ဩစတြေးလျနိုင်ငံမှာ အာဖဂန်ဆယ်ကျော်သက်တစ်ဦးကို ဂေးပုံစံ အမူအရာမျိုး ရှိမနေတဲ့အတွက် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားမှုပယ်ဖျက်
လိင်စိတ်ကိုင်းညွတ်မှု ကွဲပြားသူတွေ (LGBT) ရဲ့ ပုံစံ အသွင်အပြင် အမူအရာမျိုး ရှိမနေတဲ့အတွက် အာဖဂန်နစ္စတန်နိုင်ငံက ဆယ်ကျော်သက် လူငယ်တစ်ဦးရဲ့ နိုင်ငံသားခိုလှုံခွင့် လျှောက်ထားမှုကို ဩစတြေးလျနိုင်ငံက ငြင်းပယ်ခဲ့ကြောင်း ဩဂုတ်လ (၁၅)ရက်စွဲပါ ဂါးဒီးယန်း သတင်းဌာနရဲ့ ဝဘ်ဆိုက်ဒ်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ လိင်တူချင်း ချစ်ခင်စုံမက်ပေါင်းသင်းမှုဟာ ဥပဒေအရ တရားမဝင်သော်လည်း ၎င်းရဲ့လိင်စိတ်ကိုင်းညွတ်မှုကြောင့် ဖမ်းဆီးအရေးယူခံရဖို့ စိုးရိမ်စရာအကြောင်းမရှိဘူးလို့ အာဏာပိုင်တွေက သုံးသပ်ခဲ့တယ်လို့ ဆိုပါတယ်။
အာဖဂန်ဆယ်ကျော်သက်ရဲ့ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအရာရှိရဲ့ အကဲဖြတ်မှု အစီရင်ခံစာမှာတော့ အဆိုပါ အာဖဂန်အမျိုးသားရဲ့ အပြုအမူ၊ အနေအထိုင်၊ အပြောအဆိုမှာ လိင်တူချစ်သူတစ်ယောက်ရဲ့ အသွင်အပြင်အမူအရာမျိုး တစ်စိုးတစိမျှ မရှိဘူးလို့ ဖော်ပြခဲ့ပါတယ်။
အသက် (၁၈)နှစ်ရှိပြီဖြစ်တဲ့ အဆိုပါ အာဖဂန်အမျိုးသားကတော့ ၎င်းအနေဖြင့် သူ့ရဲ့လိင်စိတ်ကိုင်းညွတ်မှုကို အသက်(၁၂) အရွယ်ကတည်းက စတင်သိရှိခဲ့ပြီး အမျိုးသားတစ်ဦးကို နမ်းရှုပ်ခဲ့ဖူးတဲ့အတွက် ၎င်းအပြုအမူမျိုးကို နောက်ထပ် ပြုလုပ်မိပါက အန္တရာယ်ကျရောက်နိုင်တယ်လို့ ၎င်းရဲ့နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားစဉ်မှာ ဖော်ပြခဲ့ပါတယ်။
နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားမှုနဲ့ပတ်သက်ပြီး ကိုင်တွယ်တဲ့ အရာရှိကတော့ အဆိုပါ အာဖဂန်အမျိုး သားဟာ တစ်ဦးတည်း အထီးတည်းနေတတ်ပြီး တစ်ခါတစ်ရံမှသာ လူအနည်းငယ်နဲ့ နေတတ်တဲ့အတွက် မေးခွန်းထုတ်စရာလည်း ဖြစ်နေတယ်လို့ ၎င်းရဲ့အစီရင်ခံစာမှာ ရေးသားထားပါတယ်။
၎င်းအပြင် အဆိုပါ အာဖဂန်ဆယ်ကျော်သက် အမျိုးသားဟာ လိင်စိတ်ကိုင်းညွတ်မှု ကွဲပြားသူတွေ (LGBT) တွေမှာ တွေ့ရလေ့မရှိတဲ့ ကြမ်းတမ်းခက်ထန် ရန်လိုတဲ့ အမူအရာမျိုးတွေ ရှိနေပြီး ၎င်းအနေနဲ့ ခေတ္တနေထိုင်ရာ ပတ်ဝန်းကျင်မှာလည်း ခိုက်ရန်ဖြစ်ပွားမှုတွေ ရှိခဲ့သေးတယ်လို့ ဆိုပါတယ်။