တတိယလိင်၏ သမိုင်းကြောင်းများကို လေ့လာခြင်း

တတိယလိင်နှင့်ဆိုင်တဲ့ အကြောင်းအရာတွေဟာ အေဒီ (၁၇၀၀) လောက်မှာ အင်္ဂလန်နိုင်ငံက စပြီး ပေါ်ပေါက်လာတယ်လို့ စာရေးဆရာတွေက ပြောဆိုကြပါတယ်။ စာရေးဆရာတွေရဲ့ အဆိုအရ ကနွဲ့ကလျနေတဲ့ အမျိုးသားတွေဟာ လူ့အဖွဲ့အစည်းက လက်ခံထာားပြီးဖြစ်တဲ့ ယဉ်ကျေးမှုပုံစံတွေနဲ့ မတူတဲ့ ပုံစံအခွဲတစ်ခုအဖြစ် နေထိုင်မှုပုံစံတွေ ရှိလာရာကနေ စတင်ခဲ့တယ်လို့ ဆိုပါတယ်။ ဥရောပနိုင်ငံကာ စာရေးဆရာ Karl Heinrich Ulrichs ရဲ့ ၁၈၆၀ ခုနှစ်လောက်က အရေးအသားတွေမှာ ကနွဲ့ကလျနေတဲ့ အမျိုးသားတွေနဲ့ လိင်တူချင်း နှစ်သက်တဲ့ အမျိုးသားတွေကို တတိယလိင်အဖြစ် ညွှန်းဆိုဖော်ပြနေပြီ ဖြစ်ပါတယ်။ ၁၉ ရာစုနှောင်းပိုင်းမှာတော့ Magnus Hirschfeld, John Addington Symonds, Edward Carpenter, Aimee Duc စတဲ့ စာရေးဆရာတွေကပါ တတိယလိင်အကြောင်းကို ရေးသားဖော်ပြလာကြပါတယ်။ ဒီစာရေးဆရာတွေဟာ သူတို့ကိုယ်တိုင်နဲ့ တတိယလိင်အဖြစ် ညွှန်းဆိုချင်သူတွေကို ပြောင်းပြန်ဖြစ်တည်မှုဝါဒ (သို့) လိင်သဘာဝအရ ကြားနေသူများအဖြစ် ဖော်ပြရေးသားခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ အရေးအသားတွေဟာ လူမှုရေးအရ လက်မခံနိုင်သူတွေရဲ့ ဝေဖန်ခံမှုတွေကို ခံခဲ့ကြရပါတယ်။

ဂျာမနီနိုင်ငံက Whilhemine မှာ တတိယလိင် (drittes Geschlecht)၊ အမျိုးသား-အမျိုးသမီး (Mannweib) စတဲ့ အသုံးအနှုန်းတွေကို မဝါဒီ (feminists) အဖြစ် ညွှန်းဆိုဖော်ပြချင်တဲ့အခါ သုံးခဲ့ကြတာဖြစ်ပါတယ်။ ၁၈၉၉ ခုနှစ်မှာ စာရေးဆရာ Ernst Ludwig von Wolzogen ရဲ့ Das dritte Geschlecht (တတိယလိင်) ဆိုတဲ့ ၀တ္ထုတစ်ပုဒ်မှာ မဝါဒီ (feminists) တွေကို အပြင်ပန်းသဏ္ဍာန်အရ မိန်းမပုံ နပုလ္လိင်အဖြစ် ရေးသားခဲ့ပါတယ်။

