပ်ကို ဆရာတော်က ကျွန်တော့်တစ်ယောက်တည်းကိုပဲ ခိုင်းခဲ့တယ်။

စာဖတ်တာ ဝါသနာပါတဲ့သူပီပီ စာအုပ်တွေကိစ္စကို လုပ်နေရင်း ဟိုစာအုပ်လှန်ဖတ်၊ ဒီစာအုပ်လှန်ဖတ်ရင်းကနေ ကျောက်ကွင်းအရေးတော်ပုံစာအုပ်ကို ဖတ်မိတာပါပဲ။ ကြိုက်လွန်းတာကတစ်ကြောင်း ပိုပြီးမှတ်မိချင်တာကတစ်ကြောင်းဆိုတော့ ဘုန်းကြီးကျောင်းမှာနေရင်း သုံးကြိမ်လောက်အထိ ဖတ်ဖူးခဲ့တယ်။ ခရီးသွားဟန်လွဲဖတ်ရင်း သိပ်ကြိုက်ခဲ့ရတဲ့ စာအုပ်တစ်အုပ်ပါပဲ။

နောက်တော့ စာအုပ်ကိုကြိုက်လွန်းလို့ “ပန်စွန့်ပါဘုရား” လို့ ဆရာတော့်ကို လျှောက်လိုက်တယ်။ ဆရာတော်ကလည်း “ရှားပါးစာအုပ်မို့မစွန့်နိုင်ဘူး” လို့ ပြန်ပြောတယ်။ နောက်ဆုံးဘယ်လိုမှ တောင်းလို့မရတော့ ကျွန်တော်ကျောက်ကွင်း အရေးတော်ပုံစာအုပ်ကို ခိုးယူလာခဲ့တယ်။ ဆရာတော်က ရိပ်မိဟန်မရှိပါဘူး။ အသက် (၁၂) နှစ်အရွယ်မှာပဲ ပထမဦးဆုံးသူတစ်ပါး ဥစ္စာကို ခိုးယူမိခြင်းပါပဲ။ အဖေကတော့ ဖတ်ပြီးရင် ကျောင်းမှာ သွားပြန်ထားဖို့ ပြောပါတယ်။ သူများဥစ္စာကို သူများမသိအောင်ယူတယ်ဆိုတာ ခိုးမှုမြောက်ကြောင်း၊ ခိုးတယ်ဆိုတာ မကောင်းကြောင်း၊ ဒီဘဝမှာ ဒီလောက်စားရမဲ့မဲ့ သောက်ရမဲ့မဲ့ဖြစ်နေတာကို သူများဥစ္စာ ခိုးယူဦးမယ်ဆိုရင် သံသရာမကောင်းနိုင်ကြောင်း ဆုံးမပါတယ်။

ဆုံးမစကားတွေ ဘယ်လောက်ပြောပြော ကျွန်တော်ပြန်မထားခဲ့ပါဘူး။ ပြန်ထားလိုက်တဲ့ပုံစံနဲ့ အဖေမသိအောင် ကျွန်တော်သိမ်းထားလိုက်တယ်။ သူ တစ်ပါးဆီက ခိုးယူထားလို့လားမသိဘူး နာဂစ်ဖြစ်တဲ့အထဲ အဲ့ဒီစာအုပ်လည်း ပါသွားခဲ့ပါတယ်။ “မင်းကျောက်ကွင်းအရေးတော်ပုံကြီးရောကွ” လို့ အဖေမေးတော့ ကောင်းမွန်တဲ့ တုံ့ပြန်အဖြေ ကျွန်တော့်နှုတ်ဖျားဆီကပ်မလာခဲ့ဘူး။ ကျွန်တော် ကြောင်အမ်းအမ်းဖြစ်နေခဲ့တယ်။ ဒီစာအုပ်ကို ငါပြန်မပို့တာ အဖေသိနေပါလားဆိုတဲ့ အတွေးကြောင့် အဖေ့စကားကို နားမထောင်မိလို့ အဖေ့ကိုလည်း အားနာသွားရပါတယ်။

ပထမတစ်ခေါက် တိုးပြီးယူတယ်။ ညီလေးကိုလည်း မကြည့်ရဲသလို ဝေပေးနေတဲ့ လူကိုလည်း မကြည့်ရဲပါဘူး။ လက်တွေခြေတွေ တုန်တုန်ယင်ယင်နဲ့ပါပဲ။ ဒုတိယတစ်ခေါက် တိုးယူတယ်။ လက်တုန်နေပါသေးတယ်။ ခြေထောက်တော့ မတုန်တော့ပါဘူး။ တတိယတစ်ခေါက် အေးဆေးပါပဲ။ ကျွန်တော် ဘာမှမဖြစ်တော့ပါဘူး။ စတုတ္ထတစ်ခေါက် ကျွန်တော်အရှက်မရှိတော့ပါဘူး။ လေလေးတောင်ချွန်လိုက်သေးတယ်။ အေးအေးဆေးဆေးကို ယူလိုက်နိုင်ပါတယ်။ မကောင်းမှုအရေထူသွားတဲ့ ကျွန်တော်ပါပဲ။

