မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က ဂေးကလပ်လို့ ယူဆရတဲ့ ကလပ်တစ်ခုကို ရဲတွေက ညကြီးသန်းခေါင် ဝင်ရောက်စီးနင်းခဲ့

မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမှာ ဖွင့်လှစ်ထားတဲ့ ဂေးကလပ်လို့ ယူဆရတဲ့ ကလပ်တစ်ခုကို ရဲတွေက ညကြီး သန်းခေါင်အချိန်မှာ ဝင်ရောက်စီးနင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ကွာလာလမ်ပူမြို့ရဲ့ အရှေ့ဖက် ဂျလန်း စူလတန် အစ်မေးလ်မှာ ဖွင့်လှစ်ထားရှိတဲ့ Blue Boy ကလပ်ကို ဩဂုတ်လ (၁၈) ရက် ည မနက် (၁) နာရီခွဲမှာ ရဲတွေက ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်တယ်လို့ Berita Harian သတင်းစာမှာ ရေးသားထားပါတယ်။

အဆိုပါ ဝင်ရောက်စီးနင်းမှုကို တော်ဝင်မလေးရှားရဲတပ်ဖွဲ့ (PDRM)၊ ဖယ်ဒရယ် အစ္စလာမစ်ဘာသာရေးဌာန (JAWI)နဲ့ အမျိုးသားမူးယစ်တိုက်ဖျက်ရေး အေဂျင်စီ (AADK)တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Berita Harian မှာ ရေးသားဖော်ပြထားချက်အရ ဒီစီးနင်းဝင်ရောက်မှုဟာ နှစ် (၃၀)အတွင်း ပထမဦးဆုံးအကြိမ် ဖြစ်တယ်လို့ သိရပြီး ကလပ်အတွင်းသို့ ဝင်ရောက်စီးနင်းစဉ်မှာ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေအပါအဝင် လူပေါင်း (၁၀၀)ခန့် ရှိနေတယ်လို့လည်း သိရပါတယ်။

ကလပ်ဖွင့်ထားတဲ့ ဧရိယာဝန်းကျင်မှာ မူးယစ်ဆေးဝါး သုံးစွဲဖြန့်ဖြူးမှုတွေ ရှိနေတယ်ဆိုတဲ့ စုံစမ်းတွေ့ရှိချက်တွေအရ အထက်ပါအတိုင်း ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်တယ်လို့ ဒေသအစိုးရအဖွဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ Datuk Seri Adnan Md Ikshan က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း အဆိုပါ ဝင်ရောက်စီးနင်းတာဟာ မလေးရှားလူ့အဖွဲ့အစည်းအတွင်း LGBT ယဉ်ကျေးမှုတွေ စိမ့်ဝင်ပျံ့နှံနေတာတွေကို လျော့ပါးစေရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့တော့ pinknews သတင်းဌာနရဲ့ ဝဘ်ဆိုက်ဒ်စာမျက်နှာရဲ့ သတင်းခေါင်းစီးအပိုဒ်မှာ ရေးသားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.