၂၀ရာစုကို ကျော်လာချိန်မှာတော့ တတိယလိင် (third sex) ဆိုတဲ့ အသုံးအနှုန်းဟာ လိင်တူချစ်သူတွေနဲ့ ဂျန်ဒါမျှတအောင် ဆောင်ရွက်သူတွေကြားမှာ ရေပန်းစားတဲ့ အသုံးအနှုန်း ဖြစ်လာပါတယ်။ သို့သော်လည်း ၁၉၇၀ နှောင်းပိုင်းမှာ လိင်စိတ်တိမ်းညွှတ်မှုနှင့် ဂျန်ဒါလက္ခဏာစတဲ့ အယူအဆတွေ ကြီးထွားလာချိန်မှာ တတိယလိင်ဆိုတဲ့ အသုံးအနှုန်းဟာ မှေးမှိန်ခဲ့ပါသေးတယ်။ လိင်ပြောင်းလဲနေထိုင်သူတွေရဲ့ လှုပ်ရှားမှုတွေနဲ့ Queer Theory တွေ ပေါ်ထွက်လာအပြီးမှာ ခေတ်ပြိုင် အနောက်တိုင်း ယဉ်ကျေးမှုတွေကြားက အချို့သူတွေဟာ သူတို့ကိုယ်သူတို့ တတိယလိင်အဖြစ် ပြန်လည်ဖော်ပြရာက ပြန်လည်လူသိများလာခဲ့ပြန်ပါတယ်။ လူသိများ ထင်ရှားခဲ့တဲ့ လူမှုလှုပ်ရှားမှုတစ်ခုကတော့ အမျိုးသားခန္ဓာကိုယ်နဲ့ လူတစ်စုက ယောကျ်ားမဟုတ်၊ မိန်းမမဟုတ် (Radical Faeries) သူများအဖြစ် ပါ၀င်ခဲ့တဲ့ လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ pangender, bigender, genderqueer, androgyne, intergender စတဲ့ အသုံးအနှုန်းတွေဟာလည်း third gender လို အသုံးပြုခဲ့ကြတာတွေကို အနောက်တိုင်းစာပေတွေမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

မက်ဆိုပိုတေးမီးယား

ဘီစီ (၂၀၀၀) စုလောက်က ကဗျည်းထိုးထားတဲ့ ကျောက်ပြားတစ်ခုမှာ အမျိုးသား၊ အမျိုးသမီး မဟုတ်တဲ့ လူပုံစံတစ်ခုကို ဒဏ္ဍာရီတစ်ခုလို ရေးထိုးဖော်ပြခဲ့တာ ရှိပါတယ်။

အစောပိုင်း လူမျိုးတွေအကြောင်း မှတ်တမ်းတင်ထားတဲ့ မက်ဆိုပိုတေးမီးယားလူမျိုးတွေရဲ့ ဒဏ္ဍာရီမှာ အမျိုးသားမဟုတ်၊ အမျိုးသမီးမဟုတ်သော လူမျိုးတွေအကြောင်းကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဘီစီ (၂၀၀၀) စုလောက်က ကဗျည်းထိုးထားတဲ့ ကျောက်ပြားမှာ ဖော်ပြထားတဲ့ ဒဏ္ဍာရီအရတော့ Ninmah ဆိုတဲ့ နတ်သမီးက Enki ဆိုတဲ့ လူသားတစ်ဦးကို လူ့အသိုင်းအဝိုင်းထဲမှာ ဘုရင်ဆိုတာ မပေါ်ပေါက်သေးခင်မှာ ယောကျ်ားမဟုတ်၊ မိန်းမမဟုတ် လူတစ်ဦးအဖြစ် ပုံသွင်းခဲ့တယ်လို့ ဆိုပါတယ်။ Atra-Hasis (1700 BC) ရဲ့ Akkadian ဒဏ္ဍာရီမှာတော့ Enki က (လူသား) မွေးဖွားခြင်းကို စီမံနိုင်တဲ့ နတ်သမီးဖြစ်တဲ့ Nintu ကို ကမ္ဘာကြီးထဲမှာ ယောကျ်ား၊ မိန်းမအပြင် တတိယအမျိုးအစားတစ်ခုကို မွေးဖွားစေဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။ ကလေးငယ်တွေကို ခိုးယူတတ်တဲ့ မကောင်းဆိုးရွားတွေ၊ ကလေးမရနိုင်တဲ့ အမျိုးသမီးတွေ၊ ကလေးမွေးစားဖို့ တားမြစ်ပိတ်ပင်တဲ့ ဘာသာရေး ခေါင်းဆောင်တွေအပြင် တတိယလိင်အမျိုးအစားကို ဖန်တီးဖို့ ညွှန်ကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဘေဘီလိုနီးယား၊ ဆူမားနဲ့ အက်စိုင်ရီးယားတွေမှာ ကောင်းကင်ဘုံနဲ့ နတ်သမီး (Inanna) ရဲ့ ဘာသာရေးဆိုင်ရာ တာဝန်ယူရသူများကို တတိယလိင်အဖြစ် ဖော်ပြခဲ့ကြပါတယ်။ သူတို့တွေ (တတိယလိင်) တွေဟာ မြင့်မြတ်တဲ့ ပြည့်တန်ဆာတွေအဖြစ် အလုပ်လုပ်ကြပြီး လူအများ စိတ်ပျော်ရွှင်ရအောင် အဆို၊ အက၊ အတီးများနဲ့ ဖျော်ဖြေကြပါတယ်။ ဖျော်ဖြေတင်ဆက်တဲ့အခါမှာ မျက်နှာကို မျက်နှာဖုံးအုပ်ပြီး အမျိုးသားပုံစံ၊ အမျိုးသမီးပုံစံ နှစ်ခုလုံးပါအောင် ၀တ်ဆင်ကြပါတယ်။

