အကျင့်ပျက်ပြားတဲ့ မဟာပုရိသ ယောက်ျားက ငါးပါးသီလလုံတဲ့ အခြောက်ကို အထင်သေးမယ်ဆိုရင်တော့ သဘာဝမကျဘူး

မကြာမီက ကျွန်တော့်ထံသို့ မေးခွန်းတစ်ခု ရောက်ရှိလာပါတယ်။ မေးခွန်းမေးသူကတော့ မိန်းမလျာ (အခြောက်) တစ်ယောက် ဖြစ်ပါတယ်။ ၎င်းမိန်းမလျာက ဂျာနယ်တွေ ဖတ်ရာကနေ သတင်းတစ်ပုဒ် ဖတ်ရပါတယ်။ ဘာလဲဆိုတော့ နိုင်ငံခြားတစ်ခုမှာ မိန်းမလျာ သွေးလှူခြင်းကို တားမြစ်ခြင်းဆိုတဲ့ ဥပဒေတစ်ရပ်ကို ဥပဒေပြုအမတ်တစ်ဦးက လွှတ်တော်သို့ တင်သွင်းရန် ရှိတယ်လို့ သတင်းအရ သိရပါတယ်။ ယခင်တုန်းကလည်း သတင်းတွေ ကြားခဲ့ရတာကတော့ လိင်တူချင်း လက်ထပ်ခြင်းကို တားမြစ်တဲ့ ဥပဒေကို သမ္မတက လက်မှတ်ထိုးတယ်တို့ ဘာတို့။ ကြားတုန်းကတော့ မျက်ရည်မကျခဲ့ပါဘူး။ ယခုအခါ သွေးလှူတာကို တားမြစ်တယ်ဆိုတော့ မျက်ရည်ကျမိတယ်။ ဒါပေမယ့် ဒါက သူများနိုင်ငံမှာ ဖြစ်တာဆိုပေမယ့် ဝမ်းနည်းမိတယ်။ ကျမတို့ကံကြမ္မာက ဒီလောက်တောင် ဆိုးဝါးနေပြီလား။ ကျမတို့ရဲ့ သွေနဲ့ အသက်ကယ်ခွင့် မရှိတော့ဘူးလားဆိုပြီး မေးခွန်းထုတ်ပါတယ်။ ဒီမေးခွန်းကို မေးရတာကတော့ သူဟာ လိင်ကိစ္စ အဆင်မပြေလို့ မေးတဲ့ မေးခွန်းမဟုတ်ပါဘူး။ ဒေါက်တာထွန်းဝင်းဟာ HIV ကာကွယ်ရေးနဲ့ မိန်းမလျာ၊ ပြည့်တန်ဆာစသူတွေကို စာနာတဲ့ ဆောင်းပါးတွေ ရေးတာ ဖတ်ဖူးလို့ ရင်ဖွင့်မေးခွန်းတစ်ခု ဖြစ်ပါတယ်။ ဆေးပညာရှုထောင့်ကရော မိန်းမလျာတို့ရဲ့ သွေးကို မလှူရဘူးလို့ အမြင်ရှိပါသလားဆိုပြီး မေးမြန်းလာပါတယ်။ အနှိမ်ခံဘဝ ပိုင်ရှင်တွေ ဘာဆက်လုပ်ရမလဲလို့လည်း ဆိုပါတယ်။

ဒီကိစ္စကို ဆွေးနွေးရရင် သွေးမလှူသင့်တဲ့သူတွေကို မလှူပါနဲ့လို့ အကြံပြုတာကတော့ B ပိုးရှိသူ၊ C ပိုးရှိသူ၊ HIV ပိုးရှိသူ၊ ဆစ်ဖလစ်ရောဂါရှိသူ၊ ငှက်ဖျားရောဂါရှိသူ၊ အသက် (၁၈)နှစ် မပြည့်သေးသူ၊ သက်ကြီးရွယ်အိုများ၊ သွေးအားနည်းရောဂါရှိသူများ၊ နာမကျန်းဖြစ်နေသူများ စသူတို့ သွေးမလှူသင့်ပါဘူး။ မိန်းမလျာတွေကို သွေးမလှူရဘူးရယ်လို့တော့ မဆိုထားပါဘူး။ မိန်းမလျာ မဟုတ်သူလည်း B ပိုးရှိရင် မလှူနဲ့ပေါ့။ မိန်းမလျာလည်း အထက်ပါ ရောဂါတွေ မရှိရင် လှူပေါ့။

သွေးလှူတယ်ဆိုတာ မွန်မြတ်ပါတယ်။ အန္တရာယ်ကင်းတဲ့ သွေးဆိုရင် ဘယ်သူ့ဆီက မဆို ဆေးဘက်ဝင်ပါတယ်။ စေတနာသုံးတန်နဲ့ သန့်ရှင်းတဲ့ သွေးလှူတာကို တားမြစ်မယ်ဆိုတာကတော့ ပြောရရင် ဒီလိုတားမြစ်တာ ကျွန်တော်နဲ့ သဘောထားချင်း မတိုက်ဆိုင်ပါဘူး။ ဒါပေမယ့် နိုင်ငံအသီးသီး၊ လူအမျိုးမျိုးမှာ မတူတဲ့ အယူအဆ အမျိုးမျိုးရှိတော့ မိန်းမလျာတွေကို အထင်သေးတဲ့ ကိစ္စတွေလည်း ရှိနေမှာပါပဲ။