ကျွန်တော့်အသက် (၁၉) နှစ်။

နာဂစ်ဖြစ်တာ နှစ်ပတ်လောက်ရှိနေပြီဆိုပေမယ့် ကျွန်တော်တို့ရွာကို ဘယ်ဝေခြမ်းရေးအဖွဲ့တွေမှ ရောက်မလာသေးပါဘူး။ စားစရာဆန်မရှိ၊ သောက်စရာရေမရှိ၊ နေစရာအိမ်မရှိကြဘဲ လူတွေဖြစ်သလို နေထိုင်စားသောက်နေခဲ့ကြရပါတယ်။ နောက်ရက်အနည်းငယ်အကြာမှာတော့ ကျွန်တော်တို့ ရွာနဲ့မလှမ်းမကမ်းနားက ရွာကို အလှူရှင်တွေ ရောက်လာတယ်ဆိုတဲ့ အသံကြားပါတယ်။ ပြီးတော့ အနီးနားက ရွာတွေကိုလည်း ဝေခြမ်းပေးမယ်ဆိုတော့ ကျွန်တော်တို့ ညီအကိုနှစ်ယောက်နဲ့ ရွာသားတွေဝေမယ့် ရွာကိုသွားခဲ့ကြပါတယ်။ အလှူရှင်တွေ ဝေပေးဖို့ ပါလာတဲ့ပစ္စည်းတွေကို အဲ့ဒီရွာကလူကြီးအိမ်ကို ထမ်းတင်ပေးကြတယ်။ ကိုးနာရီထိုးမှ ဝေပေးမယ်တဲ့။ အချိန်တစ်နာရီလောက်လိုသေးပေမယ့် ကျွန်တော်တို့ရွာ လူကြီး အိမ်ရှေ့မှာပဲ ထိုင်စောင့်နေကြတယ်။

အချိန်ကျလို့ ပစ္စည်းဝေမယ်လုပ်တော့ လူတွေအလုအယက် နေရာယူကြတယ်။ တန်းစီကြတယ်။ ကျွန်တော့်ရှေ့မှာ လူ (၁၅) ယောက်လောက်၊ ကျွန်တော့်အနောက်မှာက ကျွန်တော့်ညီလေး။ အရှေ့ကလူတွေ ပြီးသွားတော့ ကျွန်တော့်အလှည့် ယူလိုက်တယ်။ ပစ္စည်းပေးပြီး ကျွန်တော့်လက်ကို မာကာမှင်နဲ့တစ်ယောက်က ခြစ်တယ်။ နောက်ဝင်လာမှာ စိုးလို့နေမှာပေါ့။ ပြီးတော့ ကျွန်တော့်ညီ ယူလိုက်တယ်။ အဲ့ဒီနောက် လူတန်းနဲ့ခပ်ဝေးဝေးလေးမှာသွားပြီး ရတဲ့ဝေစုတွေကို ဖြေကြည့်လိုက်တယ်။ ဆန်ကနို့ဆီဗူးနှစ်လုံး၊ ဆီလေးနည်းနည်း၊ ဆေးလိပ်၊ ဆေး၊ အသားတု၊ ကြက်သွန်၊ ငရုတ်တောင့်စတဲ့ အတိုအစလေးတွေ နည်းနည်းပါတယ်။ ကျွန်တော် အင်မတန်စိတ်ပျက်သွားမိပါတယ်။ မိသားစုကရှိတာ ကိုးယောက်။ ညီအစ်ကိုနှစ်ယောက်ပေါင်းမှ ရတဲ့ဆန်က နို့ဆီဗူးလေးလုံး။ ဘယ်လိုမှ မလောက်ပါဘူး။