အီဂျစ်

အီဂျစ်တွေရဲ့ အလယ်ဘုရင်ခေတ် (2000-1800 BCE) လောက်မှာ ရှေးကျတဲ့ အီဂျစ်လူမျိုးတွေမှာ တွေ့ရှိရတဲ့ စာသားပါ အိုးခြမ်းအပဲ့တွေမှာ လူတွေကို လိင်အမျိုးအစား (၃)မျိုး ဖော်ပြထားကြပါတယ်။ အမျိုးသား (tai)၊ အမျိုးသမီး (hmt) နဲ့ sht (sekhet) ဆိုပြီး ဖြစ်ပါတယ်။ Sekhet ကိုတော့ ရှေးဘုရင့်နန်းတွင်းထဲက သင်းကွပ်ထားတဲ့ မိန်းမစိုးတွေအဖြစ်ပဲ ဘာသာပြန်ထားကြတာ ဖြစ်ပါတယ်။

အိန္ဒိယယဉ်ကျေးမှု

ဟိန္ဒူဘုရား ရှီဗာ (Shiva) ဟာ အမျိုးသား၊ အမျိုးသမီး သဘာဝ နှစ်မျိုးစလုံးကို ကိုယ်စားပြုထားပါတယ်။ ယေဘုယျအားဖြင့် ညာဘက်အခြမ်းသည် အမျိုးသားဖြစ်ပြီး ဘယ်ဘက်အခြမ်းသည် အမျိုးသမီး ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ရှေးကျတဲ့ မိရိုးဖလာ ယုံကြည်ကိုးကွယ်မှုနဲ့ ပတ်သက်တဲ့ ကျမ်းတွေမှာ တတိယလိင်အကြောင်းအရာများကို တွေ့နိုင်ပါတယ်။ Vedas (c. 1500 BC – 500 BC) မှာ လူသားတွေဟာ သဘောသဘာဝအားဖြင့် သုံးမျိုးရှိတယ်လို့ ဆိုပါတယ်။ အမျိုးသားသဘာဝ (pums-prakrti)၊ အမျိုးသမီးသဘာဝ (stri-prakrti) နှင့် တတိယသဘာဝ (tritiya-prakrti) တွေ ဖြစ်ပါတယ်။

တတိယလိင်အကြောင်းကို ရှေးဟိန္ဒူဥပဒေကျမ်း၊ ဆေးပညာ၊ ဘာသာဗေဒပညာနဲ့ ဗေဒင်ပညာရပ်တွေမှာ ဆွေးနွေးဖော်ပြကြတာတွေ ရှိပါတယ်။

