အဖြည့်ခံ
အဖြည့်ခံ
****************
စားပွဲတစ်ခု ခင်းလျှင်မှုကား
မြိန်ယှက်ခံတွင်း ပြည့်စေခြင်းငှာ
ချိုချဉ်ငန်စပ် စုံလင်ဖွယ်ရာ
ပြုလုပ်စီမံ ရပေသည်…
ဘဝဇာတ်ခုံ လူဘုံ၌လည်း
သူရယ်မင်းသား ငါလူကြမ်းဟု
ကြမ္မာသတ်မှတ် တံဆိပ်ခတ်မူ
ငြင်းကာမရ မကချင်လည်း
ကျရာကဏ္ဍ ကျင်လည်ရသည်…
အမယ်စုံညီ ထမင်းဝိုင်းဝယ်
ကြက်သားဆီပြန် ဝက်သနီသား
သူငါကြိုက်တွေ့ သုံးဆောင်နည်းကား
ဝန်းကျင်ပတ်ရံ လူဗိုလ်၌ပါ
ဇာတ်လိုက်ကိုသာ နှစ်သက်ကြသည်…
ငါးပိအတို့ ဟင်းအရံမှာ
နှုတ်မြိန်သော်လည်း ပွဲလယ်မတင့်
မထည်ဝါလို လူမုန်းချဉ်ဖတ်
လိုသုံး ငါအား မရှိသုံးပြီး
မလိုသောအခါ ဘေးကျဉ်ထားသည်…
ဗီလိန်ဖြစ်လည်း ပတ်မ မဖောက်
နာကျင်ပြုံးလျက် ခေါင်းငုံ့မျက်ရည်
ဆိတ်လျက်သုတ်ကာ သင်တို့မလို
အနှိမ်ခံအား သက်မချလျက်
ကျေနပ်စွာနှင့် ပုံဖော်ဆောင်သည်…
အားငယ်မျက်ဝန်း နွမ်းလျစိတ်အင်
ပေါင်းစပ်နှောကာ ရှုံ့ချပယ်ခံ
အကျွန်ုပ်မှ ငါ့နေရာမှာ
ငါ့လိုခံစား မဖြစ်စေဟု
မှန်းကာဆုရည် တောင်းဆုပြုသည်။ ။
ရွှေတိုင်သူ