ကျွန်တော့်မျက်နှာကိုကြည့်ပြီး သဘောပေါက်တဲ့ ညီလေးက ကျွန်တော့် လက်ကိုဆွဲပြီး ခေါ်သွားတယ်။ ကျွန်တော် ကားယားကားယားနဲ့ ဘုမသိဘမသိ ပါသွားတယ်။ လူတန်းကြီးနားရောက်မှ ကျွန်တော် သဘောပေါက်သွားတော့တယ်။ နောက်တစ်ခါ ပြန်တိုးရမယ့်သဘော။ ဘဝမှာတစ်ခါမှ မလုပ်ဖူးတဲ့အလုပ်ပါ။ လက်မှာပေနေတဲ့ မာကာမှင်တွေကို ကျွန်တော်တံတွေးနဲ့ ပွတ်ပြီးဖျက်လိုက်တယ်။ ပထမတစ်ခေါက် တိုးပြီးယူတယ်။ ညီလေးကိုလည်း မကြည့်ရဲသလို ဝေပေးနေတဲ့ လူကိုလည်း မကြည့်ရဲပါဘူး။ လက်တွေခြေတွေ တုန်တုန်ယင်ယင်နဲ့ပါပဲ။ ဒုတိယတစ်ခေါက် တိုးယူတယ်။ လက်တုန်နေပါသေးတယ်။ ခြေထောက်တော့ မတုန်တော့ပါဘူး။ တတိယတစ်ခေါက် အေးဆေးပါပဲ။ ကျွန်တော် ဘာမှမဖြစ်တော့ပါဘူး။ စတုတ္ထတစ်ခေါက် ကျွန်တော်အရှက်မရှိတော့ပါဘူး။ လေလေးတောင်ချွန်လိုက်သေးတယ်။ အေးအေးဆေးဆေးကို ယူလိုက်နိုင်ပါတယ်။ မကောင်းမှုအရေထူသွားတဲ့ ကျွန်တော်ပါပဲ။

ဒီလိုနဲ့ကျွန်တော်တို့ ညီကိုနှစ်ယောက် ရှစ်ကြိမ်အထိ အရှက်တရားကင်းမဲ့စွာ တိုးယူခဲ့ပါတယ်။ မာကာမှင်ပေတာကို ဖျက်ရပါများတော့ မဲနေတဲ့ အသားပေါ်မှာတောင် အရေခွံကွာပြီး သွေးခြေဥလာတဲ့အထိပါပဲ။ အိမ်မှာလည်း သုံးလေးရက်စာ ဖူဖူလုံလုံစားနိုင်ခဲ့ပါတယ်။ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်ထဲက ကျွန်ယုံနန္ဒဇာတ်မှာလို နန္ဒက ရွှေအိုးမြှုပ်ထားတဲ့ တောင်ကုန်းပေါ်ခြေချ မိရုံရှိသေး သူ့သခင်ကို ပြန်ဟောက်သလို သုံးလေးရက်စာ စားနပ်ရိက္ခာက ကျွန်တော့်ကို မာန်တက်စေပါတယ်။ ဒါပေမဲ့ ရွာသားတချို့ ဝေခြမ်းရေးမလောက်လို့ ပစ္စည်းမရကြဘူးဆိုတဲ့ သတင်းကြားတော့စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ အနည်းငယ် စိတ်မကောင်းဖြစ်ရုံလောက်ပါပဲ။ မပြောင်းလဲခဲ့ပါဘူး။

အခုကျွန်တော့်အသက် ၂၉ နှစ်။

စာဖတ်တာတွေများလာတော့ မကောင်းမှုကို ရှောင်နိုင်လာခဲ့တယ်။ ကျောက်ကွင်းအရေးတော်ပုံစာအုပ်ကို ဘုန်းကြီးကျောင်းက ခိုးယူလာခဲ့တာ၊ ဝေခြမ်းရေးပစ္စည်းတွေကို အကြိမ်ကြိမ်တိုးယူခဲ့တာတွေကိုလည်း ပြန်ပြောင်းနောင်တရမိခဲ့ပါတယ်။ သူများသဒ္ဒါလို့ပေးတာ တစ်ကြိမ်ဆိုရင် ကိုယ့်အခွင့်အရေးကိုယူတာ။ ရှစ်ကြိမ်အထိဆိုတော့ သူတပါးအခွင့်အရေးကို ကျွန်တော် ဝင်ရောက်စွက်ဖက်တာပါ။ ကြီးမားတဲ့ ကျူးလွန်မှုပါပဲ။ အခုချိန်မှာ သိပ်ကိုရှက်မိပါတယ်။ မကောင်းတဲ့အကျင့်တွေနဲ့ လက်တွဲဖြုတ်တဲ့နေရာမှာ ဘာအကြောင်းပြချက်မှ မလိုလောက်ပါဘူး။ နောက်နောင် ဘယ်လိုမကောင်းတဲ့ အမှုအကျင့်မျိုးကိုမှမလုပ်ဖို့ ကိုယ့်ကိုယ်ကိုကတိပေးရင်း ကိုယ့်အထုတ်ကိုယ် ဖြေပြလိုက်ပါတယ်။ ကျွန်တော့်ဘဝမှာ အဲ့ဒီလို အညှီအဟောက်နဲ့ နှစ်ကြိမ်တိုင်တိုင် အိပ်စက်ခဲ့ဖူးပါတယ်။

ညီဆောင်းဦး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.