ဟိန္ဒူဥပဒေဖြစ်တဲ့ Manu Smriti (c. 200 BC – 200 AD) မှာ လိင်သုံးမျိုးရဲ့ ဇီဝအစ ဖြစ်တည်ပုံကို အခုလို ရှင်းပြထားပါတယ်။ ကလေးတစ်ယောက်ရဲ့ ဇီဝဖြစ်တည်မှုအစမှာ အမျိုးသားဗီဇများရင် ယောကျ်ားလေးဖြစ်လာပြီး၊ အမျိုးသမီးဗီဇပျံ့နှံ့မှုများရင် မိန်းကလေး ဖြစ်လာပါတယ်။ နှစ်ခုလုံး တူညီနေမယ်ဆိုရင်တော့ တကယ်လို့ ဗီဇတစ်ခုခု ချို့ယွင်းရင်တော့ သန္ဓေသားဟာ ပျက်စီးမှာ ဖြစ်ပါတယ်။
အိန္ဒိယဘာသာဗေဒပညာရှင် Patanjali ရဲ့ အဆိုအရ အစောပိုင်း Tamil သဒ္ဒါဖြစ်တဲ့ Tolkappiyam (3rd century BC) မှာ နပုလ္လိင် (Hermaphrodites) စကားလုံးဟာ တတိယလိင်ကို ညွှန်းဆိုတယ်လို့ ဆိုပါတယ်။ အိန္ဒိယရှေးဗေဒင်ပညာမှာတော့ ဂြိုလ်ကြီးကိုးလုံးဟာ လိင်သုံးမျိုးအတွက် ကိုယ်စားပြု တာဝန်ကျနေတယ်လို့ ဆိုပါတယ်။ တတိယလိင် (tritiya-prakrt) အတွက် မာကျူရီဂြိုလ်၊ စေတန်ဂြိုလ်၊ Ketu ဂြိုလ်တို့ဟာ ဆက်နွယ်လျက် ရှိပါတယ်။ ထင်ရှားကျော်ကြားတဲ့ ဂန္ထဝင်ဇာတ်တော်ကြီးဖြစ်တဲ့ ရာမယဏဇာတ်တော်ကြီးမှာ တတိယလိင်တွေဟာ ရှေးအိန္ဒိယ လူ့အသိုင်းအဝိုင်းထဲမှာ ရှိနှင့်ပြီးသားဆိုတာကို ဖော်ပြနေပါတယ်။ ရာမယဏဇာတ်တော်ကြီးကို ပုံစံအမျိုးမျိုးနဲ့ ပုံဖော်ကြရာမှာ ပုံစံတစ်ခုမှာတော့ တတိယလိင်နဲ့ ပတ်သက်ပြီး ခုလိုတွေ့ရပါတယ်။ ဇာတ်လမ်းရဲ့ တစ်နေရာမှာ မင်းသားရာမဟာ တောအုပ်ထဲမှာ ပြည်နှင်ဒဏ်ခံရပါတယ်။ လမ်းခရီးတစ်ဝက်အရောက်မှာ အယုဒယမြို့က မင်းသားကို ချစ်တဲ့သူတွေ အများစုဟာ မင်းသားနောက်ကို လိုက်လာနေကြတာ တွေ့ရပါတယ်။ အဲဒီအခါ ရာမမင်းသားဟာ အမျိုးသားတို့ အမျိုးသမီးတို့ ပြန်လှည့်ကြပါလို့ ပြောပါတယ်။ ဒီအခါမှာ တတိယလိင် (ယောကျ်ားမဟုတ်၊ မိန်းမမဟုတ်) တွေဟာ ဘာလုပ်ရမှန်းမသိ ဖြစ်ကြတယ်လို့ ဖော်ပြပါတယ်။ ဒီဖော်ပြချက်အရ ရှေးလူမှုအသိုင်းအဝိုင်းထဲမှာ တတိယလိင်တွေ ရှိနှင့်ပြီး ဖြစ်တယ်ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓရဲ့ ဟောကြားချက်တွေမှာတော့ လိင်အမျိုးအစား လေးမျိုးလို့ ဆိုပါတယ်။ အမျိုးသား၊ အမျိုးသမီး၊ လိင်သဘာဝ နှစ်မျိုးလုံးရှိသူ (ubhatobyanjanaka) နဲ့ အမျိုးသားလိင်သဘာဝ အားနည်းသူ (pandaka) ဆိုပြီး ခွဲခြားပါတယ်။

အနောက်တိုင်းနဲ့ ကွာခြားတာကတော့ အနောက်နိုင်ငံမှာ အမျိုးသားတစ်ယောက်ကို ပါးစပ်နဲ့ဖြစ်စေ၊ စအိုနဲ့ဖြစ်စေ ဆက်ဆံရင် တတိယလိင်လို့ ပြောကြပါတယ်။