အကျင့်ပျက်ပြားတဲ့ မဟာပုရိသ အတောင်နှစ်ဆယ်ဝတ် ယောက်ျားက ငါးပါးသီလလုံတဲ့ အခြောက်ကို အထင်သေးမယ်ဆိုရင်တော့ သဘာဝမကျဘူးလို့ ထင်ပါတယ်။

အနှိမ်ခံရတဲ့ ဘဝမှာ ဘာဆက်လုပ်ရမလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့တော့ ရှေးဦးစွာ ဘာဆက်လုပ်ရမလဲဆိုတဲ့ မပြောခင် အားပေးတဲ့ သတင်းပေးချင်တာ ရှိပါတယ်။ ဖွံ့ဖြိုးပြီး ထိပ်တန်း ဒီမိုကရေစီနိုင်ငံတစ်ချို့မှာတော့ လိင်တူချင်း လက်ထပ်ခွင့်ပြုလိုက်ပါပြီ။ ဒါ့အပြင် ဆရာဖတ်ရတဲ့ သတင်းတစ်ချို့မှာတော့ ရုရှားနိုင်ငံမှတော့ လိင်တူချင်း လက်ထပ်တာကို တားမြစ်တဲ့ ဥပဒေ ပြဌာန်းတယ်။ ဒါကို UK နိုင်ငံက မိန်းမလျာတွေက မကျေနပ်ဘူး။ သူတို့ရဲ့ တုံ့ပြန်ပုံက ဘယ်လိုလဲဆိုတော့ ရုရှားနိုင်ငံမှာ လုပ်တဲ့ အားကစားပွဲတော်ကို UK နိုင်ငံကို ကိုယ်စားပြုမယ့် အားကစားသမားတွေကို မလွှတ်ဖို့ UK ဝန်ကြီးချုပ်ကို ဖိအားပေးတယ်လို့ ဆိုပါတယ်။ နောက်တစ်ခုက ကမ္ဘာကျော် ထိပ်တန်းအားကစားသမားတစ်ဦးကို ရုရှားနိုင်ငံက ဂုဏ်ထူးဆောင်ဧည့်သည်အဖြစ် လာရောက်လည်ပတ်ရန် ဖိတ်တယ်။ ဒါပေမယ့် အဲဒီအားကစားသမားက လိင်တူဆက်ဆံသူဖြစ်နေကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံပြီး ရုရှားရဲ့ မိန်းမလျာတွေအပေါ်မှာ ကန့်သတ်တဲ့ ဥပဒေကို မကျေနပ်လို့ ရုရှားဖိတ်တာကို မသွားဘူးလို့ ဆိုပါတယ်။

ဒါကြောင့် အနှိမ်ခံရပါတယ်ဆိုတဲ့ မိန်းမလျာကလည်း သူ့နည်းသူ့ဟန်နဲ့တော့ တုံ့ပြန်မှု ရှိပါတယ်။

အနှိမ်ခံဘဝမှာ ဘာဆက်လုပ်ရမလဲလို့ဆိုရင် ဘာသာရေးရှုထောင့်ကနေ ဖြေရရင် မြင့်မြတ်အောင်နေပေါ့။ မြင့်မြတ်အောင် နေတယ်ဆိုတာက ငါးပါးသီလစောင့်တာကို ခေါ်တာပါ။ ပြီးတော့ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်နဲ့အညီ နေထိုင်ပေါ့။ အခြောက်မိန်းမလျာတွေက အထင်သေးစရာ မကောင်းပါဘူး။ အကျင့်ပျက်ပြားပြီး ငါးပါးသီလ မလုံတဲ့ ယောက်ျားစစ်စစ်၊ မိန်းမစစ်စစ်တွေကသာ အထင်သေးစရာ ကောင်းတာပေါ့။

အကျင့်ပျက်ပြားတဲ့ မဟာပုရိသ အတောင်နှစ်ဆယ်ဝတ် ယောက်ျားက ငါးပါးသီလလုံတဲ့ အခြောက်ကို အထင်သေးမယ်ဆိုရင်တော့ သဘာဝမကျဘူးလို့ ထင်ပါတယ်။ နောက်တစ်ခုက မိန်းမလျာတွေအနေနဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေးစွာနေမယ်ဆိုရင် အားငယ်စရာ၊ ဂုဏ်ငယ်စရာ မလိုပါဘူး။ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာမှာ မြတ်စွာဘုရားက လူမိုက်တို့ကို ရှောင်ကြဉ်ရာ၏လို့ ပေးခဲ့ပါတယ်။ မိန်းမလျာတို့ကို ရှောင်ကြဉ်ရာ၏လို့တော့ မဟောခဲ့ပါဘူး။ ဒါပေမယ့် မိန်းမလျာ လူမိုက်ဖြစ်နေရင်တော့ မကောင်းဘူး။ မိန်းမလျာဖြစ်လို့ မကောင်းတာ မဟုတ်ဘူး။ လူမိုက်ဖြစ်နေလို့ မကောင်းတာပါ။ ဒါကြောင့် အားငယ်စရာ မလိုပါဘူး။ ခံစားဝမ်းနည်းနေစရာ မလိုဘူးလို့ မိန်းမလျာအပေါင်းတို့ကို ဖြေကြားအားပေးလိုက်ပါတယ်။

ဒေါက်တာထွန်းဝင်း

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.