မြေထဲပင်လယ်ဒေသ ယဉ်ကျေးမှု

ဘီစီ (၄) ရာစုလောက်မှာ ပလေတို ရေးသားခဲ့တဲ့ ပျော်ပွဲဆိုတဲ့ စာမှာ လိင်အမျိုးအစား သုံးမျိုးကို ဖော်ပြထားပါတယ်။ ယောကျ်ား၊ မိန်းမနှင့် လိင်နှစ်မျိုးပါသူ (androgynous) ဆိုပြီး ဖြစ်ပါတယ်။ Androdynous တွေဟာ နတ်ဘုရား Zeus ရဲ့ တစ်ဝက်ခွဲခြားမှုကို ခံရပြီး ခန္ဓာကိုယ်တစ်ခုစီဖြစ်ပြီး ကွဲကွာကြရပါတယ်။ ကွဲကွာနေတဲ့ ခန္ဓာကိုယ်တွေဟာ ပြန်လည်တွေ့တဲ့အခါ ၀မ်းသာအားရ ပွေ့ဖက်ကြပါတယ်။ ဒီလို ပြန်လည်တွေ့ဆုံကြရာက ယခုခေတ် လူ့အဖွဲ့အစည်းမှာ ရှိနေတဲ့ ယောကျ်ားနဲ့ မိန်းမ ချစ်ခြင်းတွေ ဖြစ်လာတယ်လို့ ဒဏ္ဍာရီတွေမှာ ဆိုပါတယ်။

ရှေး အရှေ့မြေထဲ ပင်လယ်ဒေသက မိန်းမစိုးတွေဟာ တတိယလိင်အဖြစ် လူအများစုရဲ့ ဖော်ပြသတ်မှတ်ခြင်းကို ခံခဲ့ရပါတယ်။ ပုဂ္ဂိုလ်တော်တော်များများက ဟီဗရူးကျမ်းစာထဲက မိန်းမစိုးတွေကို ယခုခေတ်မှာ ပြောကြသလို အားနွဲ့ပျော့ညံ့တဲ့ ယောကျ်ားတွေလို့ နားလည်ရမယ့်အစား တတိယလိင်တွေအဖြစ် ခေတ်အခါအလိုက် နားလည်ခဲ့ကြတာလို့ ငြင်းခုန်တာတွေလည်း ရှိပါတယ်။

အစ္စရေး
အစ္စရေးယဉ်ကျေးမှု စာပေတွေမှာတော့ လိင်အမျိုးအစား (၆)မျိုးကို ဖော်ပြပါတယ်။
၁။ ယောကျ်ား (Zachar)
၂။ မိန်းမ (Nekeveh)
၃။ ကျား၊ မ အင်္ဂါ နှစ်ခုလုံးပါသူ (Androgynos)
၄။ လိင်အင်္ဂါမသဲကွဲသူ (Tumtum)
၅။ မြုံနေသောမိန်းမ (ကလေးမရနိုင်သောမိန်းမ) (Aylonit)
၆။ လိင်ပြောင်းလဲသူ (ယောကျ်ားမှ မိန်းမသို့) သို့မဟုတ် သင်းကွပ်ထားသူ (Saris)

အမေရိက (မီဆိုအမေရိက)

သမိုင်းဆရာ Mattew Looper ရဲ့ အဆိုအရ ရှေးမာယာ လူနေမှု အသိုင်းအဝိုင်းတွေထဲမှာ တတိယလိင်ကို အသိအမှတ်ပြုပြီးသား ဖြစ်တယ်လို့ သိရပါတယ်။

မနုဿဗေဒပညာရှင်လည်းဖြစ်၊ ရှေးဟောင်းသုတေသီတစ်ဦးလည်း ဖြစ်သူ Miranda Stockett က စာရေးသူတော်တော်များများဟာ မီဆိုအမေရိကရဲ့ ယဉ်ကျေးမှုကို ဆွေးနွေးသုံးသပ်ကြတဲ့အခါ လက်ရှိ လူမှုအသိုင်းအဝန်းက လိင်နှစ်မျိုး (ကျား၊မ) အပြင် အခြားလိင်အမျိုးအစား အကြောင်းအရာပါ ထည့်သွင်းဆွေးနွေးကြဖို့ လိုအပ်တယ်ဆိုတာ သိခဲ့ကြပါတယ်လို့ ဆိုပါတယ်။

မနုဿဗေဒပညာရှင် Rosemary Joyce က ရှေးစပိန်မျိုးနွယ်စုတွေ မီဆိုအမေရိကကို ရောက်မလာခင်က ဂျန်ဒါဆိုတာက တသမတ်တည်း ငြိမ်သက်နေတဲ့ အမျိုးအစားမဟုတ်ဘဲ အရည်တစ်ခုလို လှုပ်ရှားမှု (ပြောင်းလဲမှု) ရှိတဲ့ အရာဖြစ်တယ်လို့ ဆိုပါတယ်။
မာယာလူမျိုးတွေရဲ့ ခေတ်အကောင်းဆုံးကာလမှာ သူတို့တွေဟာ လိင်အမျိုးအစားအားလုံးကို လွှမ်းခြံုဖော်ပြနိုင်တဲ့ ၀တ်ဆင်မှုမျိုးကို ၀တ်ဆင်ခဲ့ကြပါတယ်။ အမျိုးသား၊ အမျိုးသမီး သီးခြားခွဲခြားပြဖို့ ခက်ခဲတဲ့ ရောစပ်အဝတ်အစားမျိုးတွေကို ၀တ်ဆင်ပြီး နိုင်ငံ့အခမ်းအနားတွေမှာ ၀တ်ဆင်ဖျော်ဖြေကြပါတယ်။ Joyce ထပ်ပြောတာက မီဆိုအမေရိကတွေရဲ့ အနုပညာသွင်ပြင်တော်တော်များများမှာ အမျိုးသားအင်္ဂါနဲ့ အမျိုးသမီးရင်သားပုံတွေများပြီး တချို့မှာတော့ ရင်ဘတ်နဲ့ ခါးပိုင်းကို ဖော်ပြပေမယ့် လိင်ပိုင်းကို ဖော်ပြမထားတဲ့ လက်ရာတွေကတော့ ဒွိဟဖြစ်ဖွယ် လိင်အမျိုးအစား (သို့) တတိယလိင်လို့ ဆိုရမှာ ဖြစ်ပါတယ်လို့ ရေးသားခဲ့ပါတယ်။

အင်ကာ

အန်ဒီယန်တွေကို လေ့လာသူ Michael Horswell ရဲ့ စာတမ်းထဲက ရေးသားဖော်ပြချက်မှာ စပိန်တွေရဲ့ ကိုလိုနီပြုခြင်း မခံရမီအချိန် အင်ကာဒဏ္ဍာရီထဲက chuqui chinchay နတ်ဘုရားကို ၀တ်ပြုဆုတောင်းကြတဲ့ တတိယလိင်တွေဟာ အန်ဒီယန်လူမျိုးတွေရဲ့ အခမ်းအနားတွေမှာ သိပ်ကို အရေးပါခဲ့ကြတယ်လို့ ဆိုပါတယ်။

သူတို့တွေ (တတိယလိင်) shamans တွေရဲ့ ၀တ်စားဆင်ယင်မှုဟာ ဖိုဝါဒ၊ မဝါဒကို ကြားနေတဲ့ သင်္ကေတ၊ အတိတ်နဲ့ ပစ္စုပ္ပန်ရဲ့ ကြားနေရာ၊ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းရဲ့ကြားက တတိယနေရာတစ်ခုကို ကိုယ်စားပြုတဲ့ သင်္ကေတဖြစ်တယ်လို့ Horsewell က ဆိုပါတယ်။
၁၉၉၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “လိင်နှင့်အောင်မြင်ခြင်း” စာအုပ်ထဲမှာ Richard Trexler က တတိယလိင်ရဲ့ အသွင်အပြင်တွေ အစဦး စပိန်တွေဆီမှာ ရောက်ရှိလာတာဟာ အင်ကာအင်ပါယာကဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်တော့ တတိယလိင်ဆိုတာ မျက်မှောက်ကာလ လူ့အသိုင်းအဝိုင်းမှာမှ ရှိလာတာမဟုတ်ဘဲ ရှေးယခင်ကတည်းက ကမ္ဘာ့နိုင်ငံနေရာ တော်တော်များများမှာ သမိုင်းကြောင်း အခိုင်အမာ ရှိခဲ့ပြီး ဖြစ်ပါတယ်။

ကမ္ဘာအရပ်ရပ်က မတူညီတဲ့ နေရာအသီးသီးမှာ ရှိကြတဲ့ တတိယလိင်တွေရဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတွေ အများအပြားဟာ ပျောက်ကွယ်နေပါတယ်။ ဒါကြောင့် သမိုင်းအကြောင်းအရာတွေထဲက တတိယလိင်တွေကို လက်လှမ်းမီရာ စာအုပ်တွေထဲက လူမှုရေး၊ ယဉ်ကျေးမှု အချက်အလက်တွေနဲ့ ရောနှောပြီး ဆောင်းပါးတစ်ပုဒ်အဖြစ် တင်ဆက်ခြင်းသာ ဖြစ်ပါတယ်။

၀ိုင်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.